အခြေခံစားသောက်ကုန်စျေးနှုန်းများ အပါအဝင် ကုန်စျေးနှုန်းတည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်ရန် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ ဖွဲ့စည်း

အခြေခံစားသောက်ကုန်စျေးနှုန်းများ အပါအဝင် ကုန်စျေးနှုန်းတည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်ရန် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ ဖွဲ့စည်း
Published 1 August 2023

ပြည်သူများ၏ စားဝတ်နေရေးပြေလည်မှုကို ရှေးရှု၍ အခြေခံစားသောက်ကုန်စျေးနှုန်းများ အပါအဝင် ကုန်စျေးနှုန်းတည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်ရန် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဇူလိုင် ၂၇ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က တာဝန်ယူမည်ဖြစ်သည်။

အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန်များတွင် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ စျေးနှုန်းများတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန်၊ အခြေခံစားကုန် ပစ္စည်းတစ်မျိုးစီ၏ ပြည်တွင်းစားသုံးရန် လိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏတို့ကို ချိန်ဆ၍ ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ရန်၊ ဒေသများအလိုက် ကုန်စျေးနှုန်းများ တည်ငြိမ်စေရန် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများအတွက် အဖွဲ့အစည်းများ ဖွဲ့စည်းတာဝန်ပေးရန်နှင့် ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့်ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ်ကြီးမြင့်ခြင်း၊ ကြားခံအဆင့် များပြားခြင်း၊ သယ်ယူရာတွင် လမ်းခရီး၌ မလိုအပ်ဘဲ ထိန်းချုပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် ဆိုသည့်အချက်များ ပါဝင်သည်။

ထို့အတူ ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးနှင့် လုံလောက်စွာ ဝင်ရောက်ရေး၊ အဝင်အထွက် မှန်ကန်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ပေးရန်၊ အခြေခံစားကုန်ပစ္စည်းများ ထုတ်လုပ်မှုတိုးချဲ့နိုင်ရေးအတွက် လိုအပ်လျှင် ကူညီပံ့ပိုးမှုများ ညှိနှိုင်းဖြည့်ဆည်းပေးရန်နှင့် အခြေခံစားကုန်ပစ္စည်းများကို ကုန်စျေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်၊ အခြေခံစားကုန်ပစ္စည်း ထုတ်လုပ်မှုတွင် အဓိကဖြစ်သော လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့၌ ထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် လိုအပ်သော ပံ့ပိုးမှုများပေးခြင်း၊ တစ်နိုင်စိုက်ပျိုးရေးနှင့် တစ်နိုင်မွေးမြူရေးတို့ကို အားပေးခြင်းစသည့် စည်းရုံးရေး၊ စီးပွားရေးနည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာအောင် နည်းလမ်းများ ရှာဖွေပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အချက်များကိုလည်း ထည့်သွင်းထားသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ စျေးနှုန်းမြင့်တက်ခြင်း၊ စျေးကစားခြင်းနှင့် စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက် ထားရန်ဆိုသည့်အချက်ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

Most Read

Most Recent