လူမျိုးအလိုက်၊ အစုအဖွဲ့အလိုက် လွတ်လပ်မှုနှင့် ရပိုင်ခွင့်များကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရမည်ဟု KNU ဥက္ကဋ္ဌ ပြောကြား

လူမျိုးအလိုက်၊ အစုအဖွဲ့အလိုက် လွတ်လပ်မှုနှင့် ရပိုင်ခွင့်များကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရမည်ဟု KNU ဥက္ကဋ္ဌ ပြောကြား
Published 31 January 2023

လူမျိုးအလိုက်၊ အစုအဖွဲ့အလိုက် လွတ်လပ်မှုနှင့် ရပိုင်ခွင့်များကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကျရောက်သည့် (၇၄) ကြိမ်မြောက် ကရင်အမျိုးသား ခုခံတော်လှန်ရေးနေ့တွင် ပြောကြားသည့်မိန့်ခွန်း၌ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်သည် (၇၄) ကြိမ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ဖြစ်ကြောင်း၊ ကရင်အမျိုးသား ခုခံတော်လှန်ရေး ကြိုးပမ်းမှုများသည် ကရင်အမျိုးသားများ၏ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုများကို လေးစားတန်ဖိုးထားကြောင်း ဖော်ကျူးနေသော လက္ခဏာရပ်များပင်ဖြစ်ကြောင်း၊ ယခုကရင်အမျိုးသားခုခံတော်လှန်ရေးနေ့တွင် လူမျိုးနှင့် ကိုးကွယ်ယုံကြည်မှုအရ ခွဲခြားမှုမရှိဘဲ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုများကို တန်ဖိုးထားပြီး တက်ကြွလှုပ်ရှားလျက်ရှိသော ကရင်အမျိုးသားများအပြင် ပြည်သူလူထုနှင့် နိုင်ငံသူနိုင်ငံသားအားလုံးအတွက် ဆုမွန်ကောင်းတောင်းလျက် မေတ္တာပို့အပ်ကြောင်း ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားရေးကြိုးပမ်းမှုကြီး၏ အဓိကရည်မှန်းချက်သည် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်ဖြစ်ကြောင်း၊ ကရင်အမျိုးသားရေး ကြိုးပမ်းမှုကြီးသည် နိုင်ငံရေးလှုပ်ရှားမှုများမှ စတင်ခဲ့ပြီးနောက်ပိုင်းတွင် လက်နက်ကိုင်ခုခံတော်လှန်ရေးသို့ ကူးပြောင်းခဲ့ရကြောင်း၊ ခုခံတော်လှန်ရေးကြီး၏ အဓိကရည်ရွယ်ချက်သည် ယနေ့ထက်တိုင် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် မပြောင်းမလဲတည်ရှိနေဆဲပင်ဖြစ်ကြောင်း၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို လေးစားတန်ဖိုးထားလျက်ရှိသော ကရင်ပြည်သူလူထုကြီးသည် KNU အား တက်တက်ကြွကြွဖြင့် အတူတကွလက်တွဲပြီး တစ်စိုက်မတ်မတ်ပံ့ပိုးကူ ညီလျက်ရှိသောကြောင့် ကရင်အမျိုးသားများ၏ ခုခံတော်လှန်ရေးကြီး အစဉ်ထာဝရ ခိုင်မြဲရှင်သန်လျက်ရှိနေကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ကရင်အမျိုးသားလှုပ်ရှားမှု၏ ကနဦးအစသည် နိုင်ငံရေးနည်းလမ်းနှင့် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးသည့် နည်းလမ်းများပင်ဖြစ်ကြောင်း၊ မိမိတို့ကရင်အမျိုးသားလှုပ်ရှားမှုသည် အခြားသောလူမျိုးများအား နိုင်လိုမင်းထက်ဆက်ဆံပြီး ဖိနှိပ်အုပ်ချုပ်လိုသည့် ရည်ရွယ်ချက်များ လုံးဝမရှိကြောင်း၊ လူမျိုးတစ်မျိုးအနေဖြင့် မိမိတို့အမျိုးသားများ၏ အမျိုးသားဂုဏ်အင်္ဂါရပ်များ၊ အမျိုးသားအခွင့်အရေးများ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက်ဖြစ်ကြောင်း၊ သို့သော မိမိတို့တစ်မျိုးသားလုံး၏ လုံခြုံရေးကို ထိပါးလာသည့်အတွက် မတတ်သာသည့်အဆုံး နောက်ဆုံးတွင် နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းမှုများမှတစ်ဆင့် မိမိကိုယ်ကိုယ်မိမိ ခုခံကာကွယ်နိုင်ရန်အတွက် လက်နက်ကိုင်ခုခံတော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအရ ကြိုးပမ်းမှုများအတွက် လမ်းပိတ်သွားခြင်းနှင့် ရပ်တန့်သွားခြင်းများ ဖြစ်ပေါ်လာပါက လက်နက်ကိုင်ခုခံတော်လှန်ရေး ပေါ်ပေါက်လာမည်သာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့အတူ မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များဖြစ်သည့် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် အာမခံပေးနိုင်ပြီး လူမျိုးတိုင်းနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် လူတစ်ဦးချင်း၏ တန်းတူအခွင့်အရေးများနှင့် ကိုယ်ပိုင်လွတ်လပ်မှုများအပြင် လူမျိုးအလိုက်၊ အစုအဖွဲ့အလိုက် လွတ်လပ်မှုနှင့် ရပိုင်ခွင့် အခွင့်အရေးများကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင်ယင်းအခွင့်အရေးများသည် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းထည့်သွင်းပြဋ္ဌာန်းထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ ဥပဒေအဖြစ် ပြောင်းလဲပစ်ရမည်ဖြစ်ကြောင်း၊ လူမျိုးတိုင်းနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံချက်ပေးနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ မိမိတို့အမျိုးသားများနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် ဆုံးခန်းတိုင်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးအခြေအနေအရပ်ရပ်ပေါ်မူတည် ပြီး ပိုမိုအားကောင်းရေးနှင့် အောင်မြင်နိုင်ရေးအတွက် အခြားသောလူမျိုးများ၊ အစုအဖွဲ့များနှင့် လက်တွဲပြီး နိုင်ငံရေးသတိဖြင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင် အောင်မြင်သည်အထိ ကြိုးပမ်းအားထုတ်ကြရန်လိုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားသည်။

Most Read

Most Recent