ရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်သွားမည်ဟု အာမခံထားသဖြင့် တည်ငြိမ်အေးချမ်းအောင် ဦးစွာဆောင်ရွက်နေခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်သွားမည်ဟု အာမခံထားသဖြင့် တည်ငြိမ်အေးချမ်းအောင် ဦးစွာဆောင်ရွက်နေခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 23 May 2023

ရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်သွားမည်ဟု အာမခံထားသဖြင့် တည်ငြိမ်အေးချမ်းအောင် ဦးစွာဆောင်ရွက်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မေ ၂၂ ရက် ပဲခူးမြို့ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ့စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်သဖြင့် သက်ဆိုင်ရာလုပ်ငန်းရှင်များအနေဖြင့် ၀ိုင်းဝန်း၍တိုးတက်အောင် ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ အဓိကအားဖြင့် အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေးနှင့် အလုပ်လုပ်နိုင်ရန် အခွင့်အရေးများ ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ အခက်အခဲဖြစ်ပေါ်ချိန်တွင် မိမိတို့နိုင်ငံ၏အားဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ ရွေးကောက်ခံအစိုးရထံသို့ နိုင်ငံ့တာဝန်များပြန်လည်လွှဲ ပြောင်းပေးအပ်နိုင်ရေးအတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟု အာမခံကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဦးစွာဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူ့ကိုမဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်ကို အသိပေးလိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို ကောင်းမွန်အောင်ဆောင်ရွက်လိုသည့်စိတ်ဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် အောင်မြင်မှုများရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent