မဟာမင်းကြီး၏ လျော်ကန်မှုမရှိသော အကြံပြုချက်များနှင့် အပြန်အလှန်ဆွေးနွေးပွဲအတွင်း နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို ပြတ်သားစွာကန့်ကွက်ပယ်ချကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ထုတ်ပြန်

မဟာမင်းကြီး၏ လျော်ကန်မှုမရှိသော အကြံပြုချက်များနှင့် အပြန်အလှန်ဆွေးနွေးပွဲအတွင်း နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို ပြတ်သားစွာကန့်ကွက်ပယ်ချကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ထုတ်ပြန်
Published 8 March 2023

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ လျော်ကန်မှုမရှိသော အကြံပြုချက်များနှင့် အပြန်အလှန်ဆွေးနွေးပွဲအတွင်း နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို ပြတ်သားစွာကန့်ကွက်ပယ်ချကြောင်း ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်သည်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်ဆိုသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

စာရွက်စာတမ်းအမှတ် A/HRC/52/21 ပါ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာအပေါ်အပြန်အလှန်ဆွေးနွေးမှုကို လူအခွင့်အရေးကောင်စီက မတ် ၆ ရက်တွင် ပြုလုပ်ခဲ့ကြောင်း၊ အပြုသဘောဆောင်သောဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခြေမူများနှင့်ဆန့်ကျင်လျက် ယင်းဆွေးနွေးပွဲကို သက်ဆိုင်ရာနိုင်ငံမပါဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါအစီရင်ခံစာအပေါ် တုံ့ပြန်ရန် သက်ဆိုင်ရာ နိုင်ငံအား လုံလောက်သောအချိန်ပေးရန် လိုအပ်သော်လည်း အပြန်အလှန်ဆွေးနွေးမှုမပြုလုပ်မီ နှစ်ရက်အလိုမှသာ မြန်မာဘက်သို့ မျှဝေခဲ့ကြောင်း၊ ထို့ပြင် အစီရင်ခံစာအပေါ် အစိုးရ၏တွေ့ရှိချက်များကို ထုတ်ပြန်ပေးရန် မဟာမင်းကြီးရုံးက ပျက်ကွက်ခဲ့သည့်အတွက် ယင်းကဲ့သို့အပြုအမူအားလုံးက မဟာမင်းကြီးရုံး၏ ပွင့်လင်းမြင်သာရှိမှုနှင့် ပညာရှင်ဆန်မှုအပေါ် ပြင်းထန်စွာ မေးခွန်းထုတ်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။ 

မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ ထုတ်ပြန်ချက်တွင် အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်/ထွက်ခွင့်နှင့်စပ်လျဉ်းသည့်အကြောင်းအရာများ၊ ဘင်္ဂါလီကိစ္စ၊ လှေစီးသွားလာသူများကိစ္စနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် နိုင်ငံတကာပြစ်မှုနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်တရားရုံးသို့ ညွှန်းပို့ရန် အကြံပြုချက်များနှင့် ပတ်သက်၍ အကျယ်တဝင် ပြန်လည်ရှင်းလင်းထားသည်။ 

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်သို့ ပြန်လည်ရောက်ရှိရန် သန္နိဋ္ဌာန်ချထားပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် ရည်ရွယ်ချက်များကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ စွက်ဖက်မှုများနှင့် အပြုသဘောမဆောင်သော အလေ့အထများသည် ထိပ်တိုက်ရင်ဆိုင်မှုများ၊ သဘောထားကွဲလွဲမှုများကိုသာ ဦးတည်စေပြီး တိုင်းပြည်ကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်စေရေးကြိုးပမ်းမှုတွင် အထောက်အကူဖြစ်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် မဟာမင်းကြီး၏ လျော်ကန်မှုမရှိသော အကြံပြုချက်များနှင့် အပြန်အလှန်ဆွေးနွေးပွဲအတွင်း နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို ပြတ်သားစွာ ကန့်ကွက်ပယ်ချကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent