အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေး ကြိုးပမ်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆွေးနွေး 

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေး ကြိုးပမ်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆွေးနွေး 
Published 13 September 2023

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) ၏ အုပ်ချုပ်မှုအဖွဲ့ (Board of Governors)  အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေး ကြိုးပမ်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

အစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က IAEA ၏ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးချမှုမြှင့်တင်ရေး ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးမှုများ အတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တာဝန်သိစွာဖြင့် နှစ်စဉ်ကြေးများ ပုံမှန်ထည့်ဝင်လျက်ရှိကြောင်း၊ နည်းပညာဆိုင်ရာကူညီပံ့ပိုးမှုများ တိုးမြှင့်ပေးအပ်ရန် မေတ္တာရပ်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတက်ရေးစီမံကိန်း (MSDP) ကို အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သောစွမ်းအင်ပံ့ပိုးပေးရန် ကြိုးပမ်းလျက်ရှိပြီး၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် နည်းပညာများအား ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းလျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နျူကလီးယားစွမ်းအင်သည် ဖြစ်နိုင်ချေရှိသော စွမ်းအင်အရင်းအမြစ်တစ်ခုအဖြစ် မှတ်ယူကြောင်း၊ ယင်းကဏ္ဍတွင် IAEA ၏ ကူညီပံ့ပိုးမှုကို ရရှိလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအစိုးရနှင့် ရုရှားနိုင်ငံအစိုးရတို့အကြား “နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်”၊ “အဏုမြူစွမ်းအင်နယ်ပယ်ဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှုအရည် အသွေး ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ” နှင့် နျူကလီးယား စွမ်းအင်အပေါ် ပြည်သူလူထု၏အပြုသဘောဆောင်သော သဘောထားအမြင်များရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ” တို့အား လက်မှတ်ရေးထိုးလျက် ပူးပေါင်းဆောင်ရွက်နေမှု၊ ယင်းသို့ပူးပေါင်းဆောင်ရွက်ရာတွင် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ထားရှိမှုတို့ကိုလည်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် IAEA ၏ Rays of Hope၊ NUTEC Plastics နှင့် ZODIAC စီမံကိန်းများအောက်မှ ကင်ဆာရောဂါ၊ တိရစ္ဆာန်မှလူသို့ ကူးစက်မှုရောဂါများနှင့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးဆောင်ရွက်နေမှုများနှင့် အစားအစာဖူလုံရေးအတွက် ဆောင်ရွက်မည့် Atoms4Food စီမံကိန်းသစ်တို့အပေါ် ထောက်ခံလျက် အဆိုပါစီမံကိန်းများကို နိုင်ငံအားလုံးက အကျိုးခံစားခွင့်ရှိရေး မြန်မာအမြဲတမ်းကိုယ်စားလှယ်က တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent