အနောက်နိုင်ငံများနှင့် ရုရှားတို့၏ တိုက်ရိုက်ပဋိပက္ခဆီ ဦးတည်လာနိုင်သည့် ယူကရိန်းသို့ တင့်ကားများ ပေးပို့မှု

အနောက်နိုင်ငံများနှင့် ရုရှားတို့၏ တိုက်ရိုက်ပဋိပက္ခဆီ ဦးတည်လာနိုင်သည့် ယူကရိန်းသို့ တင့်ကားများ ပေးပို့မှု
Published 30 January 2023
Translate by ဖြိုးဟိန်းကျော်

ယူကရိန်းသို့ တင့်ကားများ ပေးပို့ရန် အနောက်နိုင်ငံများက ဆုံးဖြတ်ခဲ့ခြင်းသည် နေတိုးမဟာမိတ်အုပ်စုနှင့် ရုရှားတို့ တိုက်ရိုက်ပဋိပက္ခအသွင် ဖြစ်လာပြီလောဟူသည့် စိတ်မသက်သာစရာမေးခွန်းကို ထွက်ပေါ်စေခဲ့သည်။

ရုရှားဘက်က အခိုင်အမာပုံဖော်ပြောဆိုရန် ကြိုးပမ်းနေသည့် ထိုအခြေအနေသည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ၎င်း၏မဟာမိတ်များအနေဖြင့် ရုရှားက ယူကရိန်းကို အကြောင်းမဲ့တိုက်ခိုက်ကာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ နယ်မြေအစိတ်အပိုင်းများကို တရားမဝင် သိမ်းယူထားသည်ဟူသောအချက်ကို လမ်းလွှဲရာတွင် မုချအထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။

ထို့ပြင် နေတိုးမဟာမိတ်အုပ်စုအနေဖြင့် ယူကရိန်းအား စစ်ရေးအကူအညီမည် ရွေ့မည်မျှပေးသင့်သည်ဆိုသည်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချရာတွင် ပိုမိုချိန်ဆလုပ်ဆောင်စေရန် ပူတင်က တွန်းအားပေးလာနိုင်မည်လည်းဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ မည်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံကမှ နိုင်ငံတကာက လက်ခံထားသော တရားဝင်စစ်ပွဲအသွင် သဏ္ဌာန်မျိုးတွင် ရုရှားနှင့် ရင်ဆိုင်ရန် လုံးဝစဉ်းစားထားဖွယ်မရှိဟု ကျွမ်းကျင်သူများအကြား တူညီသော အယူအဆတစ်ရပ်ရှိနေခြင်းဖြစ်သည်။

“ယူနီဖောင်းဝတ် အမေရိကန် ဒါမှမဟုတ် နေတိုးတပ်ဖွဲ့က နေတိုးပိုင်နက်ထဲကနေ ရုရှားတပ်တွေ၊ ရုရှားနယ်မြေနဲ့ ရုရှားလူထုကို တိုက်ခိုက်မှုလုပ်ဆောင်မှသာ စစ်ပွဲဆင်နွှဲတယ်လို့ သတ်မှတ်နိုင်မှာဖြစ်တယ်” ဟု နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဝီလီယမ်အယ်လ်ဘာကီက ဆိုသည်။

“ရုရှားဘက်က ဘယ်လိုပဲ ပုံဖော်ပြောဆိုနေပေမဲ့ ယူကရိန်းက ရုရှားကို သမားရိုးကျ စစ်လက်နက်တွေနဲ့ တိုက်ခိုက်မှုမှန်သမျှဟာ ယူကရိန်းမှာ အမေရိကန် ဒါမှမဟုတ် နေတိုးမဟာမိတ်အဖွဲ့က ဝင်တိုက်နေတယ်လို့ မသတ်မှတ်နိုင်ပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် လက်နက်ကိုင် တိုက်ခိုက်ခြင်းခံရသည်ဆိုလျှင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရန် လိုအပ်သော အစီအမံများကို မချမှတ်နိုင်ခင်အထိ သီးခြား သို့မဟုတ် စုပေါင်းကာ မိမိကိုယ်ကိုယ်ကာကွယ်ခြင်း၏ ရှိရင်းစွဲအခွင့်အရေးကို မထိခိုက်စေရဟု ဖော်ပြထားသော ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ၎င်းက ထောက်ပြခဲ့သည်။  

ရုရှားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ ယူကရိန်းတွင် ကျူးလွန်ခဲ့သော ၎င်း၏လုပ်ရပ်များအပေါ် ရှုတ်ချမှုများကို ဗီတိုအာဏာသုံး၍ တားဆီးခဲ့သည်။

