ဒုတိယကမ္ဘာစစ်တွင် နာဇီဝါဒကို အနိုင်ယူခဲ့သည့်အတိုင်း ယူကရိန်းတွင် ရုရှားတပ်ဖွဲ့များကို အနိုင်ယူမည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား

ဒုတိယကမ္ဘာစစ်တွင် နာဇီဝါဒကို အနိုင်ယူခဲ့သည့်အတိုင်း ယူကရိန်းတွင် ရုရှားတပ်ဖွဲ့များကို အနိုင်ယူမည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား
မေလ ၆ ရက်က ကျင်းပသည့် ယူကရိန်းခြေလျင်တပ်နေ့အခမ်းအနားကို သမ္မတဇယ်လန်းစကီး တက်ရောက်ပုံကို တွေ့ရစဉ် (Photo: AFP)
မေလ ၆ ရက်က ကျင်းပသည့် ယူကရိန်းခြေလျင်တပ်နေ့အခမ်းအနားကို သမ္မတဇယ်လန်းစကီး တက်ရောက်ပုံကို တွေ့ရစဉ် (Photo: AFP)
Published 9 May 2023

၁၉၄၅ ခုနှစ်တွင် နာဇီဝါဒကိုအနိုင်ယူသည့်အတိုင်း ယူကရိန်းတွင် ရုရှားတပ်ဖွဲ့များကို အနိုင်ယူမည်ဟု ဒုတိယကမ္ဘာစစ်ပြီးဆုံးမှုကိုဂုဏ်ပြုသော အခမ်းအနားတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြော ကြားသည်။

ရုရှား၌ ပြုလုပ်သည့် အောင်ပွဲနေ့မတိုင်မီ တစ်ရက်အလိုတွင် ကိယက်ဗ်မြို့၌ ကျင်းပသော စစ်ပွဲအထိမ်းအမှတ်၌ ဇယ်လန်းစကီး မိန့်ခွန်းပြောကြားခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်တွင် ဆိုဗီယက်အောင်ပွဲရသည့် နှစ်ပတ် လည်အထိမ်းအမှတ်အောင်ပွဲနေ့ကို မေလ  ၉ ရက်တွင် ကျင်းပသည်။ ထို့နေ့တွင် ရုရှားသည် စစ်ရေးပြချီတက်ပွဲပြုလုပ်သည်။

ယူကရိန်းတပ်ဖွဲ့များက ညအချိန်တွင် ကိယက်ဗ်၌ ရုရှားဒရုန်းသုံးဒါဇင်နီးပါးကို ပစ်ချခဲ့ရာ ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး လေကြောင်းအချက်ပေး သြဥသံများထွက်ပေါ်ခဲ့သည်ဟု သိရသည်။

“ ခေတ်သစ်ရုရှားက ပြန်လည်ယူဆောင်လာတဲ့ မိစ္ဆာဟောင်းအားလုံးကို နာဇီဝါဒကို အနိုင်ယူသလိုမျိုး အနိုင်ယူမှာဖြစ်ပါတယ်” ကိယက်ဗ်၏ ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်ပွဲတွင် ဇယ်လန်းစကီးက ဗီဒီယိုမှတစ်ဆင့် ပြောကြားသည်။

“အဲဒီတုန်းက မိစ္ဆာကို ကျွန်တော်တို့ အတူတကွ ချေမှုန်းခဲ့တဲ့အတိုင်း အလားတူ မိစ္ဆာကို အခုကျွန်တော်တို့ ချေမှုန်းမှာဖြစ်ပါတယ်”ဟု ဇယ်လန်းစကီးက ပြောကြားသည်။

၁၉၄၅ ခုနှစ် မေလ ၈ ရက်တွင် မဟာမိတ်တပ်ဖွဲ့များထံ နာဇီဂျာမနီအညံ့ခံသော နေ့ဖြစ်သည့် ဥရောပအောင်ပွဲနေ့တွင် ဇယ်လန်းစကီးက ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းတွင်လည်း မေလ ၈ ရက်တွင် ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်ကို တရားဝင်အားဖြင့် ကျင်းပရန် ဥပဒေကြမ်းတစ်ရပ်ကို ပါလီမန်သို့ တင်သွင်းထားသည်ဟု ၎င်းက ပြောကြားသည်။ အဆိုပါ ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့အထိမ်းအမှတ်ကို ရုရှားနှင့် အခြားသော ဆိုဗီယက်နိုင်ငံဟောင်းများတွင် မေလ ၉ ရက်၌ ကျင်းပနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

ယင်းမှာ ရုရှားနှင့် ကင်းကွာရန်အတွက် လွန်ခဲ့သောနှစ်များတွင် ယူကရိန်းလှမ်းနေသော ခြေလှမ်းများစွာထဲက နောက်ဆုံးခြေလှမ်းတစ်ခုဖြစ်သည်။ ယူကရိန်းသည် ဆိုဗီယက်ပုဂ္ဂိုလ်များ အမည်ပေးထားသည့် လမ်းများကို အမည်များပြောင်းထားသည်။

ယူကရိန်းသည် ဥရောပ၌ ငြိမ်းချမ်းရေး နှင့် ညီညွတ်ရေးတို့ကို မြှင့်တင်ပေးမည့် မေလ ၉ ရက်တွင် သီးခြားဥရောပအောင်ပွဲနေ့ကို ကျင်းပသွားမည်ဟု ဇယ်လန်းစကီးက ပြောကြားသည်။

ဥရောပသမဂ္ဂ(အီးယူ)က ဥရောပ အောင်ပွဲနေ့ကို မေလ ၈ရက်တွင် ယူကရိန်း၌ ပြုလုပ်မည့်ကိစ္စအား ကြိုဆိုလိုက်ပြီး ဥရောပကော်မရှင်အကြီးအကဲ အာဆူလာဗွန်ဒါလေယန်သည် ဇယ်လန်းစကီးနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် မေလ ၉ ရက်တွင် ကိယက်ဗ်ကိုရောက်ရှိနေသည်။

ရုရှားကို လောလောလတ်လတ် ပိတ်ဆို့မှုများချမှတ်ရေးအတွက် ဗွန်ဒါလေယန်၏ ယူကရိန်းခရီးစဉ်မတိုင်မီ ဥရောပသမဂ္ဂက အဆိုပြုထားသည်။ အဆိုပြုထားသော အစီအမံများသည် ပိတ်ဆို့အရေးယူမှုများကို ရှောင်ကွင်းခြင်းအား ကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည်ဟု အီးယူပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ရုရှားသည် အောင်ပွဲနေ့ကို မေလ ၉ ရက်တွင်ပြုလုပ်ခဲ့သည်။

Ref: AFP

Most Read

Most Recent