လျှပ်စစ်ရထားပြေးဆွဲရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ရထားစက်ခေါင်းတွဲများ စမ်းသပ်ဆောက်လုပ်လျက်ရှိဟု နစကဥက္ကဋ္ဌ ပြောကြား

လျှပ်စစ်ရထားပြေးဆွဲရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ရထားစက်ခေါင်းတွဲများ စမ်းသပ်ဆောက်လုပ်လျက်ရှိဟု နစကဥက္ကဋ္ဌ ပြောကြား
Published 30 May 2023

လျှပ်စစ်ရထားပြေးဆွဲရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ရထားစက်ခေါင်းတွဲများ စမ်းသပ်ဆောက်လုပ်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မေ ၂၉ ရက်က ပင်းပက်-နောင်ကား-တောင်ကြီး-ရွှေညောင်-သာစည်-မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာတွင်    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရထားသယ်ယူပို့ဆောင်ရေးစနစ်သည် ဒေသအတွက် များစွာအကျိုးရှိစေမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ရထားလမ်းများကို လူအများသွားလာခြင်းအတွက် အသုံးပြုမည်ဖြစ်သကဲ့သို့ ကုန်ပစ္စည်းများတင်ပို့မှုအတွက်လည်း အသုံးပြုသွားမည်ဖြစ်သောကြောင့် ရထားလမ်းများ၏ ခံနိုင်ရည်အားကောင်းမွန်အောင် စနစ်တကျတည် ဆောက်ရန်လိုကြောင်း၊ ရထားလမ်းတစ်လျှောက်ရှိတံတားများကို တည်ဆောက်ရာတွင် ခံနိုင်ရည်ရှိစေရေး စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် ယခင်ကရထားများပြေးဆွဲသည့်အမြန်နှုန်းမှာ သတ်မှတ်ထားသည်ထက် နှေးကွေးသည်ဟု သိရှိရကြောင်း၊ ထို့ကြောင့်ရထားများကို တောင်ပေါ်တွင်မောင်းနှင်သည့် ပုံမှန်အမြန်နှုန်းများအတိုင်း မောင်းနှင်ပြေးဆွဲနိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစေရေးဘရိတ်စနစ်များကို ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်းများကို အနာဂတ်တွင်ထပ်မံ အဆင့်မြှင့်တင်မှုများပြုလုပ်နိုင်ရေး ရထားလမ်းနယ်များကို ကြိုတင်သတ်မှတ်ဆောင်ရွက်၍ လမ်းနယ်အမှတ်အသားများကို စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်းတစ်လျှောက် ဘေးဘယ်ညာရှိ နိုင်ငံပိုင်မြေများတွင် သစ်တောများ စိုက်ပျိုးနိုင်ရန်လိုသဖြင့် သစ်တောဥပဒေများရေးဆွဲပြီး စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်းဘေးပတ်ဝန်း ကျင်စိမ်းစိုပြေနေမည်ဆိုပါက ရထားစီးခရီးသည်များအတွက် မျက်စိပသာဒဖြစ်စေမည်ဖြစ်ကြောင်း၊ မြန်မာ့မီးရထားသည် အရှေ့တောင်အာရှတွင် ပထမဆုံးဖောက်လုပ်ပြေးဆွဲခဲ့သည့် မီးရထားလမ်းဖြစ်ကြောင်း၊ ထို့ကြောင့် ခေတ်နှင့်လျော်ညီသည့် အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ ရထားများယခုထက် အမြန်နှုန်းတိုးမြှင့်ပြေးဆွဲနိုင်ရန်လိုကြောင်း၊ လူစီးရထားများကို RBE တွဲများဖြင့် ပြေးဆွဲနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်းများအား မြန်နှုန်းမြှင့်၍ ပြေးဆွဲနိုင်ရန်နှင့် အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ရထား ပြေးဆွဲရေးနှင့်ပတ်သက်၍လည်း ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ရထားစက်ခေါင်းတွဲများကိုလည်း စမ်းသပ်ဆောက်လုပ်စေလျက်ရှိကြောင်း၊ ရထားစက်ခေါင်းများနှင့် ရထားတွဲများကို ပြည်တွင်းမှထုတ်လုပ်၍ ရရှိသည့်စက်ပစ္စည်းများကို ပေါင်းစပ်၍ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မီးရထားလမ်းများ အဆင့်မြှင့်တင်ရေးအတွက် မီးရထားအင်ဂျင်နီယာများအနေဖြင့် ၀ိုင်းဝန်းဆွေးနွေးကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ရထားလမ်းများတွင် ခင်းကျင်းသည့် ကျောက်များသတ်မှတ်ဆိုဒ်များ ရှိရန်လိုကြောင်း၊ မြန်မာနိုင်ငံရှိ ရထားလမ်းများအားလုံး ကီလိုမီတာ ၁၀၀ အမြန်နှုန်းအထိ မောင်းနှင်နိုင်ရန် မူလရည်မှန်းချက်အဖြစ်ထားရှိဆောင်ရွက်သွားရမည်ဖြစ်ပြီး နောင်တွင် အဆိုပါအမြန်နှုန်းထက် ပိုမိုပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန်အတွက် အင်ဂျင်နီယာရှုထောင့်မှ သုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း၊ ရထားအသုံးပြု၍ ပြေးဆွဲခြင်းသည် Public Transportation ဖြစ်သဖြင့် စက်သုံးဆီသုံးစွဲမှုကိုသက်သာစေပြီး အများပြည်သူသွားလာမှု၊ ကုန်ပစ္စည်းများ တင်ပို့မှုအတွက် များစွာအထောက်အကူပြုသဖြင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် သယ်ယူပို့ဆောင်ရေးစနစ်ပင်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ထီသိမ်ဘူတာအနီးတွင် ထည့်သွင်းဖောက်လုပ်နေသည့် ရထားလမ်းအဝိုင်းပတ်နေရာ စီမံကိန်းဧရိယာအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

Most Read

Most Recent