လီဗာပူးလ်အသင်း၏ အနိုင်ဂိုးကို ခွင့်မပြုသင့်ဟု ဝေဖန် ပြစ်တင်သူများစွာရှိနေ

လီဗာပူးလ်အသင်း၏ အနိုင်ဂိုးကို ခွင့်မပြုသင့်ဟု ဝေဖန် ပြစ်တင်သူများစွာရှိနေ
Photo : Getty Images
Photo : Getty Images
Published 4 March 2024

လီဗာပူးလ်အသင်းအနေဖြင့် နောတင်ဟမ်ဖောရက်စ်အသင်းကို စိတ်လှုပ်ရှားဖွယ်ကောင်းသည့် နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သော်လည်း အဆိုပါသွင်းဂိုးကို ခွင့်မပြုသင့်ကြောင်း၊ ဒိုင်လူကြီး၏ မှားယွင်းသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန်ပြစ်တင်သူများလည်း ရှိနေသည်။

နော်တင်ဟမ်အသင်း ထောင့်ကန်ဘောကန်ရာ၌ လီဗာပူးလ်နောက်ခံလူ ကိုနာတေး လဲကျသွားသည့်အတွက် ဒိုင်လူကြီး ပေါလ်တီယာနေးက ပွဲကို ရပ်တန့်ခဲ့သော်လည်း လီဗာပူးလ်ဂိုးသမားထံ ဘောလုံးပေးပြီး ပွဲကိုပြန်စစေခဲ့သည်။

ယင်းကဲ့သို့ ပြန်လည်စတင်ခဲ့သည့်ဘောလုံးမှတစ်ဆင့် လီဗာပူးလ်အသင်းက အနိုင်ဂိုး ရရှိသွားခဲ့ခြင်း ဖြစ်သောကြောင့် အလန်ရှီးယားနှင့် ဂျာမိန်းဂျီးနပ်စ်တို့က မှားယွင်းသည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ကြသလို၊ ဒိုင်လူကြီးဟောင်းများဖြစ်သည့် မိုက်ဒင်းန်နှင့် ကလက်တန်ဘတ်တို့ကလည်း ပေါလ်တီယာနေး၏ ဆုံးဖြတ်ချက်အမှားဖြစ်ကြောင်း ဝေဖန်ထောက်ပြခဲ့ကြသည်။

နော်တင်ဟမ်အသင်း၏ ဒိုင်လူကြီးသရုပ်ခွဲဆန်းစစ်သူအဖြစ်လည်း ဆောင်ရွက်နေသည့် ကလက်တန်ဘတ်က "ဒိုင်လူကြီးက ပွဲကိုရပ်ပြီး ပြန်စမယ်ဆိုရင် ဘောလုံးပိုင်ဆိုင်မှုရှိထားတဲ့အသင်းဆီ ဘောလုံးပြန်ပေးရမှာပါ။ အဲဒါက ဖောရက်စ်ပါပဲ။ ဖောရက်စ်အသင်း ဘောလုံးပြန်ရသင့်ပါတယ်"ဟု သုံးသပ်ခဲ့သည်။

အလန်ရှီးယားကလည်း ပေါလ်တီယာနေး၏ နမော်နမဲ့နိုင်သည့် အမှားကြောင့် လီဗာပူးလ် အနိုင်ဂိုးရခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

Most Read

Most Recent