မပြီးဆုံးသေးသော ကိုဆိုဗို-ဆားဘီးယား တင်းမာမှု

မပြီးဆုံးသေးသော ကိုဆိုဗို-ဆားဘီးယား တင်းမာမှု
Published 6 June 2023
TRANSLATED - ဖြိုးဟိန်းကျော်

ဆာ့ဘ်လူမျိုးအများစု နေထိုင်ရာ မြို့များတွင် အယ်ဘေးနီးယန်းလူမျိုး မြို့တော်ဝန်များကို ရွေးကောက် တင်မြှောက်ခဲ့ပြီးနောက် ကိုဆိုဗိုဒေသတွင် တင်းမာမှုများ အရှိန်အဟုန် မြင့်တက်လာခဲ့ပြီး ဒေသတွင်း၌ နောက်ထပ်အကျပ်အတည်းတစ်ခု ဖြစ်လာမည်လောဟူသည့် စိုးရိမ်မှုများကို တိုးလာစေခဲ့သည်။

မကြာသေးမီက ကိုဆိုဗိုမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအခြေအနေများကြောင့် နေတိုးမဟာမိတ်အဖွဲ့ ဦးဆောင်သော ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၃၀ ဦးနှင့် ဆာ့ဘ်လူမျိုး ဆန္ဒပြသူ ၅၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

ထိုပြဿနာ၏ အရင်းခံအကြောင်းရင်းမှာ ကိုဆိုဗိုအစိုးရက ၎င်း၏အချုပ်အခြာအာဏာပိုင်စိုးမှုကို ဒေသတစ်ခုလုံးအနှံ့ ဖြန့်ကြက်လွှမ်းခြုံနိုင်ရန် ဆန္ဒရှိနေပြီးလူနည်းစုဖြစ်သော ဆာ့ဘ်လူမျိုးများက ယင်းကို အ သိအမှတ်ပြုရန် ငြင်းဆန်နေခြင်းပင် ဖြစ်သည်။ ကိုဆိုဗိုဒေသတွင် အယ်ဘေးနီးယန်း လူမျိုးအများစု မှီတင်းနေထိုင်လျက်ရှိသည်။

ရန်သူတော်ဟောင်းများအကြား ရှုပ်ထွေးနက်နဲသည့် ဆက်ဆံရေးသည် နောင်တစ်ချိန်တွင် ဥရောပပေါင်းစည်းရေးအတွက် အဓိကအတားအဆီးတစ်ခု ဖြစ်နေသည်။

 

မြို့တော်ဝန်တင်မြှောက်မှုပြဿနာ

ကိုဆိုဗိုမြောက်ပိုင်းမြို့များတွင် လူများ စုဖြစ်သော ဆာ့ဘ်အသိုင်းအဝိုင်းသည် ဧပြီလထဲတွင် ကျင်းပခဲ့သည့် ဒေသန္တရ ရွေးကောက်ပွဲတွင် မဲပေးခြင်းမရှိသည့်အတွက် မဲပေးသူဦးရေမှာ မပြောပလောက်သည့် ၃ ဒသမ ၅ ရာခိုင်နှုန်းအောက်သာရှိခဲ့ပြီး အယ်ဘေးနီးယန်းလူမျိုးများက ဒေသကောင်စီများကို ထိန်းချုပ်ခွင့်ရခဲ့သည်။

ယာဉ်လိုင်စင် နံပါတ်ပြားကိစ္စနှင့်ပတ်သက်၍ ကိုဆိုဗိုအစိုးရနှင့် အငြင်းပွားမှုတွင် ဆားဘီးယားအစိုးရအပေါ် သစ္စာခံကြောင်း ပြသသည့်အနေဖြင့် ဆာ့ဘ်လူမျိုး တာဝန်ရှိသူများက ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များမှ နုတ်ထွက်သွားပြီးနောက် ထိုရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ကိုဆိုဗိုအစိုးရသည် တင်းမာမှုများ ပြေလျော့အောင် လုပ်ဆောင်ရန် ဥရောပသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စု၏ တိုက်တွန်းချက်များကို အန်တုကာ မြို့တော်ဝန်အသစ်များကို ပြီးခဲ့သည့်သီတင်းပတ်က တရားဝင်ရာထူးအပ်နှင်းခဲ့သည်။ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် ၂၀၀၈ ခုနှစ်တွင် ဆား ဘီးယားလက်အောက်မှ ကိုဆိုဗို၏ လွတ်လပ်ရေးကြေညာမှုကို ထောက်ခံခဲ့သည်။

အယ်ဘေးနီးယန်းလူမျိုး မြို့တော်ဝန်များကို တင်မြှောက်ခြင်းကြောင့် ကိုဆိုဗိုမြောက်ပိုင်းတစ်ခွင်ရှိ မြို့တော်ခန်းမများရှေ့တွင် ဆာ့ဘ်များ စုဝေးခဲ့ပြီး အဆောက်အအုံများထဲသို့ အတင်းအကျပ် ဝင်ရောက်ရန် ကြိုးပမ်းမှုများ ဖြစ်ပွားခဲ့သည်။ နယ်ခံဆာ့ဘ်လူမျိုးအများအပြား နေထိုင်ရာကိုဆိုဗိုမြောက်ပိုင်းခရိုင်များတွင် ပြင်းထန်သည့် အုံကြွမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

 

အသိအမှတ်ပြုခံရရေးအတွက် ကျားကုတ်ကျားခဲကြိုးပမ်းမှု

အယ်ဘေးနီးယန်းလူမျိုး မြို့တော်ဝန်များ တင်မြှောက်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားနေမှုသည် ၁၉၉၀ ပြည့်လွန်နှစ်များက ကိုဆိုဗိုဒေသခံ အယ်ဘေးနီးယန်းလူမျိုး အများစု အပါအဝင် လူ ၁၃,၀၀၀ ခန့် သေဆုံး ခဲ့သည့် ပဋိပက္ခနောက်ပိုင်း ကိုဆိုဗို၏ အချုပ်အခြာအာဏာ ပိုင်စိုးမှုနှင့်ပတ်သက်၍ လတ်တလော ဖြစ်ပွားနေသည့် တင်းမာမှုများ ပေါက်ကွဲလုနီးနီး အခြေအနေတစ်ရပ်လည်း ဖြစ်သည်။

ကိုဆိုဗိုသည် ဆားဘီးယားလက် အောက်မှလွတ်လပ်ရေးကြေညာခဲ့ပြီးနောက် ၎င်းကို နိုင်ငံပေါင်း ၁၀၀ ခန့်က တရားဝင် အသိအမှတ်ပြုထားပြီး နောက်ဆုံး အသိအမှတ်ပြုခဲ့သည့် နိုင်ငံမှာ အစ္စရေးဖြစ်ကာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ ကြားဝင်မှုဖြင့် သဘောတူညီချက်ရရှိခဲ့ ခြင်းဖြစ်သည်။

ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ အဖို့ ဒေသတစ်ခုလုံးကို အချုပ်အခြာအာဏာ အကြွင်းမဲ့ပိုင်စိုးရေးသည် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပြီး ကိုဆိုဗို၏ လွတ်လပ်မှုကို အပြည့်အဝအသိအမှတ်ပြု မခံရလျှင်အခြား မည်သည့်သဘောတူညီမှုမျိုးမှ ရနိုင်လိမ့်မည်မဟုတ်ဟု ခံယူထားသည်။

သို့သော် ဆားဘီးယားက ကိုဆိုဗို၏ လွတ်လပ်ရေးကြေညာမှုသည် တရားမဝင်ဟု တစိုက်မတ်မတ် ပြောဆိုနေဆဲဖြစ်ပြီး ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF)၊ အိုလံပစ်ကော်မတီ၊ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၊ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)တို့က ကိုဆိုဗိုကို အဖွဲ့ဝင်အဖြစ် ခွင့်ပြုခဲ့စဉ်ကလည်း ဆားဘီးယားက ဒေါသတကြီး စောင့်ကြည့်နေခဲ့သည်။ ယင်းတို့သည် ကိုဆိုဗို မက်မောတောင့်တနေသည့် အလုံးစုံအသိအမှတ်ပြု ခံရရေးအတွက် လှေကားထစ်များ ဖြစ်သည်။

