လိင်ပိုင်းဆိုင်ရာထိပါးသည့် ပြကွက်များကြောင့် ဟန်ဂျီမင်၏ Behind Your Touch ဇာတ်လမ်းတွဲ မပြမီကတည်းက ဝေဖန်ခံနေရ

လိင်ပိုင်းဆိုင်ရာထိပါးသည့် ပြကွက်များကြောင့် ဟန်ဂျီမင်၏ Behind Your Touch ဇာတ်လမ်းတွဲ မပြမီကတည်းက ဝေဖန်ခံနေရ
Published 9 August 2023

နာမည်ကျော်တောင်ကိုရီးယားမင်းသမီး ဟန်ဂျီမင် အဓိကသရုပ်ဆောင်ထားသည့် Behind Your Touch ဇာတ်လမ်းတွဲမှာ မပြရသေးသော်လည်း ဇာတ်လမ်းအမြည်းနှင့်ပင် ဝေဖန်ခံနေရသည်။

သြဂုတ် ၁၂ ရက်တွင်စပြမည့် ယင်းဇာတ်လမ်းတွဲကို YouTube ချန်နယ် JTBC က သြဂုတ် ၆ ရက်က အမြည်းဗီဒီယိုတင်ခဲ့ပြီး ဇာတ်လမ်းထဲတွင် ခေါင်းဆောင်မင်း သမီးဟန်ဂျီမင်က တိရစ္ဆာန်ဆေးကုဆရာဝန်  ဖြစ်သည်။

သို့သော် သူပါဝင်ရသည့်ဇာတ်ရုပ်က တိရစ္ဆာန်များ၊ လူသားများကို ထိတွေ့လိုက်သည်နှင့် သူတို့၏အတိတ်ကိုမြင်နိုင်သည့် စွမ်းရည်ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ပြဿနာက တင်ပါးကို ထိလိုက်မှသာ လူတစ်ဦး၏အတိတ်ကို သိရသည်။

လက်ရှိတွင် အမြည်းဗီဒီယိုလေးခုထွက်ထားပြီး ဗီဒီယိုအားလုံးတွင် ဟန်ဂျီမင်က အမျိုးသားများ၏ တင်ပါးကိုကိုင်သည့် ဇာတ်ဝင်ခန်းများပါနေသဖြင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ထိပါးမှုကို အားပေးနေသည်ဆိုသည့် အထင်အမြင်များ ဖြစ်လာကြသည်။

 ဆိုရှယ်မီဒီယာတွင် ယင်းဇာတ်လမ်းတွဲကို ဝေဖန်မှတ်ချက်ပေးသူများက မင်းသမီးဟန်ဂျီမင်ကို ယခုဇာတ်ရုပ်မျိုးဖြင့် မြင်ရသည့်အတွက် နှမျောနေကြသည်။

“ဇာတ်လမ်းရေးသူက စိတ်ပုံမှန်ရောဟုတ်ရဲ့လား။ မိန်းကလေးတွေရဲ့ရင်ဘတ်ကို ထိပြီး အတိတ်ကိုဖတ်တဲ့ မင်းသားဇာတ်လမ်းရော ရေးပြီးကြပြီလား” ဟု ခနဲ့မေးသူလည်းရှိကာ “ဟန်ဂျီမင်က သရုပ်ဆောင်ကောင်းတဲ့ သူ၊ တကယ့်ကို ဝမ်းနည်းစရာပဲ” ဟု ပြောသူလည်းရှိသည်။ အချို့က “သူတို့ဒါကို တကယ်ပဲ ပြသခွင့်ပြုတာလား” ဟုဆိုကာ အံ့သြနေကြသည်။

Most Read

Most Recent