ဂွါဒီယိုလာ၏ ဖလားသုံးလုံးချန်ပီယံအသင်းချင်း ယှဉ်ပြိုင်ပါက မန်စီးတီးကို ဘာစီလိုနာအသင်း သေချာပေါက်အနိုင်ရရှိမည်ဟု ယာယာတိုရေး ပြောကြား

ဂွါဒီယိုလာ၏ ဖလားသုံးလုံးချန်ပီယံအသင်းချင်း ယှဉ်ပြိုင်ပါက မန်စီးတီးကို ဘာစီလိုနာအသင်း သေချာပေါက်အနိုင်ရရှိမည်ဟု ယာယာတိုရေး ပြောကြား
Photo: Daily Mail
Photo: Daily Mail
Published 10 July 2023

ဘာစီလိုနာနှင့် မန်စီးတီးနှစ်သင်းစလုံးတွင် နည်းပြ ဂွါဒီယိုလာနှင့် လက်တွဲခဲ့ဖူးသော အိုင်ဗရီကို့စ်ကွင်းလယ်ကစားသမား ယာယာတိုရေးက ဂွါဒီယိုလာ၏ ဖလားသုံးလုံးချန်ပီယံအသင်းချင်း ယှဉ်ပြိုင်ပါက မန်စီးတီးကို ဘာစီလိုနာအသင်း သေချာပေါက်အနိုင်ရရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

ယာယာတိုရေးသည် အဆိုပါအသင်းနှစ်သင်းစလုံး၌ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်း ဖလား(၃)လုံးအောင်ပွဲ ရရှိရာတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် ၂၀၀၈-၀၉ ရာသီ ဖလားသုံးလုံးချန်ပီယံ ဘာစီလိုနာအသင်းနှင့် ၂၀၂၂-၂၃ ရာသီ ဖလားသုံးလုံးချန်ပီယံ မန်စီးတီးအသင်းတို့အနက် မည်သည့်အသင်း ပိုကောင်းပြီး ယှဉ်ပြိုင်ကစားမည်ဆိုပါက မည်သည့်အသင်း အနိုင်ရရှိမည်ထင်သနည်းဟု မေးမြန်းခဲ့ရာ ယာယာတိုရေးက ဘာစီလိုနာအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

''ဘာစီလိုနာအသင်းက အဲဒီအချိန်မှာ အွန်နရီ၊ မက်ဆီနဲ့ အီတူးတို့လို ကမ္ဘာ့အကောင်းဆုံးတွေကို ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ အင်နီယေစတာနဲ့ ဇာဗီလည်း ရှိတယ်။ ပြီးတော့ ကျွန်တော်နဲ့ ဘူးစကွက်စ် ရှိတယ်။ အသင်းက အလွန်ပြည့်စုံပါတယ်။ နှိုင်းယှဉ်ဖို့ ခက်ပေမဲ့ အဲဒီ ဘာစီလိုနာအသင်းက စူပါစတားတွေနဲ့ ဖွဲ့စည်းထားပြီး ထိပ်တန်းကစားသမားတွေ အများကြီးရှိနေတာပါ။ သူတို့ နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ (၁၀၀)ရာခိုင်နှုန်းပါပဲ''ဟု ယာယာတိုရေးက ပြောကြားခဲ့သည်။

ထို့ပြင် ထိုအချိန်က ဘာစီလိုနာအသင်း၏ ကစားသမားအင်အားမှာ အိပ်မက်ဆန်လွန်းပြီး ကစားသမားအများစု၏ အကောင်းဆုံးအချိန်အခါဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

''အင်နီယေစတာက (၂၆၊ ၂၇)လောက်ပေါ့။ ဇာဗီက (၂၈)။ အဲဒီကစားသမားတွေအတွက် မယုံနိုင်စရာအခိုက်အတန့်တွေပါပဲ'' ဟု သုံးသပ်ခဲ့သည်။

ယာယာတိုရေးသည် ဘာစီလိုနာအသင်းတွင် (၃) ရာသီယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ၂၀၁၀-၁၁ ရာသီတွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း(၈)ရာသီ ယှဉ်ပြိုင်ကစားခဲ့သည်။

၂၀၁၆-၁၇ ရာသီတွင် ဂွါဒီယိုလာနှင့် ပြန်လည်လက်တွဲခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းကာလတွင် ပရီးမီးယားလိဂ်ချန်ပီယံဆု တစ်ကြိမ် ရယူနိုင်ခဲ့သည်။

ယာယာတိုရေးက မန်စီးတီးအသင်းသို့ စတင်ပြောင်းရွှေ့စဉ်ကတည်းက မြို့ခံပြိုင်ဘက် မန်ယူအသင်းကို ကျော်ဖြတ်၍ အင်္ဂလန်၏ ထိပ်ဆုံးနေရာကို ရောက်ရှိလာလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

''ကျွန်တော် စတင်ပွဲထွက်ကစားခဲ့ချိန်မှာပဲ ဒီအသင်းက ယူနိုက်တက်ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးရောက်လာမယ့်အသင်း ဖြစ်တာကြောင့် ဘာစီလိုနာကနေ ပြောင်းရွှေ့ခဲ့တာပါလို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်က စောလွန်းနေသေးတာကြောင့် လူတွေက သူ ဘာတွေ ပြောနေတာလဲလို့ တွေးကြပါတယ်။ အဂွဲရိုးနဲ့ ဒေးဗစ်ဆေးလ်ဗားတို့လို ထိပ်တန်းကစားသမားတွေလည်း မရှိသေးပါဘူး။ ဒါပေမဲ့ မကြာခင်မှာပဲ မန်စီးတီးအသင်းက ဘောလုံးကမ္ဘာက လေးစားရတဲ့အသင်း ဖြစ်လာခဲ့ပါတယ်''ဟု ယာယာတိုရေးက ပြောကြားခဲ့သည်။

ယာယာတိုရေးသည် လက်ရှိတွင် စတန်းဒတ်လိဂ်အသင်း၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသည်။

Most Read

Most Recent