ကိုဆိုဗို၏ခွဲထွက်မှုကို လက်မခံသော ဆားဘီးယား၏ အဓိကမဟာမိတ်များဖြစ်သည့် ရုရှားနှင့်တရုတ်တို့က ကိုဆိုဗို၏ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးလမ်းကြောင်းကို ထိထိရောက်ရောက် ပိတ်ပင်ခဲ့သည်။ ထို့အတူ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံအနက်မှ ငါးနိုင်ငံကလည်း ကိုဆိုဗိုကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သည်။

ဆားဘီးယားအစိုးရက ကိုဆိုဗိုသည် ၎င်းထံမှ ခွဲထုတ်၍မရသည့် နယ်မြေအစိတ် အပိုင်းတစ်ခု ဖြစ်သည်ဟူသော အချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တခုတ်တရထည့်သွင်းပြဋ္ဌာန်းထားပြီး ဆာ့ဘ်လူမျိုးများ စွာကလည်း ကိုဆိုဗိုသည် ၎င်းတို့၏အမျိုး သားရေးနှင့် ဘာသာရေးအမွေအနှစ် အစ ပြုရာအရပ်ဟု ယူဆထားသည်။

 

ကိုဆိုဗိုဆာ့ဘ်များ၏ ဆားဘီးယားအပေါ် သစ္စာခံမှု

အယ်ဘေးနီးယန်းလူမျိုး အများစုရှိနေသည့် ကိုဆိုဗိုတွင် ခန့်မှန်းခြေအားဖြင့် ဆာ့ဘ်လူမျိုး ၁၂၀,၀၀၀ ခန့် နေထိုင်ပြီး ၎င်းတို့သည် အဓိကအားဖြင့် ဆားဘီးယားအစိုးရကို သစ္စာခံသည်။

၎င်းတို့သည် နှစ်ခြမ်းကွဲနေသည့် မြောက်ပိုင်းမြို့ မီထရိုဗစ်ကာတစ်ဝိုက်တွင် စုဝေးနေထိုင်သကဲ့သို့ ဆာ့ဘ်အများစုနေထိုင်သော နယ်မြေငယ်တစ်ဒါဇင်ခန့်တွင်လည်း နေထိုင်ကြသည်။

ဆားဘီးယားနှင့် နယ်စပ်အနီး၊ ကိုဆိုဗိုမြောက်ပိုင်းတွင် နေထိုင်သည့် ဆာ့ဘ်များက ကိုဆိုဗိုအာဏာပိုင်များကို အပြင်းထန်ဆုံး ဆန့်ကျင်လျက်ရှိပြီး ဆားဘီးယားက ၎င်းတို့ကို ငွေကြေးနှင့် နိုင်ငံရေးအရ ထောက်ပံ့မှုများ ကြီးကြီးမားမား ပြုလုပ်ထားသည်။

ဆာ့ဘ်အများစုနေထိုင်ရာ နယ်မြေများတွင် ဒေသခံများသည် ဆားဘီးယားအလံလွှင့်ထူကာ ဆားဘီးယား နိုင်ငံသုံးငွေကြေးကို အသုံးပြုကြပြီး ကိုဆိုဗိုအစိုးရကို သစ္စာခံရန် ငြင်းပယ်ထားသည်။ ဆားဘီးယားသည် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများအတွက် ဆာ့ဘ်များကို ငွေကြေးထောက်ပံ့ကာ စင်ပြိုင်စနစ် ထူထောင်ရေးအတွက် ကြိုးကိုင်နေသည်ဟု ကိုဆိုဗိုအစိုးရက စွပ်စွဲထား သည်။

ကိုဆိုဗိုရဲတပ်ဖွဲ့၏ ကြားဝင်ပတ်သက်မှု မှန်သမျှသည်လည်း တင်းမာမှုများ၏ အရင်းခံ အကြောင်းတရားဖြစ်သည်။

၂၀၁၃ ခုနှစ် သဘောတူညီချက်တွင် ကိုဆိုဗို၌ ဆာ့ဘ်အများစုနေထိုင်သော ဒေသန္တရအစိုးရအုပ်ချုပ်ခံ နယ်မြေ ၁၀ ခု ပါဝင်သော အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ရန် တိုက်တွန်းထားသည်။

