တပ်မတော်အနေဖြင့် ပြည်ပရန် ကာကွယ်ရေးအတွက် Standard Army တစ်ခုဖြစ်စေရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော်အနေဖြင့် ပြည်ပရန် ကာကွယ်ရေးအတွက် Standard Army တစ်ခုဖြစ်စေရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 2 March 2023

တပ်မတော်အနေဖြင့် ပြည်ပရန်ကာကွယ်ရေးအတွက် Standard Army တစ်ခုဖြစ်စေရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မတ် ၁ ရက်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် နိုင်ငံ၏ အနောက်ဘက်ခြမ်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကို ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် ပြည်ပအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာရှိ တပ်မတော်တိုင်းသည် ပြည်ပအန္တရာယ်၊ ရန်စွယ်များကို ကာကွယ်ရန်ဖြစ်ပြီး ရဲတပ်ဖွဲ့သည် ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်မှုများ၊ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရသည်ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် သမိုင်းကြောင်းအခြေအနေများအရ တပ်မတော်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးတွင် ဝင်ရောက်တာဝန်ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ပထဝီဝင် အနေအထားအရ မိမိတို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများအပေါ်တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်၍ အရှည်မျှော်တွေးပြီးဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်သကဲ့သို့ ပြည်ပရန် ကာကွယ်ရေးအတွက်လည်း Standard Army တစ်ခုဖြစ်စေရေး လိုအပ်သည်များကိုကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်နက်များ စွမ်းအားမြင့်မားရေး၊ အရာရှိ၊ စစ်သည်များ၏ စွမ်းရည်မြင့်မားရေးအတွက် အမြဲမပြတ်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် (ကြည်း၊ရေ၊လေ)တပ်ဖွဲ့များ အားလုံးအဆင့်မြှင့်တင်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသဖြင့် တပ်မတော်၏စွမ်းပကားမြှင့်တင်ရန်အတွက် စစ်သည်တစ်ဦးချင်း၏ စွမ်းရည်မြင့်မားစေရေး လေ့ကျင့်ရေးတာ ဝန်များကိုလည်း မှန်မှန်ကန်ကန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို စနစ်တကျ အသုံးချမည်ဆိုပါက ထိခိုက်မှုများနည်းပါးစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်သည်တစ်ဦးချင်း၊ တပ်တစ်တပ်ချင်းမှ အစပြု၍ တပ်မတော်တစ်ရပ်လုံး စစ်ရေးစွမ်းရည် ထက်မြက်စေရေး ယခုထက်ပိုမိုကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ၎င်းက ဆိုသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ အမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent