Barbie ရုပ်ရှင်သည် မကြာသေးမီက ၎င်းအပေါ် သက်ရောက်မှုအရှိဆုံးရုပ်ရှင်ဖြစ်ဟု BTS အဖွဲ့ဝင် ဗွီ ပြောကြား

Barbie ရုပ်ရှင်သည် မကြာသေးမီက ၎င်းအပေါ် သက်ရောက်မှုအရှိဆုံးရုပ်ရှင်ဖြစ်ဟု BTS အဖွဲ့ဝင် ဗွီ ပြောကြား
Photo - Allkpop
Photo - Allkpop
Published 26 August 2023

တောင်ကိုရီးယားနာမည်ကျော် K-Pop အဖွဲ့ BTS ၏ အဖွဲ့ဝင်ဗွီက Barbie ရုပ်ရှင်သည် ၎င်းအပေါ် လေးလေးနက်နက်သက် ရောက်မှုရှိသည်ဟု W Korea မဂ္ဂဇင်းနှင့်အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဗွီက ယင်းအင်တာဗျူးတွင် ၎င်း၏စိတ်ကူးများ၊ စိတ်ခံစားချက်များနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများအပြင် ၎င်း၏အချစ်ဆုံးခွေးလေး Yeontan ၏အကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။

ခွေးလေး Yeontan နှင့်ပတ်သက်၍ ဗွီက “Yeontan က အရမ်းစားပါတယ်။ ကျွန်တော် သူ့ကို အစာအမြဲကျွေးရတယ်။ သူ့ကို မကြာသေးမီကမှ အမွှေးလေးတွေ ညှပ်ပေးထားတယ်။ သူက အရမ်းချစ်ဖို့ကောင်းပါတယ်”ဟု ဆိုသည်။

W Korea မဂ္ဂဇင်းက ၎င်းလတ်တလော ကြည့်ရှုခဲ့သည့် ရုပ်ရှင်ကားကောင်းတစ်ကားကို ပြောပြပါဟု မေးမြန်းခဲ့ရာ၌ ဗွီက “ကျွန်တော် Barbie ရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်က ကျွန်တော် လတ်တလောကြည့် ဖြစ်တဲ့ရုပ်ရှင်တွေထဲမှာ ကျွန်တော့်အပေါ် သက်ရောက်မှုအရှိဆုံး ရုပ်ရှင်ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဗွီက ၎င်း၏အယ်လ်ဘမ်အသစ်နှင့်ပတ်သက်၍လည်း “ကျွန်တော့်ရဲ့သီချင်းတွေကို  မျက်မှောက်ခေတ်ကာလနဲ့ လူတွေကြိုက်လောက်မယ့်ပုံစံမျိုး ဖန်တီးဖို့ ကြိုးစားခဲ့ပါတယ်။ နေဝင်တဲ့အချိန် ကားမောင်းရင် အလုပ်ကအပြန် နားထောင်ဖို့ အကောင်းဆုံးသီချင်းပုံစံမျိုးတွေပေါ့”ဟု ဖြေကြားခဲ့သည်။

ဗွီ၏ ပထမဆုံး တစ်ကိုယ်တော် အသေးစားအယ်လ်ဘမ်ဖြစ်သည့် Layover ကို စက်တင်ဘာ ၈ ရက်တွင် ဖြန့်ချိသွားမည်ဖြစ်သည်ဟု သိရသည်။