မသန်ပေမဲ့ လူ့အသက်တစ်ချောင်း ကယ်တင်ခဲ့တဲ့ ကိုချက်ကြီး

မသန်ပေမဲ့ လူ့အသက်တစ်ချောင်း ကယ်တင်ခဲ့တဲ့ ကိုချက်ကြီး
Published 2 July 2023
သီဟအောင်

"ဝုန်း" ဆိုတဲ့ အသံတစ်ခုကြောင့် ပုဇွန်တောင်ချောင်းထဲမှာ အမှိုက်ကောက်နေတဲ့ ကိုချက်ကြီး (ခ) ကိုဇော်ဦး တစ်ယောက် အသံလာရာကိုလှည့်ကြည့်လိုက်ပါတယ်။    သူကြည့်လိုက်တဲ့အချိန်မှာ အမျိုးသမီးလား အမျိုးသားလို့ မသဲကွဲတဲ့လူတစ်ယောက် ရေနစ်နေတာကို တွေ့လိုက်ရချိန်မှာတော့ ကိုချက်ကြီးတစ်ယောက် ဘာမှမစဉ်းစားတော့ဘဲ ရေထဲကို ဒိုင်ဗင်ထိုးဆင်းလိုက်ပါတော့တယ်။    "ရေထဲမှာရှိတဲ့သူက နစ်လိုက်ပေါ်လိုက်ဆိုတော့ လှေနဲ့သွားဖို့ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါနဲ့ ရေကူးပြီးသွားလိုက်တာ" လို့ ကိုချက်ကြီးက ရှင်းပြပါတယ်။

ရေနစ်သူဆီကို ရောက်တဲ့အချိန်မှာတော့ လက်တစ်ဖက်က ရေနစ်တဲ့သူကို ဆွဲ၊ ကျန်တဲ့လက်တစ်ဖက်နဲ့ ရေကူးပြီး သူ့လှေရှိရာကို ပြန်လာခဲ့ပါတယ်။    ဒါပေမဲ့ သူ့လှေကလည်း တစ်ယောက်ပဲ စီးလို့ရတဲ့အခြေအနေဖြစ်နေတော့ ကိုချက်ကြီးက လှေပေါ်ကိုတက်၊ ကျန်တဲ့လက်တဖက်နဲ့ ရေနစ်တဲ့သူကို လက်ကကိုင် ကျန်တဲ့လက်တစ်ဖက်နဲ့ လှေကိုလှော်ပြီး ကမ်းကပ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာပါ။

"လှေက တစ်ယောက်ပဲ စီးလို့ရတယ်။ နှစ်ယောက်တက်စီးလို့မရဘူး။ စီးရင် နစ်မှာ" လို့ ကိုချက်ကြီးက ပြောပါတယ်။    ပုဇွန်တောင်ကမ်းဘက်က သာမန်အချိန်ဆို ၁၀ မိနစ်လောက်သာ လှော်ရပေမဲ့ လူတစ်ယောက်ကို လက်တစ်ဖက်ကထိန်းပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ လှေကိုလှော်ရတဲ့အတွက် ၁၀ မိနစ်ခရီးက ကိုချက်ကြီးအတွက် ၁၀ နာရီလောက်ကြာတယ်လို့ ထင်ရပါတယ်။

ပုဇွန်တောင်ကမ်းဘက်ကို ရောက်ချိန်မှာတော့ သူကယ်လာတာက အမျိုးသမီးတစ်ယောက်ဖြစ်နေပါတယ်။ ကမ်းကပ်ပြီး အမျိုးသမီးကို ရေပေါ်က ဆွဲတင်အပြီးမှာတော့ အနီးအနားပတ်ဝန်းကျင်ကို အကူအညီတောင်းလိုက်တယ်။ ပတ်ဝန်းကျင်က လာကူညီတဲ့သူတွေ ရောက်လာချိန်မှာတော့ ကိုချက်ကြီးတစ်ယောက် သူ့နေအိမ်ကို ပြန်လာခဲ့ပါတော့တယ်။

''ကိုချက်ကြီးဆိုတာ ဘယ်သူလဲ''

ပုဇွန်တောင်ချောင်းထဲကို ခုန်ချခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို ခက်ခက်ခဲခဲကယ်တင်ခဲ့တဲ့ ကိုချက်ကြီးဆိုတာက မွေးရာပါခြေထောက်တစ်ဖက် မသန်တဲ့သူပါ။

ဒေါပုံ ယမုံနာရပ်ကွက်ကမ်းနားက ရပ်ကွက်ထဲက ၁၀ ပေတောင်မပြည့်၊ မိုးလေမလုံ့တလုံတဲ့ တဲအိမ်လေးထဲမှာ ကိုချက်ကြီးတို့ မိသားစု ရှစ်ယောက်နေထိုင်ပါတယ်။

မွေးရာပါ ခြေထောက်တစ်ဖက်မသန်တဲ့ ကိုချက်ကြီးအတွက် နိစ္စဓူဝအလုပ်ကတော့ ပုဇွန်တောင်ချောင်းထဲမှာ မျောပါနေတဲ့ အမှိုက်တွေကို လိုက်ကောက်တာပဲ ဖြစ်ပါတယ်။

နံနက် ၆ နာရီကနေ စထွက်ပြီး  ၁၁ နာရီမှာ နေအိမ်ကိုတစ်ခေါက်ပြန်လာ၊ ချောင်းထဲက ရလာတဲ့အမှိုက်ထဲက ရောင်းလို့ရတာတွေကို ပြန်ရောင်းပြီးတာနဲ့ သူတို့မိသားစုအတွက် တစ်နပ်စာထမင်းဖိုးအတွက် စိတ်အေးရတယ်လို့ ဆိုပါတယ်။

"တစ်ရက်ကို နှစ်ထောင်နဲ့ သုံးထောင်လောက်တော့ရတယ်။ အများဆုံးရဖူးတာ တစ်သောင်းပဲ" လို့ အိမ်ထောင်မကျခင်ကတည်းက ချောင်းရိုးတစ်လျှောက် အမှိုက်ကောက်ခဲ့တဲ့ ကိုချက်ကြီးက ပြောပါတယ်။

ဒါပေမဲ့ အမှိုက်ကောက်ရတာ တွက်ခြေမကိုက်တဲ့နေ့တွေမှာတော့ သူတို့မိသားစု တစ်နေ့စာ စားစရာပြေလည်စေဖို့ အနီးအနားမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ လိုက်လံတောင်းရမ်းပြီး ဖြေရှင်းရတယ်လို့ ကိုချက်ကြီးက ဆိုပါတယ်။

"ဒီနေ့တောင် ဘုန်းကြီးကျောင်းကနေ တောင်းပြီးသွားပြီ" လို့ ကိုချက်ကြီးရဲ့ ဇနီးဖြစ်သူက ဆိုပါတယ်။

ပုခက်ပေါ်က မဆင်းသေးတဲ့ ကလေးငယ်လေးတစ်ဦး အပါအဝင် အရွယ်မရောက်သေးတဲ့ ကလေးငယ်ခြောက်ဦးနဲ့ ဇနီးဖြစ်သူကို ကိုချက်ကြီးကတော့ ပုဇွန်တောင်ချောင်းရိုးတစ်လျှောက်မှာ လှေတစ်စင်းနဲ့ အမှိုက်ကောက်ပြီး ရှာဖွေကျွေးမွေးနေတာပဲ ဖြစ်ပါတယ်။

"ဒီလှေလေးက ပတ်ဝန်းကျင်က ထပ်ဝယ်ပေးလို့ အဆင်ပြေတာ။ ပထမလှေက ချောင်းနံဘေးမှာ ကပ်ထားရင်း အခိုးခံလိုက်ရတယ်" လို့ ကိုချက်ကြီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတော့ လှေပျောက်တာထက်ဆိုးတဲ့ အဖြစ်ကို ကိုချက်ကြီး ကြုံတွေ့လိုက်ရပါတော့တယ်။ အဲဒါကတော့ သူ့ကလေးတစ် ယောက် ရေနစ်သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ သူတစ်ပါးအသက်ကို ကယ်ဆယ်ခဲ့တဲ့ ကိုချက်ကြီးတစ်ယောက် သူ့သားလေးအသက်ကိုတော့ မကယ်ဆယ်နိုင်ခဲ့ပါဘူး။    "လှေဆိပ်မှာ သူ့အဘွားက အဝတ်လျှော်နေတုန်း သမီးလေးက ရေထဲပြုတ်ကျပြီး ရေနစ်သွားတယ်။ မကယ်နိုင်ခဲ့ဘူး" လို့ ကိုချက်ကြီးက ဆွေးဆွေးမြည့်မြည့် ပြန်လည်ပြောပြပါတယ်။

သူ့သမီးငယ်လေး တစ်ယောက်ကို သတ်ခဲ့တယ်လို့ ဆိုရပေမဲ့ ပုဇွန်တောင်ချောင်းကြီးကိုတော့ သူမုန်းလို့မရပါဘူး။ သူ့ကျန်တဲ့မိသားစုအတွက် ဝမ်းရေးကို ဖြေရှင်းပေးနိုင်တာက ပုဇွန်တောင်ချောင်းတစ်လျှောက်မှာ မျောပါလာတဲ့အမှိုက်တွေပဲ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ကိုချက်ကြီး ပုဇွန်တောင်ချောင်းထဲကနေ ကယ်ဆယ်ခဲ့တဲ့ အသက် ၄၀ ကျော်အရွယ်အမျိုးသမီးကတော့ ဆေးရုံကနေ ဆင်းသွားပြီဖြစ်ပါတယ်။ ခြေထောက်တစ်ဖက် မသန်ပေမဲ့ လူ့အသက်တစ်ချောင်းကို ကယ်ဆယ်ခဲ့တဲ့ ကိုချက်ကြီးတစ်ယောက်ကိုတော့ သူ့ပတ်ဝန်းကျင်က ချီးကျူးနေကြပါတယ်။ 

"ကျွန်တော်က တွေ့လို့ကယ်လိုက်တာပါ။ လူ့အသက်တစ်ချောင်း ကယ်လိုက်နိုင်တာဆိုတော့ ဝမ်းသာတယ်" လို့ သူ့လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ရိုးရိုးရှင်းရှင်းပဲ ကိုချက်ကြီးက ပြောပါတယ်။              

 

Most Read

Most Recent