ပဋိပက္ခများနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ကုန်ထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်ထက် များစွာနိမ့်ကျနေဦးမည်ဖြစ်သော်လည်း ၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး သုံးရာခိုင်နှုန်းခန့်တိုးလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ

ပဋိပက္ခများနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ကုန်ထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်ထက် များစွာနိမ့်ကျနေဦးမည်ဖြစ်သော်လည်း ၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး သုံးရာခိုင်နှုန်းခန့်တိုးလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ
Published 31 January 2023

ကုန်ထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ် ထက်များစွာ နိမ့်ကျနေဦးမည်ဖြစ်သော်လည်း ၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး သုံးရာခိုင်နှုန်းခန့် တိုးလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုနှင့် နိုင်ငံရေးရိုက်ခတ်မှုများကြောင့် ကာလတိုစီးပွားရေး ပြန်လည်သက်ဝင်လာနိုင်မှုမှာ နှေးကွေးနေဆဲဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သိသာထင်ရှားသည့် မက်ခရိုစီးပွားရေးနှင့် စည်းမျဉ်းစည်းကမ်းမရေရာမှုများ၊ လတ်တလောပဋိပက္ခများနှင့်လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဆက်လက်ဖြစ်ပေါ်နေခြင်းတို့ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

သွင်းအားစုရှားပါးမှုနှင့် ဝယ်လိုအားလျော့နည်းမှုတို့ကြောင့် ၂၀၂၃ ခုနှစ်တွင် လူတစ်ဦးချင်း GDP သည် ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်းလျော့ကျနေဆဲဖြစ်မည်ဟု ခန့်မှန်းထားသည်။

မြန်မာ့ GDP သည် ကပ်ရောဂါမတိုင်ခင်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်စွမ်းမရှိသေးသဖြင့် ဒေသတွင်းအခြားသော နိုင်ငံများနှင့် များစွာကွာခြားလျက်ရှိကြောင်း၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံကြီးများအားလုံး၏ GDP သည် ၂၀၁၉ ခုနှစ်မတိုင်ခင်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

မြန်မာ့စီးပွားရေးသည် ပြီးခဲ့သည့် ခြောက်လတာအတွင်း မတည်ငြိမ်မှုများဒဏ်ကို သိသိသာသာ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ဇူလိုင်လကတည်းက မြန်မာကျပ်ငွေတန်ဖိုးထိုးကျလာခဲ့ရာ ဒီဇင်ဘာလ၌ မြန်မာကျပ်ငွေတန်ဖိုးသည် ပြီးခဲ့သည့် နှစ်နှစ်တာကာလထက် ရာခိုင်နှုန်း ၅၀ လျော့ကျသွားကြောင်း သိရသည်။

ကမ္ဘာ့ကုန်စည်စျေးနှုန်း ဆက်လက်မြင့်တက်နေခြင်း၊ သယ်ယူပို့ဆောင်ရေးအခက်အခဲများရှိနေခြင်းအပြင် အဆိုပါငွေတန်ဖိုးကျဆင်းခြင်းက ကုန်စည်စျေးနှုန်းများကို သိသိသာသာ မြင့်တက်သွားစေသောကြောင့် စီးပွားရေးတစ်ခုလုံးအား ထိခိုက်စေခဲ့သည်။

နောက်ဆုံးရရှိသည့် CPI အချက်အလက်များအရ ဇူလိုင်လတွင် ငွေကြေးဖောင်းပွနှုန်းရာခိုင်နှုန်း ၂၀ အထိရှိခဲ့ပြီး ထိုသို့မြင့်တက်မှုကြောင့် အိမ်ထောင်စုအမှန်ဝင်ငွေ၊ သုံးစွဲနိုင်မှုနှင့် လုပ်ငန်းရင်းနှီးမြှုပ်နှံမှုတို့အပေါ် ဖိအားဖြစ်စေခဲ့သည်။

ငွေလဲနှုန်းမတည်ငြိမ်ခြင်းသည် စီးပွားရေးလုပ်ငန်းများအတွက် အဓိကအခက်အခဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏စက်တင်ဘာလက ကောက်ယူခဲ့သော စစ်တမ်းတွင် ဖော်ပြခဲ့သည်။ ယင်းအချက်က ဇူလိုင်နှင့်သြဂုတ်လအတွင်း ငွေကြေးတန်ဖိုး သိသာစွာကျဆင်းသွားခြင်းကို ဖော်ပြနေသည်။ ပြီးခဲ့သည့်လများအတွင်း မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်တည်ငြိမ်လာသော်လည်း နိုင်ငံခြားငွေကြေး ပြတ်တောက်မှုများနှင့် ကုန်သွယ်မှုကန့်သတ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သဖြင့် သွင်းကုန်တင်သွင်းနိုင်မှု အကန့်အသတ်ဖြစ်စေသည်။ တစ်ပြိုင်နက်တည်းတွင် နိုင်ငံခြားငွေအား မြန်မာကျပ်ငွေသို့ မဖြစ်မနေ ပြောင်းလဲရသည့်စည်းကမ်းချက်မှာ ပြည်ပပို့ကုန်သမားများအတွက် အခွန်အမြောက်အမြား ပေးဆောင်ရသကဲ့သို့ဖြစ်စေပြီး နိုင်ငံတကာစျေးကွက်တွင် လုပ်ငန်းပြိုင်ဆိုင်နိုင်စွမ်းလျော့ကျစေသည်။

စီးပွားရေးခန့်မှန်းချက်များအား အပြောင်းအလဲဖြစ်စေနိုင်သည့် အကြောင်းအရာများ ရှိနေဆဲဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဟု စီစဉ်ထားသည့် ရွေးကောက်ပွဲများကြောင့် ပဋိပက္ခပိုမိုဆိုးရွားလာနိုင်ခြေရှိသဖြင့်  စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ဆောင်ရန် ယုံကြည်မှုအပေါ် ဖိအားဖြစ်စေကာ စီးပွားရေးလုပ်ငန်းများကို အတားအဆီးဖြစ်နိုင်ကြောင်း၊ ကမ္ဘာ့အခြေအနေတွင်လည်း ရှေ့လာမည့်လများတွင် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ကမ္ဘာ့ကုန်စည်စျေးနှုန်းများ အပြောင်းအလဲများသည် ယခု baseline တွင် ယူဆထားသည်ထက် ပို၍စိန်ခေါ်လာနိုင်သည့် အခြေအနေများလည်းရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent