ဟွန်ဆန်၏သားဖြစ်သူ ဟွန်မာနက်ကို ဝန်ကြီးချုပ်သစ်အဖြစ် ကမ္ဘောဒီးယားဘုရင် ခန့်အပ်

ဟွန်ဆန်၏သားဖြစ်သူ ဟွန်မာနက်ကို ဝန်ကြီးချုပ်သစ်အဖြစ် ကမ္ဘောဒီးယားဘုရင် ခန့်အပ်
ဇူလိုင် ၂၃ ရက်က မြို့တော်ဖနွမ်းပင်ရှိ မဲရုံတစ်ရုံတွင် မဲပေးပြီးနောက် ပြန်ထွက်လာသည့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်တပ်မှူးနှင့် ဟွန်ဆန်၏အကြီးဆုံးသားဖြစ်သူ ဟွန်မာနက်ကိုတွေ့ရစဉ် (Photo: AFP)
ဇူလိုင် ၂၃ ရက်က မြို့တော်ဖနွမ်းပင်ရှိ မဲရုံတစ်ရုံတွင် မဲပေးပြီးနောက် ပြန်ထွက်လာသည့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်တပ်မှူးနှင့် ဟွန်ဆန်၏အကြီးဆုံးသားဖြစ်သူ ဟွန်မာနက်ကိုတွေ့ရစဉ် (Photo: AFP)
Published 7 August 2023

ကမ္ဘောဒီးယားကို ဆယ်စုနှစ်လေးခုနီးပါး အုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်း၏အရိုက်အရာကို ဆက်ခံရန် သားဖြစ်သူ ဟွန်မာနက်ထံ လွှဲအပ်ခဲ့ပြီးနောက် သြဂုတ် ၇ ရက်တွင် ကမ္ဘောဒီးယားဘုရင်က ၎င်းကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့သည်။

ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ကမ္ဘောဒီးယား၏ အာဏာရပြည်သူ့ပါတီ (CPP)က သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် သက်တမ်းအကြာဆုံး အုပ်ချုပ်နေသည့်ခေါင်း ဆောင်များအနက်မှ တစ်ဦးဖြစ်သည့် ဟွန်ဆန်က ၎င်းရာထူးမှ အနားယူတော့မည်ဟု ကြေညာခဲ့ပြီး အကြီးဆုံးသားဖြစ်သူထံ အာဏာလွှဲပြောင်းပေးခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များက တစ်ခုတည်းသော မည်မည်ရရ အတိုက်အခံပါတီဖြစ်သည့် Candlelight ပါတီကို လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်ဟုဆိုကာရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပြီးနောက် CPP အနေဖြင့် မဲအရေအတွက်အားလုံး၏ ၈၂ ရာခိုင်နှုန်းရရှိကာ အမတ်နေရာ ၁၂၅ နေရာရှိ အောက်လွှတ်တော်တွင် ငါးနေရာမှအပ ကျန်နေရာအားလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် ထိုရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြစ်တင်ခံခဲ့ရပြီး အမေရိကန် ပြည်ထောင်စု၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့က ၎င်းရွေးကောက်ပွဲသည် လွတ်လပ်မျှတမှုမရှိ ဟုဆိုကာ ပြစ်တင်ရှုတ်ချထားသည်။

ဟွန်ဆန်က မေတ္တာရပ်ခံချက်အရက မ္ဘောဒီးယားဘုရင် နော်ရိုဒုန်စီဟာမိုနီက ဒေါက်တာဟွန်မာနက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ကြေညာသည့် ဘုရင့်အမိန့်ကို သြဂုတ် ၇ ရက်တွင်ထုတ် ပြန်ခဲ့သည်။

သို့သော် အသက် ၄၅ နှစ်အရွယ် ဟွန်မာနက်နှင့် ၎င်း၏အစိုးရသစ်ကို တရားဝင်တင်မြှောက်ရန်အတွက် သြဂုတ် ၂၂ ရက်တွင် ပြုလုပ်မည့် မဲခွဲဆုံးဖြတ်မှုတွင် လွှတ်တော်၏ထောက်ခံမှုကို ရရှိရန်လိုအပ်မည်ဖြစ်သည်။

နောက်တက်မည့် အစိုးရသစ်တွင် လူငယ်ဝန်ကြီး အများအပြားပါဝင်လာမည်ဖြစ်ပြီး ၎င်းတို့အနက်မှ အချို့သည် ၎င်းတို့ဖခင်များ စွန့်ခွာသွားသည့် ရာထူးနေရာများကို ဆက်ခံမည့် သူများဖြစ်ကြသည်။

ဟွန်ဆန်က သားဖြစ်သူ၏ စီမံအုပ်ချုပ်မှုများတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟု ပြောဆိုထားသော်လည်း ၎င်းသည် ကမ္ဘောဒီးယား နိုင်ငံရေးကို ဆက်လက်လွှမ်းမိုးချုပ်ကိုင်ထားမည်ဟု ပြောဆိုထားသည်။

ဟွန်ဆန်သည် ၁၉၈၅ ခုနှစ်တွင် အာဏာရလာခဲ့စဉ်က ၎င်း၏အသက်မှာ ၃၂ နှစ်သာရှိသေးသည်။ သူသည် ပြည်တွင်းစစ်ဒဏ်နှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့ကြောင့် အကြီးအကျယ် ယိုယွင်းပျက်စီးနေသည့် တိုင်းပြည်ကို ခေတ်မီအောင်တည်ဆောက်ရာတွင် အထောက်အကူပေးခဲ့သည်။ သိုု့သော် ၎င်းအုပ်စိုးခဲ့သည့် ကာလတစ်လျှောက်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး အဂတိလိုက်စားမှု အမြစ်တွယ်ခဲ့ကာ နိုင်ငံရေးပြိုင်ဘက်အားလုံးနီးပါး ဖယ်ရှားခံခဲ့ရသည်ဟု ဝေဖန်သုံးသပ်သူများက ဆိုသည်။

ပြီးခဲ့သည့်လတွင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲသည်လည်း လွတ်လပ်မျှတမှုမရှိဟု ဆိုသော ဝေဖန်ရှုတ်ချမှုများနှင့် စွပ်စွဲမှုများကို ဟွန်ဆန်ကပယ်ချခဲ့ပြီး သားဖြစ်သူထံအာဏာလွှဲပေးခဲ့ခြင်းမှာ တာဝန်ထမ်းဆောင်စဉ်အတွင်း ၎င်းကွယ်လွန်သွားပါက သွေးထွက်သံယို အခြေအနေများကို ရှောင်လွှဲရန်နှင့် ငြိမ်းချမ်းမှုကို ထိန်းသိမ်းရန်အတွက်သာ ဖြစ်သည်ဟု ပြောဆိုထားသည်။

၎င်း၏သားဖြစ်သူ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမျိုး ကြုံလာခဲ့လျှင်လည်း ၎င်းဝန်ကြီးချုပ် ပြန်ဖြစ်လာမည်ဟု ဟွန်ဆန်ကဆိုသည်။ ၎င်း၏သားဖြစ်သူ ဟွန်မာနက်မှာ ဗြိတိန်နှင့် အမေရိကန်တို့တွင်ပညာ သင်ကြားခဲ့သည့်တိုင် ဖခင်အုပ်စိုးစဉ်ကာလကထက် ပိုမိုလွတ်လပ်ပွင့်လင်းသည့် လမ်းကြောင်းကို ဖန်တီးလိမ့်မည်ဟူသောမျှော်လင့်မှုများ အနည်းအကျဉ်းသာရှိသည်။

Ref: AFP

Most Read

Most Recent