လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖော်ဆောင်ပေးရန်နှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား

လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖော်ဆောင်ပေးရန်နှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 20 March 2023

လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖော်ဆောင်ပေးရန်နှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မတ် ၁၉ ရက်က အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံမှုတွင် နစကဥက္ကဋ္ဌက နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ဦးဆောင်ခဲ့သည့် အခြေအနေများနှင့် ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခဲ့သည့်အခြေအနေများ၊ ဒီမိုကရေစီအစိုးသက်တမ်းနှစ်ခုတွင် တပ်မတော် အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုခဲ့သည့်အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှနိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ ခေတ်အဆက်ဆက် နိုင်ငံတော်၏နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲခဲ့မှုအခြေအနေများနှင့် တပ်မတော်အနေဖြင့် မည်သည့်အစိုးရကအုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့် ပြည်သူလူထုတို့၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့ကို တရားဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လျက်ရှိသည့် အခက်အခဲများ၊ နိုင်ငံရေးအကြောင်းပြပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြားမှ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် ပြည်ပအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ပေးရန်နှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိပြီး ဖိအားကင်းစွာဖြင့် မဲပေးနိုင်မှသာလျှင် လွတ်လပ်၍တရားမျှတသည့်၊ စစ်မှန်သည့်ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာမည်ဖြစ်ပြီး ဖိအားပေးမှုနှင့် ခြိမ်းခြောက်မှုများ မရှိအောင် ဆောင်ရွက်နိုင်မှသာ မဲရလာဒ်များမှန်ကန်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် မဖြစ်မနေဆောင်ရွက် ဆောင်ရွက်ပေးရမည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံးငြိမ်းချမ်းမှုရရှိရေးသည် အဓိကလိုအပ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့၏လိုလားချက်များ၊ ဖြစ်ချင်သည်များကို နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့် ချိန်ထိုး၍ အကောင်းဆုံးဖြစ်အောင် တပ်မတော်အနေဖြင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည်နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ဒေသ၏အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်နိုင်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများအရ နိုင်ငံတော်အတွက် အပြုသဘောဆောင်သည့် ရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ပြီး ဆက်လက်၍လည်း အသေးစိတ်ဆွေးနွေးရန် ကျန်ရှိသည်များကို ဆက်လက်ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာနယ်မြေဒေသများအလိုက် တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent