ပါတီမထောင်ဘဲ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်သည့်နည်းလမ်းရှိပါက ၎င်းတို့ပါတီကို ဖျက်သိမ်းပေးလိုက်မည်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ပြောကြား

ပါတီမထောင်ဘဲ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်သည့်နည်းလမ်းရှိပါက ၎င်းတို့ပါတီကို ဖျက်သိမ်းပေးလိုက်မည်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ပြောကြား
Published 1 March 2023

ပါတီမထောင်ဘဲ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်သည့် နည်းလမ်းရှိပါက ၎င်းတို့ပါတီကို ဖျက်သိမ်းပေးလိုက်မည်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ရန်ကုန်မြို့၊ ယုဇနတာဝါရှိ ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်) တွင် ဖေဖော်ဝါရီ ၂၈ ရက် ပြုလုပ်သော ပြည်သူ့ပါတီ၏ ဒုတိယအကြိမ်ဗဟိုကော်မတီအစည်းအဝေးအပြီး ရှင်းလင်းပွဲတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးပါတီမထောင်နဲ့လို့ ပြောတဲ့ပုဂ္ဂိုလ်များကိုလည်းပဲ မထောင်ဘဲနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိရင်ပြောပါ။ ကျွန်တော်တို့ ပါတီဖျက်ပေးလိုက်မယ်။ ကျွန်တော်ပြောတာ ရှင်းရှင်းလေး ခင်ဗျားတို့ ဘာလို့ပါတီထောင်လဲ ပါတီထောင်တာ ဝိုင်းပြီးတော့ ကန့်ကွက်တယ်ပြုတယ်ဆိုရင် ပါတီမထောင်ဘဲနဲ့ ဒီပြသနာကို ဖြေရှင်းနိုင်တယ်လို့ တာဝန်ခံမယ့် အာမခံမယ့်လူ အဖွဲ့အစည်းရှိရင် ထွက်ခဲ့ပါ။ ကျွန်တော်တို့ပါတီအချိန်မရွေး ဖျက်ပေးမယ်။ ဒါတစ်ခါတည်း ကျွန်တော်ကြေညာလိုက်တယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ထို့ပြင် နိုင်ငံ၏ သေကျေပျက်စီးထိခိုက်ဆုံးရှုံးမှုများကို အမြန်ဆုံးချုပ်ငြိမ်းပြီး ပြန်လည်ထူထောင်ရေး၊ ပြန်လည်ကုစားရေးကိစ္စများအတွက် ခရီးရှည်ကြီးသွားရမည်ဖြစ်ကြောင်း၊  လတ်တလောတွင် စိတ်ခံစားမှု ပြင်းထန်နေပြီး အားလုံးမွန်းကျပ်မှုဖြစ်နေသည်ကို နားလည်ကြောင်း၊ နိုင်ငံရေးနည်းလမ်းပေါ် ပြန်တက်လာမှ ပြဿနာများအတွက် ရလဒ်ထွက်မည်ဖြစ်ကြောင်းနှင့် လက်တွေ့ကျကျ စဉ်းစားစေချင်ကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး ၎င်းယုံကြည်ရာကို ဖျက်သိမ်းပေးရန်အတွက် တစ်ဖက်က တာဝန်ယူ၊ တာဝန်ခံပေးရမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီများမလိုကြောင်း အာမခံနိုင်သည့် လူပုဂ္ဂိုလ်သော်လည်း အဖွဲ့အစည်းသော်လည်းကောင်း သေချာပါက ရဲရဲတင်းတင်း ထွက်ခဲ့ရန် ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

Most Read

Most Recent