နှစ်နှစ်ကြာ ရပ်ဆိုင်းထားသည့် ပလက်ဝ-ဇိုရမ်ပူကားလမ်းဖောက်လုပ်မှု ပြန်လည်စတင်နေပြီး အဆိုပါစီမံကိန်းကို ကုမ္ပဏီငါးခုက တင်ဒါရရှိထားကာ ငါးနှစ်အတွင်း အပြီးဆောင်ရွက်မည်

နှစ်နှစ်ကြာ ရပ်ဆိုင်းထားသည့် ပလက်ဝ-ဇိုရမ်ပူကားလမ်းဖောက်လုပ်မှု ပြန်လည်စတင်နေပြီး အဆိုပါစီမံကိန်းကို ကုမ္ပဏီငါးခုက တင်ဒါရရှိထားကာ ငါးနှစ်အတွင်း အပြီးဆောင်ရွက်မည်
Published 24 January 2023

နှစ်နှစ်ကြာ ရပ်ဆိုင်းထားသည့် ပလက်ဝ-ဇိုရမ်ပူကားလမ်းဖောက်လုပ်မှု ပြန်လည်စတင်နေပြီး အဆိုပါစီမံကိန်းကို ကုမ္ပဏီငါးခုက တင်ဒါရရှိထားကာ ငါးနှစ်အတွင်းအပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်း ကုလားတန်မြစ်ကြောင်းဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ဇိုရမ်ပူအထိ ကားလမ်းဖောက်လုပ်ခြင်း စီမံကိန်းလုပ်ငန်းများကို အခြေအနေအမျိုးမျိုးကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ရပ်ဆိုင်းခဲ့ရာမှ ပလက်ဝ-ဇိုရမ်ပူကားလမ်းစီမံကိန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှစတင်ပြီး လုပ်ငန်းပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါပလက်ဝ-ဇိုရမ်ပူကားလမ်းသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆိပ်ခံတံတားမှ အိန္ဒိယနိုင်ငံနယ်နိမိတ်အထိ ၁၀၉ ကီလိုမီတာရှည်လျားကာ အကျယ် ၂၇ ပေရှိ မည်ဖြစ်ပြီး ကားလမ်းဖောက်လုပ်ရေးလုပ် ငန်းစီမံကိန်းတင်ဒါရရှိထားသည့် K&DL ကုမ္ပဏီ၊ Su Htoo San ကုမ္ပဏီ၊ Shwe Mann ကုမ္ပဏီ၊ Future Creator Group Construction ကုမ္ပဏီ၊ Htet Shine Linn တို့က ပလက်ဝ-ဇိုရမ်ပူကားလမ်းဖောက်လုပ်ရေးစီမံကိန်းကို ငါးနှစ်အပြီး အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်သည်။

ပလက်ဝမြို့နယ် ဆိပ်ခံတံတားမှ ကီလိုမီတာ ၄၀ အထိ Caladan Consortium ကုမ္ပဏီက အပိုင်းလေးပိုင်းခွဲ၍ တစ်ကြောင်းထိုး မြေသားလမ်းဖောက်လုပ်ဆောင်ရွက်သွားမည်ဖြစ်ကာ ယခုနှစ်ခွင့်ပြုမိန့်ရရှိထားသည့် စီမံကိန်းကို မိုးမကျမီ ၂၆ ကီလိုမီတာကျော် စီမံကိန်းလုပ်ငန်းဆောင်ရွက်ရန် ရည်မှန်းထားကြောင်း ကုမ္ပဏီလုပ်ငန်းတာ ဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို အခြေခံပြီး ရေရှည်တွင် အိန္ဒိယနှင့် အာဆီယံဆက်သွယ်သည့် စီးပွားရေးကော်ရစ်ဒါတစ်ခုဖြစ်ပေါ်လာနိုင်ရေး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ချင်းပြည်နယ်ရှိ ဒေသန္တရစီးပွားရေးလုပ်ငန်းဖွံံ့ဖြိုးမှုအတွက် စိန်ခေါ်မှုနှင့်အခွင့်အလမ်းများ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်နေသော ကုလားတန်မြစ်ကြောင်း ဘက်စုံပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project) သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား သွားလာဆက်သွယ်မှု လွယ်ကူချောမွေ့မှုမှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်ရေးမြှင့်တင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဖော်ပြထားသည်။

Most Read

Most Recent