သာမာန်အခြေအနေမဟုတ်သည့်အတွက် အရေးပေါ်ကာလကို နောက်ထပ်ခြောက်လသက်တမ်းတိုးရန် ကာလုံအစည်းအဝေးဆုံးဖြတ်

သာမာန်အခြေအနေမဟုတ်သည့်အတွက် အရေးပေါ်ကာလကို နောက်ထပ်ခြောက်လသက်တမ်းတိုးရန် ကာလုံအစည်းအဝေးဆုံးဖြတ်
Published 1 February 2023

ဇန်နဝါရီ ၃၁ ရက်က ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် သာမာန်အခြေအနေမဟုတ်သည့်အတွက် အရေးပေါ်ကာလကို နောက်ထပ်ခြောက်လသက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသည့် ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နေရာအနှံ့ အကြားအလပ်မရှိ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တိုင်းရင်းသားအားလုံး အချိုးကျကိုယ်စားပြုပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာစေရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲထက် မဲဆန္ဒနယ်မလျော့အောင် အတတ်နို်င်ဆုံး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ပါကြောင်း၊ အဆိုပါအချက်များသည် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များဖြစ်သည့်အတွက် ဖန်တီးပေးရန် လိုအပ်ကြောင်း၊ ယခုအစည်းအဝေးသို့ တက်လာသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး၏ သဘောတူညီဆုံးဖြတ်ချက်များအရ လည်းကောင်း၊ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ ယခုလိုအရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နောက်ထပ်ခြောက်လ တိုးမြှင့်သတ်မှတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို နို်င်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ထပ်မံအပ်နှံကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ယာယီသမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ သဘောထားတောင်းခံရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဆက်စပ်စကားရပ်များကို ထောက်ရှု၍ လက်ရှိဖြစ်ပေါ်နေသော အခြေအနေသည် သာမာန်မဟုတ်သည့်အခြေအနေဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင် ခြောက်လအထိ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဆက်လက်သက်တမ်းတိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်မှုရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယာယီသမ္မတထံသို့ သဘောထားပြန်ကြားခဲ့ကြောင်း သိရသည်။