သွေးသစ်မောင်နှင့် စိုးမိုးဇော်တို့ မတ်(၁၇) ရက်တွင် ကမ္ဘောဒီးယား၌ ခွန်ခမာပြိုင်ပွဲများ ထိုးသတ်ရမည်

သွေးသစ်မောင်နှင့် စိုးမိုးဇော်တို့ မတ်(၁၇) ရက်တွင် ကမ္ဘောဒီးယား၌ ခွန်ခမာပြိုင်ပွဲများ ထိုးသတ်ရမည်
Photo : TOWN SPORTS
Photo : TOWN SPORTS
Published 14 March 2024

မြန်မာ့ရိုးရာလက်ဝှေ့သမားများဖြစ်သည့် သွေးသစ်မောင်နှင့် စိုးမိုးဇော်တို့သည် မတ်(၁၇)ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ခွန်ခမာပြိုင်ပွဲများ ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။

သွေးသစ်မောင်သည် ပထမဆုံး ခွန်ခမာပြိုင်ပွဲဝင်ရောက်ထိုးသတ်ခြင်းဖြစ်ပြီး (၆၅)ကီလိုတန်းတွင် ကမ္ဘောဒီးယားနိုင်ငံသား ခွန်ခမာဖိုက်တာ ဖယ်ဆိုဖွန်နှင့် (၃) မိနစ်၊ (၃) ချီ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။

MAS Fight Cambodia ဟု အမည်ရသည့် ယင်းပြိုင်ပွဲကို မတ်(၁၇) ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ MAS Fight Cambodia Arena တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Town Full HDTV နှင့် ANS Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သွေးသစ်မောင်နှင့် ထိုးသတ်မည့်  ကမ္ဘောဒီးယားနိုင်ငံသား ခွန်ခမာဖိုက်တာ ဖယ်ဆိုဖွန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက မြန်မာ့ရိုးရာလက်ဝှေ့သမား အဲမွီနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ခွန်ခမာပြိုင်ပွဲအဖြစ် ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် အနိုင်ရရှိထားသည်။

ခွန်ခမာဖိုက်တာ ဖယ်ဆိုဖွန်သည် နာမည်ကြီး မွေထိုင်းဖိုက်တာများဖြစ်သည့် ဆန်ချိုင်း၊ ဖားဆိုလတို့နှင့်လည်း ယှဉ်ပြိုင်ထိုးသတ်ဖူးသူဖြစ်သည်။ သွေးသစ်မောင်သည် ပြီးခဲ့သည့် ANS (၆၃.၅) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သူဖြစ်ပြီး ဗိုလ်လုပွဲတွင် သက်ဝင်းအောင်ကို အမှတ်ဖြင့်ရှုံးနိမ့်ထားသည်။

စိုးမိုးဇော်သည် Kun Khmer Warriors ဟု အမည်ရသည့် ခွန်ခမာ (၆၃.၅) ကီလိုတန်း ခါးပတ်လုပွဲအဖြစ် ဥဇဘက်ကစ္စတန်နိုင်ငံသား ခွန်ခမာဖိုက်တာ အာဆာ့ဟ်နှင့် (၃) မိနစ်၊ (၃) ချီ ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်သည်။ စိုးမိုးဇော်သည် ပြီးခဲ့သည့်မတ်(၃)ရက်က ထိုးသတ်ခဲ့သည့် ခွန်ခမာပြိုင်ပွဲတွင် ကမ္ဘောဒီးယားဖိုက်တာ သီဗာရစ်ကို အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

Most Read

Most Recent