သို့ရာတွင် ထိုသဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်း အလျဉ်းမရှိဘဲ အယ်ဘေးနီးယန်းလူမျိုးများစွာကလည်း ယင်းသို့လုပ်ဆောင်ပါက ဆားဘီးယားအစိုးရထိန်းချုပ်ခံ စင်ပြိုင်အစိုးရတစ် ရပ်ပေါ်ထွက်လာမည်ကို စိုးရိမ်လျက်ရှိသည်။

 

မည်သို့ဆက်ဖြစ်နိုင်သနည်း

ကိုဆိုဗိုဝန်ကြီးချုပ် ကာတီအဖို့ အလုံးစုံအချုပ်အခြာအာဏာပိုင်စိုးရေးနှင့် လက်တွေ့အားဖြင့် ထိရောက်သည့် ယန္တရားများဖြင့် နိုင်ငံတည်ထောင်ရန် မုချလိုအပ်နေသည်။

သို့သော် ယင်းသို့အချုပ်အခြာအာဏာ ကျင့်သုံးခွင့်ပေးလိုက်မည်ဆိုလျှင် ကိုဆိုဗိုသည် ဆားဘီးယား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝမရှိတော့ဘဲ မိခင်နိုင်ငံ၏ ရင်ခွင်သို့ အလျင်အမြန် ပြန်ရောက်လာမည် မဟုတ် ကြောင်း အသိအမှတ်ပြုသကဲ့သို့ ဖြစ်သွားမည်ကို ဆာ့ဘ်အများအပြားက စိုးရိမ်လျက်ရှိသည်။

ယူကရိန်းစစ်ပွဲ အရှိန်မြင့်တက်နေဆဲ ကာလတွင် ဥရောပ၌နောက်ထပ်စစ်ပွဲတစ်ခု ဖြစ်မလာစေရန်နှင့် သဘောတူညီမှုတစ်ရပ်ရယူရန် ကိုဆိုဗိုကိုရော ဆားဘီးယားကိုပါ ဥရောပသမဂ္ဂက တိုးမြှင့်ဖိအားပေးနေသည်။

၁၉၉၉ ခုနှစ်တွင် ဆားဘီးယားတပ်များနှင့် ကိုဆိုဗို ပြောက်ကျားတပ်တို့အကြား စစ်ပွဲဖြစ်ပွားမှု အဆုံးသတ်စေရန် နေတိုးတပ်များက စစ်ရေးအရ ကြားဝင်ကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဆားဘီးယား-ကိုဆိုဗို ဆက်ဆံရေးသည် ဘေးကျပ်နံကျပ် အခြေအနေအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။

၂၀၁၁ ခုနှစ်ကတည်းက နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုများကို ဦးဆောင်ခဲ့သည့် ဥရောပသမဂ္ဂက ဆားဘီးယားနှင့် ကိုဆိုဗိုအကြား ပုံမှန်ဆက်ဆံရေး ထူထောင်ရန်ရည်ရွယ်သည့် သဘောတူညီမှုတစ်ရပ် ရရှိခဲ့သည်ဟု ယခုနှစ် မတ်လတွင် ကြေညာခဲ့သည်။ သို့သော် ယင်းသဘောတူညီကို ဆားဘီးယားနှင့် ကိုဆိုဗိုတို့က လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်တို့သည် ဆားဘီးယားနှင့် ကိုဆိုဗိုခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ကိုဆိုဗို၏ အငြင်းပွားမြောက်ပိုင်းနယ်မြေလေးခုတွင် ရွေးကောက် ပွဲအသစ်များ ကျင်းပခွင့်ပေးရန် ကိုဆိုဗိုအစိုးရကို တိုက်တွန်းခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း တင်းမာမှုများကို လျှော့ချရန် နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့ပြီး ယင်းအခြေအ နေသည် ဥရောပညီညွတ်ရေး ရည်မှန်းချက်ကို ထိခိုက်စေသည်ဟု သတိပေးခဲ့သည်။

Ref: AFP