UCE ထံ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားသည့်ပါတီ ၁၃ ပါတီရှိသည့်အနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်း (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ရှစ်ပါတီရှိ

UCE ထံ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားသည့်ပါတီ ၁၃ ပါတီရှိသည့်အနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်း (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ရှစ်ပါတီရှိ
Published 28 February 2023

ဖေဖော်ဝါရီ ၁ ရက်မှ ၂၇ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားသည့်ပါတီ ၁၃ ပါတီရှိသည့်အနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်း (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ရှစ်ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၇ ရက်အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသောပါတီ လေးပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသောပါတီ ကိုးပါတီ ရှိသည့်အတွက် စုစုပေါင်း ၁၃ ပါတီရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်သည်။

အဆိုပါ ၁၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီရှစ်ပါတီဖြစ်ပြီး အဆိုပါပါတီများကိုတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသောပါတီများတွင် ပြည်ထောင်စုဒီမိုကရေစီပါတီ (Unino Democracy Party)၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ ပါဝင်ကြောင်း UEC က ထုတ်ပြန်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD)၊ အမျိုးသားဒီမိုကရေစီပါတီသစ် (NEWNATIONAL DEMOCRACy PARTY)၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party (AFP)) တို့ ပါဝင်ကြောင်း UEC က ဆိုသည်။ 

နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နစကအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။