ရုရှားအနေဖြင့် နေတိုးသည် ယူကရိန်းစစ်ပွဲတွင် အဓိကကျူးကျော်သူဟု စွပ်စွဲပြောဆိုရန် ခေတ်သစ်စစ်ပွဲမှန်သမျှတွင် ရှိနေတတ်သည့် ရှုပ်ထွေးသော အခြေအနေအချို့ကို ဖော်ထုတ်ရန် မလွဲမသွေ ကြိုးပမ်းလျက်ရှိသည်။ 

ထိုကဲ့သို့ အခြေအနေများထဲတွင် ယူကရိန်းက ရုရှားပစ်မှတ်များကို တိုက်ခိုက်ရာ၌ အနောက်နိုင်ငံများ၏ ထောက်လှမ်းရေး သတင်းများကို အသုံးပြုနေခြင်းလည်း ပါဝင်နိုင်သည်။

ထို့အပြင် အမေရိကန်သည် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့် ၉/၁၁ ဖြစ်စဉ်အပြီးတွင် အမေရိကန်က အကြမ်းဖက်နှိမ်နှင်းရေးစစ်ပွဲစတင်ခြင်းနှင့် နေတိုးမဟာမိတ်အဖွဲ့၏ အပိုဒ်ခွဲ ၅ ကို ကျင့်သုံးခြင်းတို့လည်း ပါဝင်နိုင်သည်။

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး နစ်ကိုလိုင်ပါထရူရှက်ဗ်က အနောက်နိုင်ငံများသည် ရုရှားကို ဖျက်ဆီးရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲထားသည်။ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် အနာတိုလီအန်တိုနော့ဗ်ကလည်း ရုရှားတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အမေရိကန်အစိုးရက ယူကရိန်းကို တွန်းအားပေးနေသည်ဟု ပြောဆိုထားသည်။ 

ရုရှားက နေတိုးနှင့် ရုရှား၏စစ်ပွဲဟူသော အယူအဆကို ကြွေးကြော်နေခြင်းမှာ ယူကရိန်းစစ်ပွဲ၌ မျှော်မှန်းထားသလောက် မြန်မြန်ဆန်ဆန် အောင်မြင်မှုမရခဲ့ခြင်းအပေါ် ရုရှားပြည်သူများကို အကြောင်းပြချက်ပေးရာတွင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း၊ အတ္တလန်တစ်ကောင်စီ၏ ယူရေးရှားရေးရာဌာန အကြီးတန်းဒါရိုက်တာဖြစ်သူ ဂျွန်ဟာ့ဘ်စ်က ဆိုသည်။

“ရုရှားစစ်တပ်ဟာ ယူကရိန်းမှာ ရည်မှန်းချက်တွေ မအောင်မမြင်ဖြစ်နေတဲ့အတွက် ဒီစစ်ပွဲဟာ ယူကရိန်းနဲ့တင်မဟုတ်ဘဲ နေတိုးအုပ်စုနဲ့ပါ ရင်ဆိုင်နေရတာကြောင့်လို့ အကြောင်းပြချက်ပေးတဲ့အခါမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ရုရှားဟာ နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်တယ်ဆိုတဲ့ အယူအဆကို ချဲ့ကားပုံဖော်ဖို့လည်း အလွန်စိတ်အားထက်သန်နေတယ်” ဟု ဟာ့ဘ်စ်က ပြောကြားသည်။   

အနောက်နိုင်ငံများအပေါ် ရုရှား၏ သတင်းအချက်အလက်စစ်ပွဲသည် ၎င်း၏စစ်ဆင်ရေးထက် ပို၍အောင်မြင်နေသည်ဟုလည်း ၎င်းက ယူဆထားသည်။ အဘယ်ကြောင့်ဆိုသော် ရုရှား၏ သတင်းအချက်အလက် စစ်ပွဲတွင် ရုရှားက နျူကလီးယားလက်နက်များ ထုတ်သုံးလာနိုင်သည့် အလားအလာကို ပုံကြီးချဲ့ပြောဆိုနေသည့်အတွက် အမေရိကန်ပြည်သူများ၏ ယူကရိန်းကို စစ်ရေးအကူအညီ တိုးမြှင့်မှုအပေါ် ထောက်ခံမှုကို အရှိန်ရပ်တန့်သွားစေခြင်းကြောင့်ဖြစ်သည်။

ရုရှားသမ္မတပူတင်ကို ကာလကြာမြင့်စွာ လေ့လာစောင့်ကြည့်သူများက ရုရှားအနေဖြင့် နေတိုးမဟာမိတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် တုံ့ပြန်လာစေရန် ရန်စသည့်အဆင့်အထိ တင်းမာမှုမြင့်တက်လာအောင် လုပ်ဆောင်နိုင်ခြေနည်းပါးသည်ဟု ယူဆနေသည့် အကြောင်းရင်းမှာ နေတိုးအုပ်စုကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိသည်ကို ရုရှားက ရိပ်စားမိခြင်းကြောင့်ဖြစ်သည်။ 

“အခုအချိန်မှာ အမေရိကန်နဲ့ ရုရှားခေါင်းဆောင်ပိုင်းအကြားက တူညီတဲ့ ရည်မှန်းချက် အနည်းငယ်ထဲက တစ်ခုကတော့ အင်အားကြီးနှစ်နိုင်ငံအကြား တိုက်ရိုက်ပဋိပက္ခ ဖြစ်ပွားခြင်းကို ရှောင်ရှားဖို့ပဲဖြစ်တယ်” ဟု လန်ဒန်အခြေစိုက် Royal United Services Institute ၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် မယ်လ်ကွမ်ချာမာစ်က ပြောကြားခဲ့သည်။

“နေတိုးအဖွဲ့နဲ့ သမားရိုးကျ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် သူတို့တွေ အလွန်လျင်မြန်စွာနဲ့ အဆုံးသတ်သွားမယ် ဆိုတာကို ရုရှားက သိထားပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေဆီက လိုက်လျောမှုတွေ ပိုရနိုင်ဖို့ မျှော်လင့်ပြီးတော့ စွန့်စားလိုတဲ့ သဘောဖြစ်နိုင်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

ဥရောပနိုင်ငံအများအပြား၏ တာဝန်ရှိသူများနှင့် နေတိုးအဖွဲ့ သတင်းရင်းမြစ်များကလည်း နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်ခြေကို အလေးအနက် တွေးဆပြီး ရှောင်လွှဲသင့်သည်ဆိုသော်လည်း ပူတင်အနေဖြင့် ယင်းစစ်ပွဲကို ဆင်နွှဲဖွယ်မရှိဟူသော အချက်ကို လက်ခံထားကြသည်။

စစ်ပွဲမပြီးဆုံးသရွေ့ ယူကရိန်းသည် မဟာမိတ်များထံမှ စစ်လက်နက်များနှင့် ပိုမိုကျယ်ပြန့်သော အကူအညီများကို ဆက်လက်တောင်းခံလာဖွယ်ရှိသည်။ ထိုသို့အကူအညီ တောင်းခံလာသည့်အချိန်တိုင်း နေတိုးအဖွဲ့ဝင် နိုင်ငံအားလုံးအနေဖြင့် စွန့်စားရန်သင့်မသင့် ဆိုသည်နှင့် နှောင့်နှေးကြန့်ကြာနေလျှင်လည်း ရုရှားကို အလေးသာ သွားစေမည်လောဆိုသည်ကို လေးလေးနက်နက် ချိန်ဆရမည်ဖြစ်သည်။

ယူကရိန်းကို ရုရှားက တိုက်ခိုက်ခဲ့ခြင်းသည် ရန်လိုသော ရုရှားနှင့် ရင်ဆိုင်ရခြင်းသည် မည်သို့နည်းဟူသော အချက်ကို ထင်ထင်ရှားရှား အမှတ်ရစေပြီး အနောက်နိုင်ငံများမှ တာဝန်ရှိသူများသည် စစ်အေးကာလက ဆိုဗီယက်ယူနီယံ ကျင့်သုံးခဲ့သည့် နည်းဗျူဟာများကို ခေတ္တမေ့လျော့နေခဲ့ပုံရသည်ဟု ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဂျွန်ဟာ့ဘ်စ်က သုံးသပ်သည်။

“လွန်ခဲ့တဲ့နှစ် ၃၀ အတွင်း အချိန်အများစုမှာ အင်အားကြီးနိုင်ငံအချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်း ရှိနေခဲ့တာကြောင့် အနောက်နိုင်ငံတွေရဲ့ ဆင်ခြင်သုံးသပ်မှုအားနည်းချက်တွေကို တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ စစ်အေးတိုက်ပွဲ အရှိန်အမြင့်ဆုံးကာလမှာ လေးလေးနက်နက် သိရှိနားလည်ခဲ့တဲ့ အရာကို လက်ရှိမှာလည်း ဆက်ပြီးရှာဖွေနေတုန်းပါပဲ။ ကျွန်တော်တို့ အဲဒီလိုမြင်တွေ့နေရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက အင်အားကြီးနိုင်ငံတွေထဲက တစ်နိုင်ငံဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို လိုလားနှစ်သက်မှု မရှိလို့ပါပဲ” ဟုလည်း ၎င်းက ဆိုသည်။ 

Ref:CNN