နွေရာသီတွင် နည်းပြအလုပ်ကို ပြန်လုပ်ခွင့်ရလိုပြီး မည်သည့်အသင်းမဆို ကိုင်တွယ်နိုင်သည်ဟု မော်ရင်ဟို ဆို

နွေရာသီတွင် နည်းပြအလုပ်ကို ပြန်လုပ်ခွင့်ရလိုပြီး မည်သည့်အသင်းမဆို ကိုင်တွယ်နိုင်သည်ဟု မော်ရင်ဟို ဆို
Photo: X
Photo: X
Published 25 March 2024

ရိုးမားအသင်းမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် နာမည်ကြီးနည်းပြ မော်ရင်ဟိုက နွေရာသီတွင် နည်းပြအလုပ်ကို ပြန်လုပ်ခွင့်ရလိုကြောင်းနှင့် မည်သည့်အသင်းမဆို ကိုင်တွယ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားသည်။

မော်ရင်ဟို (၆၁ နှစ်) သည် ဘင်ဖီကာ၊ ပေါ်တို၊ ချယ်လ်ဆီး (နှစ်ကြိမ်)၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူ၊ စပါး၊ ရိုးမားစသည့် ဥရောပထိပ်တန်းကလပ်များစွာကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ရလဒ်ဆိုးများကြောင့် ဇန်နဝါရီ ၁၆ ရက်တွင် ရိုးမားအသင်းနှင့် လမ်းခွဲခဲ့ရသည်။

မော်ရင်ဟိုသည် မတ် ၂၄ ရက်က ကျင်းပသည့် ပေါ်တူဂီဂရင်းပရီ MotoGP ဆိုင်ကယ်စီးပြိုင်ပွဲတွင် ပန်းဝင်အလံကိုင်ဆောင်ပေးခဲ့ပြီး မိခင်နိုင်ငံ၌ နည်းပြအလုပ်  ပြန်လည်လုပ်ကိုင်ရန် ဖြစ်နိုင်ခြေရှိမရှိ မေးမြန်းမှုကို ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။

''သတင်းအချက်အလက်ကတော့ ဘာမှ မရှိပါဘူး။ ကျွန်တော့်မှာ ကလပ်အသင်းမရှိပါဘူး။ ကျွန်တော်က လွတ်လပ်သူဖြစ်နေတာပါ။ ဒါပေမဲ့ ကျွန်တော် အလုပ်ပြန်လုပ်ချင်တယ်။ နွေရာသီမှာ ကျွန်တော်အလုပ်လုပ်ချင်တယ်။ ဘယ်တော့မှဆိုတဲ့စကားကို လုံးဝ မပြောပါဘူး။ အထူးသဖြင့် ဘောလုံးမှာပေါ့။ ဘောလုံးက ကျွန်တော့်ဘဝပါ။ ဘယ်နေရာမှာမဆို ကျွန်တော်လေ့ကျင့်နိုင်တယ်။ အဲဒီအတွက် ကျွန်တော့်မှာ ပြဿနာမရှိပါဘူး'' ဟု မော်ရင်ဟိုက ပြောကြားသည်။

၎င်းအား အသင်းဟောင်းများဖြစ်သည့် ချယ်လ်ဆီးနှင့် ရီးယဲလ်အသင်းတို့အပြင် ဆော်ဒီကလပ်အသင်းများကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

 

Most Read

Most Recent