မွန်ပြည်နယ်နှင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်

မွန်ပြည်နယ်နှင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်
ပိုးလောက်လန်းပေါက်ပွားမှုမဖြစ်စေရန် အဘိတ်ဆေးခတ်နေစဉ်
ပိုးလောက်လန်းပေါက်ပွားမှုမဖြစ်စေရန် အဘိတ်ဆေးခတ်နေစဉ်
Published 25 June 2023
ဘိုဘိုမြင့်

ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၁၇ ရက်အထိကို မွန်ပြည်နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၇၀ ကျော်ရှိခဲ့ပြီး တစ်ဦး သေဆုံးထားတယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံကနေ သိရပါသည်။

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အလိုက် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူအရေအတွက်က မော်လမြိုင်မြို့နယ်အတွင်းမှာ ၉၇ ဦး၊ ချောင်းဆုံမြို့နယ်အတွင်းမှာ ၃၉ ဦး၊ မုဒုံမြို့နယ်အတွင်းမှာ ၁၅ ဦး၊ ကျိုက်မရောမြို့နယ်အတွင်းမှာ ၅၆ ဦး၊ သံဖြူဇရပ်မြို့နယ်အတွင်းမှာ ၁၉ ဦးနဲ့ ရေးမြို့နယ်အတွင်း ၃၈ ဦးရှိခဲ့ပါသည်။

ထို့အတူ ပေါင်မြို့နယ်အတွင်းမှာ ၈၅ ဦး၊ သထုံမြို့နယ်အတွင်းမှာ ရှစ်ဦး၊ ဘီးလင်းမြို့နယ်အတွင်းမှာ ကိုးဦး၊ ကျိုက်ထိုမြို့နယ်အတွင်းမှာ လေးဦး ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန် မှာတော့ ဖော်ပြပါအရေအတွက် ထက်ကို သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူအရေအတွက် ပိုမိုများနိုင်ပါသေးသည်။

ထို့အပြင်ကို ပေါင်မြို့နယ် အလှပ်ကျေးရွာက ကလေးတစ်ဦး သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆုံးပါးခဲ့ပါသေးသည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက “ပြီးခဲ့တဲ့ ငါးနှစ်ကို ပြန်ကြည့်ရင် ၂၀၂၂ ခုနှစ်ဟာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း အများဆုံးနှစ်ဖြစ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၂၀၀၀ ကျော်ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာတော့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ မများခဲ့ပေမဲ့ လေးဦးစီ သေဆုံးခဲ့ရပါတယ်။ လက်ရှိ ၂၀၂၃ ခုနှစ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၇၀ လောက်ရှိနေပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။ ဒါက သတိပြုစရာအချက်တစ်ချက်ဖြစ်ပါတယ်။ မိုးကောင်းကောင်း မရွာရသေးပေမဲ့ ရောဂါဖြစ်တဲ့သူက ၃၇၀ လောက်ရှိသွားပြီး သေဆုံးမှုနှုန်းက မနှစ်က နှုန်းကို မှီသွားပြီးဖြစ်ပါတယ်။ ဒါသည် အန္တရာယ်ရှိနေတဲ့ လက္ခဏာ ဖြစ်ပါတယ်” လို့ ပြောကြားပါသည်။

သွေးလွန်တုပ်ကွေးရောဂါဟာ သွေးလွန်တုပ်ကွေးရောဂါပိုး (Dengue Virus) ကြောင့် ဖြစ်ပွားသော ကူးစက်တတ်သည့် အပူပိုင်းဒေသ ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ပုံမှန် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ထူးခြားသော အရေပြားတွင် အနီစက်များထွက်ခြင်း၊ ကြွက်သားနှင့် အဆစ်များ နာကျင် ခြင်းတို့ဖြစ်ကြောင်း၊ အနည်းအကျဉ်းမှာ အသက်အန္တရာယ်ပေးသည်အထိ ရှုပ်ထွေးမှုများကို ဖြစ်စေသည့် သွေးလွန်တုပ်ကွေး (သွေးယို စီးခြင်းကို ဖြစ်စေနိုင်သည်) နှင့် သွေးလန့်ရောဂါလက္ခဏာစု (ခန္ဓာကိုယ်အတွင်း သွေးဖိအား အလွန်ကျဆင်းသဖြင့် ခန္ဓာကိုယ်တွင်း ကလီစာများ အလုပ်လုပ်ခြင်းကို ကစဥ့်ကလျား ဖြစ်စေနိုင်သည့်) တို့ ဖြစ်ပေါ်စေတယ်လို့ မှတ်သားရပါသည်။

သွေးလွန်တုပ်ကွေးရောဂါဟာ အဓိကအားဖြင့် အေးဒီး(စ်) ခြင်မှတစ်ဆင့် ကူးစက်လေ့ရှိတယ်လို့ သိရပါသည်။

လောလောဆယ် အချိန်ကာလအထိကို သွေးလွန်တုပ်ကွေးရောဂါအတွက် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ကာကွယ်နိုင်သည့် ကာကွယ်ဆေး မရှိသေးကြောင်း၊ လက်ရှိအချိန်ထုတ်လုပ်နိုင်သော ကာကွယ်ဆေးမှာလည်း အသက် ကိုးနှစ်မှ အသက် ၄၅ နှစ်အထိသာ အသုံးပြုနိုင်ခြင်း၊ ကာကွယ်နိုင်အားမှာလည်း အမြင့်ဆုံး ၇၀ ရာခိုင်နှုန်းအထိသာ ရရှိနိုင်ခြင်းနှင့် နိုင်ငံအချို့တွင်သာ အသုံးပြုခွင့်ပြုထားခြင်းတို့ကြောင့် ရောဂါ ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက်ကို ထိရောက်မှု နည်းပါးနေသေးတယ်လို့ ဆိုကြပါသည်။

ခြင်များ ပေါက်ပွားရာနေရာနဲ့ ခြင်ကောင်အရေအတွက်ကို နည်းအောင် ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ခြင်ကိုက်ခံရခြင်းမှ နည်းအောင် နေ ခြင်းဖြင့်လည်းကောင်း ရောဂါဖြစ် ပွားမှုကို လျှော့ချနိုင်တယ်လို့ မှတ် သားဖူးပါသည်။

သွေးလွန်တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူများမှာ အများအားဖြင့် ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် ရိုးရိုးဖျားခြင်းကဲ့သို့ သာမန် ရောဂါလက္ခဏာသာရှိကြောင်း၊ အခြားသူများတွင် ပိုမိုပြင်းထန်သော ဖျားနာမှုမျိုးရှိပြီး အနည်းစုမှာ အသက်အန္တရာယ်ရှိနိုင်ကြောင်း၊ ရောဂါပျိုးသည့်ကာလ (ရောဂါဖြစ်သည်မှစ၍ ရောဂါလက္ခဏာများ ပေါ်ပေါက်ချိန်) သည် သုံးရက်မှ ၁၄ ရက် အထိ ကြာတတ်ကြောင်း၊ သို့ရာတွင် အများအားဖြင့် လေးရက်မှ ခုနစ်ရက်ကြာတတ်ကြောင်း၊ ဆိုလိုသည်မှာ ရောဂါဖြစ်ပွားလေ့ရှိသော ဒေသများသို့ ခရီးသွားခဲ့သူသည် အိမ်သို့ ပြန်ရောက်ပြီး ၁၄ ရက်အတွင်း အ ဖျားနှင့် အခြားရောဂါလက္ခဏာများ ပေါ်ပေါက်ခြင်းမရှိပါက သွေးလွန်တုပ်ကွေး ကူးစက်ခံခဲ့ရခြင်းမရှိဟု ယူဆရကြောင်း၊ ကလေးများသည် သာမန်အအေးမိခြင်းနှင့် အစာအိမ် အချဉ်ပေါက်ခြင်း (အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း) လက္ခဏာများနှင့် ဆင်ဆင်လက္ခဏာများ မကြာခဏ ဖြစ်ပွားတတ်သော်လည်း ပြင်းထန်သည့် ရောဂါများဖြစ်ပွားရန် ပိုမို၍ အလားအလာရှိကြောင်းကို မှတ်သားဖူးပါသည်။

သွေးလွန်တုပ်ကွေး ကူးစက်ရောဂါဟာ ၁၉၆၅ ခုနှစ်မှာ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ယနေ့အချိန်အထိ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အနေဖြင့် ရှိနေဆဲဖြစ်တဲ့အပြင်၊ မြန်မာနိုင်ငံနှင့်အတူတူ သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားခဲ့ကြသည့် နိုင်ငံတချို့တွင် ပြည်သူ့ကျန်းမာရေး ပြဿနာအခြေအနေမှ လျော့ကျသွားပြီးဖြစ်သော်လည်း မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကို တဝဲဝဲလည် ခံစားနေရဆဲ ဖြစ်ပါသည်။

မွန်ပြည်နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါဟာ ၁၉၇၀ ပြည့်နှစ်လွန်မှ စတင်ကာ မော်လမြိုင်မြို့မှာ စတင်ဖြစ်ပွားခဲ့တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာရှိတဲ့ မှတ်တမ်းများအရ သိရပါသည်။

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ကူးစက်ရောဂါဖြစ်ပွားမှု နှုန်းများခဲ့သည့်နှစ်များဖြစ်ကြသော ၂၀၀၁ ခုနှစ်မှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၃၄၂၂ ဦးရှိခဲ့ပြီး ၅၇ ဦးသေဆုံးခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်ကလည်း ရောဂါဖြစ်ပွားသူ ၃၀၂၈ ဦးရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်ကလည်း ရောဂါကူးစက်ဖြစ်ပွားသူ ၅၀၀၀ ဦးအထိ စံချိန်တင်ဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးခဲ့ကြောင်း သိရပါသည်။

သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထု အခြေပြုသည့်စနစ်၊ ကျောင်းအခြေပြုသည့်စနစ်၊ ရောဂါဖြစ်ပွားသည့် ကလေးလူနာတစ်ယောက် တွေ့ပါက စောင့်ရှောက်ရမည့် စနစ်၊ စသည့် စနစ်သုံးမျိုးဖြင့် ဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် ရောဂါခံစားနေရသည့် ကလေးများ အသက်အန္တရာယ်စိုးရိမ်ရသည့် လက္ခဏာရှိလာပါက စောစီးစွာလွှဲပြောင်းနိုင်ရေးအတွက်ကိုလည်း မြို့နယ်တိုင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အားလုံးကို စည်းရုံးပြီး လုပ်ဆောင်နေပါကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောဆိုထားပါသည်။

လက်ရှိမှာလည်း မွန်ပြည်နယ် အတွင်းရှိ မြို့နယ်အလိုက် ပြည်သူလူထု အခြေပြုလုပ်ငန်းများအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျောင်းအခြေပြုလုပ်ငန်းများ ဟောပြောပွဲများ၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား လက်တွေ့ ဆောင်ရွက်ခြင်းများလုပ်ဆောင်နေတယ်လို့ ဒေါက်တာနန္ဒဝင်းက ပြောကြားပါသည်။

မွန်ပြည်နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး နှစ်စဉ် ဇန်နဝါရီလကနေ သြဂုတ်လအထိကို ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း များတတ်ပြီး သြဂုတ်လလွန်မှသာ ရောဂါဖြစ်ပွားမှုနှုန်းက ပြန်လည်ကျဆင်းတတ်ကြောင်း သိရပါသည်။

မိဘပြည်သူများအနေနှင့် ယခုလို မိုးရာသီကာလ၊ ခြင်ပေါက်ပွားမှု အကောင်းဆုံးကာလအတွင်းမှာ မိမိတို့၏ ကလေးငယ်တွေအပေါ် ကျရောက်လာမယ့် အန္တရာယ်ကို မပေါ့ဆဘဲ မိမိရဲ့နေအိမ် ပတ်ဝန်းကျင်မှာ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို လုပ်ဆောင်ခြင်း၊ ကလေးများကို ခြင် မကိုက်အောင် ဂရုစိုက်ပေးခြင်း၊ ကလေးများဖျား နာလာမည်ဆိုလျှင်လည်း နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မဆွဲဘဲ ပို့ဆောင်ပြီး ဆေးကုသမှုနိုင်အောင် ဆောင်ရွက်ကြပါလို့ ထပ်ဆင့်တိုက်တွန်းလိုပါသည်။

Most Read

Most Recent