ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် လွဲချော်ခဲ့သည့် ဒေါသနှင့် စိတ်ပျက်မှုများကို အသုံးချကာ အောင်မြင်မှုအတွက် ကြိုးစားရန် အော်ဒီဂွါ တိုက်တွန်း

ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် လွဲချော်ခဲ့သည့် ဒေါသနှင့် စိတ်ပျက်မှုများကို အသုံးချကာ အောင်မြင်မှုအတွက် ကြိုးစားရန် အော်ဒီဂွါ တိုက်တွန်း
Photo: Arsenal Twitter
Photo: Arsenal Twitter
Published 20 July 2023

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါက ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည့် ဒေါသနှင့် စိတ်ပျက်မှုများကို အသုံးချကာ အောင်မြင်မှုများ ရရှိရန်အတွက် ကြိုးစားကြရန် အသင်းဖော်များကို တိုက်တွန်းပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယားကို တောက်လျှောက်ဦးဆောင်ခဲ့သော်လည်း ရာသီကုန်ခါနီးတွင် ခြေချော်ကာ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီး ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

အာဆင်နယ်အသင်းသည် လက်ရှိတွင် ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီး ရာသီသစ်အတွက် ယခုကတည်းက ပြင်ဆင်ထားရန် လိုအပ်ကြောင်း အော်ဒီဂွါက ပြောကြားခဲ့ခြင်းဖြစ်သည်။

အော်ဒီဂွါက ''ကျွန်တော်တို့အနေနဲ့ ကစားတဲ့အချိန်တိုင်းမှာ အနိုင်ရချင်ပါတယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တို့မှာမဟုတ်ဘဲ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း နိုင်ချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းကို အောင်မြင်မှုတွေနဲ့ ယဉ်ပါးအောင် တည်ဆောက်ရမှာပါ။ ရာသီကြိုကာလတွေဟာ အဲဒီလိုတည်ဆောက်ဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့နှစ်က ကြုံတွေ့ခဲ့ရတာတွေကို သင်ခန်းစာယူဖို့လိုသလို၊ စိတ်ပျက်မှုတွေနဲ့ ဒေါသတွေကို အသုံးချဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ချန်ပီယံဆုနဲ့ အရမ်းနီးကပ်ခဲ့ပြီးမှ မယူနိုင်ခဲ့လို့ နာကျင်ရပါတယ်။ အဲဒီနာကျင်မှုဟာ အခုထိ ခံစားနေရဆဲဖြစ်ပြီး ဒါကို အကောင်းဘက်မှာအသုံးချဖို့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့ပြင် အော်ဒီဂွါက ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် လွဲချော်ခြင်းအပေါ် လက်ခံရန်ခက်ခဲကြောင်းနှင့် အနာဂတ်တွင် ဆုဖလားများရယူသွားရန် ပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent