မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တိုက်ပွဲများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာသူဦးရေ စုစုပေါင်း ၁ ဒသမ ၈ သန်းကျော်ရှိလာ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တိုက်ပွဲများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာသူဦးရေ စုစုပေါင်း ၁ ဒသမ ၈ သန်းကျော်ရှိလာ
Published 9 May 2023

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တိုက်ပွဲများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၅ သန်းကျော်ရှိလာပြီး နေရပ်စွန့်ခွာသူဦးရေစုစုပေါင်း ၁ ဒသမ ၈ သန်းကျော်ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA Myanmar) က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီ လက်နက်ကိုင်ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃၂၈၀၀၀ ကျော်ရှိကြောင်း OCHA Myanmar က ထုတ်ပြန်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေများ ပိုမိုဆိုးရွားလာခဲ့ကြောင်း OCHA Myanmar က ဆိုသည်။

စစ်ဘေးရှောင်စခန်းများတွင် အရေးပေါ်အကူအညီများ လိုအပ်နေပြီး မြေပြင်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက တိုးမြှင့်ကန့်သတ်မှုများနှင့် အန္တရာယ်များကို ရင်ဆိုင်၍ အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း OCHA Myanmar က ထုတ်ပြန်သည်။

ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှ စစ်ဘေးရှောင်စခန်းများ ပိတ်သိမ်းရန် လုပ်ဆောင်မှုများ ရှိနေသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း၊ ပေါက်ကွဲစေတတ်သော လက်နက်အန္တရာယ်များနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရှားပါးခြင်းတို့ကြောင့် စစ်ဘေးရှောင်များအနေဖြင့် မူလနေရာများသို့ ပြန်လာနိုင်ခြင်းမရှိသေးကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကွတ်ခိုင်၊ နမ့်ခမ်းနှင့် နမ္မတူမြို့နယ်တို့ရှိ စစ်ဘေးရှောင်စခန်း ၁၅ ခုကို ပိတ်သိမ်းရန် လုပ်ဆောင်နေပြီး ရှမ်းပြည်နယ် တောင်ပိုင်းရှိ ညောင်ရွှေမြို့နယ်တွင် နေရပ်စွန့်ခွာသွားသည့် ကယားပြည်နယ်မှ စစ်ဘေးရှောင်မိသားစုများမှာ ဧပြီလတွင် အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း OCHA Myanmar က ဆိုသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ထိခိုက်နစ်နာသူများနှင့် အိုးမဲ့အိမ်မဲ့ဖြစ်သူများအတွက် အရေးကြီးသော အသက်ကယ်အကူအညီများကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် လိုအပ်နေသော လူဦးရေ ၁၇ ဒသမ ၆ သန်းအနက် ၄ ဒသမ ၅ သန်းကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း OCHA Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent