အသက်လိမ်လည်မှု၊ မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်မှုဖြင့် ကင်မရွန်း ပြည်တွင်းလိဂ်မှ ကစားသမား(၆၂)ဦးအား ပွဲကစားခွင့် ရပ်ဆိုင်းထား

အသက်လိမ်လည်မှု၊ မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်မှုဖြင့် ကင်မရွန်း ပြည်တွင်းလိဂ်မှ ကစားသမား(၆၂)ဦးအား ပွဲကစားခွင့် ရပ်ဆိုင်းထား
Photo: X
Photo: X
Published 14 March 2024

အသက်လိမ်လည်မှု၊ မှတ်ပုံတင်နှစ်ခုကိုင်ဆောင်မှုဖြင့် ပြည်တွင်းလိဂ်မှ ကစားသမား (၆၂)ဦးကို ကင်မရွန်းဘောလုံးအဖွဲ့ချုပ်(Fecafoot)က ပြည်တွင်းလိဂ်ပွဲများကစားခွင့် ရပ်ဆိုင်းထားကြောင်း သိရသည်။

ယင်းကစားသမား(၆၂)ဦးတွင် မကြာသေးမီကမှ ကျင်းပပြီးစီးသွားသည့် ၂၀၂၃ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် ကင်မရွန်းလက်ရွေးစင်ကစားသမားတစ်ဦးလည်း ပါဝင်နေလျက်ရှိသည်။

အသက်(၁၇)နှစ်အရွယ်ရှိ ဒူအာလာသည် (၁၆)သင်းအဆင့်တွင် နိုင်ဂျီးရီးယားကို အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည့် ကင်မရွန်းအသင်းလူစာရင်းတွင် ရွေးချယ်ခံရသော်လည်း တစ်ပွဲမျှ ပါဝင်ကစားခွင့်မရခဲ့ကြောင်း သိရသည်။

ကင်မရွန်းအသင်းနည်းပြ ရီဂိုဘတ်ဆောင်းက လက်ရွေးစင်လူစာရင်းတွင် ထည့်သွင်းရွေးချယ်ခဲ့ချိန်တွင် ဒူအာလာ၏ရုပ်သွင်ပြင်ကြောင့် အမှန်တကယ် ဆယ်ကျော်သက်ကစားသမား ဖြစ်နိုင်ပါ့မလားဟု ယူဆချက်များ ပေါ်ထွက်လာပြီး လူမှုကွန်ရက်တွင် ဝေဖန်စရာဖြစ်ခဲ့သည်။

ပွဲကစားခွင့် ရပ်ဆိုင်းခံခဲ့ရသူများထဲတွင် ဗစ်တိုရီးယားယူနိုက်တက်အသင်းမှ ဒူအာလာအပါအဝင် ကစားသမား(၆)ဦးအထိ ပါဝင်နေကြောင်း သိရသည်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ စာရင်းပေးသွင်းမှုတွင် ဒူအာလာ၏ပုဂ္ဂိုလ်ရေးအချက်အလက် လိမ်လည်ထားကြောင်း စစ်ဆေးတွေ့ရှိလျှင် အာဖရိကချန်ပီယံ ငါးကြိမ်ဖြစ်ထားသည့် ကင်မရွန်းအသင်းအနေဖြင့် အနာဂတ်ပြိုင်ပွဲများမှ ပိတ်ပင်ခံရဖွယ်ရှိနေသည်။

ဒူအာလာသည် အစောပိုင်းက ကင်မရွန်းလိဂ်တွင် ဘာဒယ်လီအမည်ဖြင့် စာရင်းသွင်းထားပြီး ယင်းမှတ်တမ်းအရ အသက်(၂၁)နှစ်ကျော်နေပြီဖြစ်သည်။

BBC Sport အနေဖြင့် အာဖရိကဘောလုံးအဖွဲ့ချုပ်နှင့် ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်းမရှိကြောင်း သိရသည်။ 

Most Read

Most Recent