ကမ္ဘောဒီးယားပါလီမန်က ဟွန်ဆန်၏သားဖြစ်သူကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်တင်မြှောက်

ကမ္ဘောဒီးယားပါလီမန်က ဟွန်ဆန်၏သားဖြစ်သူကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်တင်မြှောက်
ကမ္ဘောဒီးယားဝန်ကြီးချုပ်သစ် ဟွန်မာနက် အမျိုးသားလွှတ်တော် အဆောက်အအုံတွင်ကျင်းပသည့် ပါလီမန်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ်(Photo: AFP)
ကမ္ဘောဒီးယားဝန်ကြီးချုပ်သစ် ဟွန်မာနက် အမျိုးသားလွှတ်တော် အဆောက်အအုံတွင်ကျင်းပသည့် ပါလီမန်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ်(Photo: AFP)
Published 22 August 2023

သြဂုတ် ၂၂ ရက်က ကမ္ဘောဒီးယားပါလီမန်သည် တိုင်းပြည်ကို ကာလကြာမြင့်စွာအုပ်ချုပ်ခဲ့သည့် ခေါင်းဆောင်ဟွန်ဆန်၏သားဖြစ်သူ ဟွန်မာနက်ကို ဝန်ကြီးချုပ်သစ်အဖြစ်ရွေး ကောက်တင်မြှောက်ခဲ့သည်။

ပြီးခဲ့သည့်လတွင် ကျင်းပခဲ့သည့် တစ်ဖက်သတ် ရွေးကောက်ပွဲအပြီးတွင် သားစဉ်မြေးဆက် အုပ်ချုပ်မှုဆန်ဆန် အာဏာလွှဲပြောင်းမှုကို အခိုင်အမာ လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP)က သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် သက်တမ်းအကြာဆုံး အုပ်ချုပ်နေသည့်ခေါင်း ဆောင်များအနက်မှ တစ်ဦးဖြစ်သည့် ဟွန်ဆန်က ၎င်းရာထူးမှ အနားယူတော့မည်ဟု ကြေညာခဲ့ပြီး အကြီးဆုံးသားဖြစ်သူထံ အာဏာလွှဲပြောင်းပေးခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များက တစ်ခုတည်းသော မည်မည်ရရ အတိုက်အခံပါတီဖြစ်သည့် Candlelight ပါတီကို လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်ဟုဆိုကာရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပြီးနောက် CPP အနေဖြင့် မဲအရေအတွက်အားလုံး၏ ၈၂ ရာခိုင်နှုန်းရရှိကာ အမတ်နေရာ ၁၂၅ နေရာရှိ အောက်လွှတ်တော်တွင် ငါးနေရာမှအပ ကျန်နေရာအားလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။

သြဂုတ် ၂၂ ရက်က မြို့တော်ဖနွမ်းပင်ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံတွင် ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် အသက် ၄၅ နှစ်အရွယ် ဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် တညီတညွတ်တည်း တင်မြှောက်ကြောင်း ၎င်းအစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ဟန်ဆမ်ရင်က ကြေညာခဲ့သည်။

ပါလီမန်၏ မဲခွဲအတည်ပြုမှုအပြီးတွင် ဟွန်မာနက်က လွှတ်တော်အမတ်များကိုမိန့်ခွန်းပြောကြားခဲ့ပြီး ယနေ့သည် ကမ္ဘောဒီးယား နိုင်ငံအတွက် သမိုင်းဝင်နေ့တစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဓိကအားဖြင့် အဆောင်အယောင်ရာ ထူးမျှသာဖြစ်သည့် ကမ္ဘောဒီးယားဘုရင် နော်ရိုဒုန် စီဟာမိုနီသည် သြဂုတ် ၂၁ ရက်တွင် ကမ္ဘောဒီးယားပါလီမန်သစ်၏ အစည်းအဝေးကို ဖွင့်လှစ်ပေးခဲ့ပြီး ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးဖြစ်သူ ဟွန်မာနက်ကို ခေါင်းဆောင်သစ်အဖြစ် ရွေးကောက်တင်မြှောက်နိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။

ဝန်ကြီးချုပ်သစ် ဟွန်မာနက်က ၎င်း၏ အစိုးရသစ်သည် တိုင်းပြည်စီးပွားရေးကောင်း မွန်စေရန် ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကာ သာယာဝပြောသည့် တိုင်းပြည်တစ်ခုအဖြစ် ဖန်တီးတည်ဆောက်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်မွေးမှုနှင့် ရာသီဥတုပြောင်းလဲမှု ကိစ္စရပ်တို့ကိုလည်း အလေးထားဆောင်ရွက် သွားမည်ဟု ဆိုသည်။

ဟွန်မာနက်၏ အစိုးရသစ်တွင် ၎င်း၏ ဆွေမျိုးသားချင်းများ၊ ဝန်ကြီးချုပ်ဟောင်းဟွန် ဆန်၏ မဟာမိတ်များ၏ သားသမီးများကို ထိပ်ပိုင်းရာထူးတာဝန်များ အပ်နှင်းထားသည်။

ဟွန်ဆန်၏အငယ်ဆုံးသားဖြစ်သူ ဟွန်မာနီသည် အစိုးရဌာနများကို ကြီးကြပ်ကိုင်တွယ်ရသည့် ဝန်ကြီးဖြစ်လာမည်ဖြစ်ပြီး လက်ရှိတွင် နိုင်ငံတော်ရဲချုပ်အဖြစ် တာဝန်ယူထားသည့် ၎င်း၏တူဖြစ်သူ နက်သ်ဆယ်ဗွန်းသည်လည်း ဒုတိယဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

လက်ရှိ ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးတို့၏ သားဖြစ်သူတို့သည် ၎င်းတို့ဖခင်၏ ရာထူးနေရာကို လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ပြစ်တင်ခံရပြီး အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့က ၎င်းရွေးကောက်ပွဲသည် လွတ်လပ်မျှတမှုမ ရှိဟုဆိုကာ ပြစ်တင်ရှုတ်ချထားသည်။

Ref: AFP

                            

Most Read

Most Recent