အာဆီယံထိပ်သီးအကြို နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး စတင်ကျင်းပချိ်န်၌ မြန်မာနိုင်ငံအရေးနှင့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးယာဉ်တန်း တိုက်ခိုက်ခံရမှုကိစ္စတို့က လွှမ်းမိုးနေ

အာဆီယံထိပ်သီးအကြို နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး စတင်ကျင်းပချိ်န်၌ မြန်မာနိုင်ငံအရေးနှင့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးယာဉ်တန်း တိုက်ခိုက်ခံရမှုကိစ္စတို့က လွှမ်းမိုးနေ
Published 9 May 2023

အာဆီယံထိပ်သီးအကြို နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မေ ၉ ရက်တွင် စတင်ကျင်းပချိန်၌ မြန်မာနိုင်ငံအရေးနှင့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးယာဉ်တန်း တိုက်ခိုက်ခံရမှုကိစ္စတို့က လွှမ်းမိုးနေကြောင်း သိရသည်။ အဆိုပါအာဆီယံယာဉ်တန်း တိုက်ခိုက်ခံရမှုနှင့်အတူ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့က အကြမ်းဖက်မှုများကို ရှုတ်ချခဲ့သည်။

မေ ၁၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဖလောရက်စ်ကျွန်းပေါ်ရှိ လာဘူအန်းဘာဂျိုအပန်းဖြေစခန်း၌ ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံခေါင်းဆောင် ရှစ်ဦးတက်ရောက်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နစကမှ အကြီးအကဲအား ဖိတ်ကြားခဲ့ခြင်းမရှိသကဲ့သို့ မေ ၁၄ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ထိုင်းနိုင်ငံမှ နိုင်ငံတော်အကြီးအကဲ တက်ရောက်ခြင်းမရှိဘဲ လက်ထောက်ဝန်ကြီးချုပ် ဒွန်ပရာမွတ်ဝီနိုင်းသာ တက်ရောက်မည်ဖြစ်သည်။

ယင်းအချိန်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ မြင့်တက်နေခြင်းနှင့်ပတ်သက်၍ အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံမှ အကြီးတန်းဝန်ကြီးတစ်ဦးက မေ ၉ ရက်တွင် သတိပေးခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်က မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း လူသေဆုံးမှုများ ဖြစ်ပေါ်သည့် အကြမ်းဖက်မှုများ မြင့်တက်ခဲ့သည်။ ထိရောက်မှုမရှိဘဲ စကားပြောရုံ သက်သက်အဖွဲ့ဟု ကာလကြာရှည်စွာကတည်းက ဝေဖန်ခံရသည့် အာဆီယံအဖွဲ့က မြန်မာနိုင်ငံအရေးကို ဖျန်ဖြေပေးရန် သံတမန်ရေးရာအားထုတ်မှုအား ဦးဆောင်ခဲ့သည်။

နစကသည် နိုင်ငံတကာဝေဖန်မှုများကို လျစ်လျူပြုကာ အတိုက်အခံအဖွဲ့များနှင့် စေ့စပ်ညှိနှိုင်းရန် ငြင်းဆိုခဲ့ခြင်းကြောင့် အာဆီယံအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုမှာ အရာမထင်ဖြစ်ခဲ့သည်။

မြန်မာအရေးနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေး၊ တရားရေးနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး အမ်ဒီမာဖက်က “အာဆီယံသည် လမ်းဆုံလမ်းခွ၌ ရောက်ရှိနေသည်” ဟု ပြောကြားခဲ့သည်။

“အသိုက်အဝန်းတစ်ရပ်အဖြစ် ကျွန်တော်တို့ရဲ့ အင်အားကို အကျပ်အတည်း တစ်ရပ်ပြီးတစ်ရပ်က စမ်းသပ်နေပါတယ်။ အဲဒီအကျပ်အတည်းတွေကို ဖြေရှင်းဖို့ မအောင်မြင်ခြင်းဟာ ကျွန်တော်တို့ရဲ့ ယုံကြည်အားထားရမှုကို ပျက်စီးစေမှုအန္တရာယ် ကျရောက်လာပါလိမ့်မယ်” ဟု မာဖက်က အာဆီယံအဖွဲဲ့ ရင်ဆိုင်နေရသည့် အရေးပေါ်ကိစ္စများစာရင်း၌ မြန်မာနိုင်ငံအရေးကို ထည့်သွင်းလျက်ပြောကြားခဲ့သည်။

အာဆီယံ၏ မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စအား ညှိနှိုင်းနေသည့် သံတမန်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို တင်ဆောင်လာသည့် ယာဉ်တန်းသည် မေ ၇ ရက်တွင် တိုက်ခိုက်ခံခဲ့ရပြီးနောက် မြန်မာအရေးနှင့်ပတ်သက်သည့် အာဆီယံအပေါ် ဖိအားမှာ ပိုမိုကြီးမားလာခဲ့သည်။

မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်တွင် တိုက်ခိုက်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ထုတ်ပြန်မှုနည်းပါးသော်လည်း အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့က ရန်ကုန်မြို့ရှိ ၎င်းတို့၏ သံရုံးအသီးသီးမှ အဖွဲ့ဝင်များ အဆိုပါယာဉ်တန်းတွင် ပါဝင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

စင်ကာပူနိုင်ငံက ၎င်းတို့၏ ဝန်ထမ်းနှစ်ဦးသည် လက်နက်ကိုင်ဆောင်ထားခြင်း မရှိကြောင်း ပြောကြားကာ တိုက်ခိုက်မှုကို  မေ ၈ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။

ယခုနှစ် အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌ တာဝန်ကိုယူထားသော အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့ဝန်ထမ်းနှစ်ဦးသည် တိုက်ခိုက်ခံရသည့် ယာဉ်တန်းတွင် ပါဝင်ခဲ့ပြီး အခြေအနေကောင်းမွန်သည်ဟု ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် မေ ၉ ရက်မှ ၁၁ ရက်အထိ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် နိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည့် ထိပ်သီးအစည်းအဝေးမတိုင်မီ အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အာဆီယံထိပ်သီး အစည်းအဝေးတွင် လွန်ခဲ့သည့် နှစ်နှစ်က ချမှတ်ထားသည့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်သော ဘုံသဘောတူညီချက်ငါးရပ်အား ပြန်လည်စတင်ရေးကိစ္စကို ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။  Ref:AFP

Most Read

Most Recent