၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်အထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူ ၇၄၅ ဦးရှိသည့်အနက် ၆၆၉ ဦးကို ခွင့်ပြု

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်အထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူ ၇၄၅ ဦးရှိသည့်အနက် ၆၆၉ ဦးကို ခွင့်ပြု
Published 31 January 2023

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်အထိ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူ ၇၄၅ ဦးရှိသည့်အနက် ၆၆၉ ဦးအား ခွင့်ပြုခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

နေပြည်တော်၌ ဇန်နဝါရီ ၃၀ ရက်က ကျင်းပသည့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအား နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System- PR System) ဖြင့် စိစစ်သုံးသပ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System- PR System) စီမံခန့်ခွဲမှုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ကဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် ၁၀ ဦး ဖြင့်လည်းကောင်း၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ အဖွဲ့ဝင် ၁၃ ဦးဖြင့်လည်းကောင်း အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားနိုင်သည့် PR အမျိုးအစား လေးမျိုးရှိပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်အထိ မိသားစုအပါအဝင် လျှောက်ထားသူ စုစုပေါင်း ၇၄၅ ဦးရှိပြီဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးခဲ့သူ မိသားစုအပါအဝင် ၆၆၉ ဦး ရှိပြီဖြစ်ကြောင်း၊ PF နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ ခုနစ်ဦးရှိပြီး လျှောက်ထားခြင်းကို ပြန်လည်ပယ်ဖျက်ခွင့် ပြုရန် လျှောက်ထားသူတစ်ဦး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဖြစ်ပွားနေချိန် လေကြောင်းလိုင်းများ ပိတ်ထားသည့်အတွက် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးရန် ကျန်ရှိသူ မိသားစုအပါအဝင် ၄၈ ဦးရှိကြောင်း ပြောကြားသည်။

ယခုပြုလုပ်သည့် အစည်းအဝေးတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်က နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီမှ ပဏာမစိစစ်ပြီးဖြစ်သည့် မိသားစုအပါအဝင် လျှောက်ထားသူ ၂၀ ကို ဗဟိုကော်မတီအနေဖြင့် စိစစ်သုံးစပ်ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ စိစစ်ဆောင်ရွက်ပြီးပါက ၎င်းတို့အား လူကိုယ်တိုင်ခေါ်ယူ၍ ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးအကဲဖြတ်မှုများကို ဆက်လက်စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်စနစ်သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွက် နိုင်ငံခြားငွေရရှိရေးနှင့် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် များစွာအထောက်အကူပြုသော်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှု မရှိစေရေးအတွက် ဗဟိုကော်မတီဝင်များအနေဖြင့် အဖက်ဖက်မှ စဉ်းစားသုံးသပ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုနိုင်ရေးအတွက် စိစစ်သုံးသပ်အကြံပြုဆွေးနွေးကြရန်တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent