ယူကရိန်းတွင် ရုရှားဘက်မှ သေဆုံး သို့မဟုတ် ဒဏ်ရာရသူ ၁၈၀,၀၀၀ ကျော်ရှိသည်ဟု နော်ဝေဗိုလ်ချုပ်ကြီးပြောကြား

ယူကရိန်းတွင် ရုရှားဘက်မှ သေဆုံး သို့မဟုတ် ဒဏ်ရာရသူ ၁၈၀,၀၀၀ ကျော်ရှိသည်ဟု နော်ဝေဗိုလ်ချုပ်ကြီးပြောကြား
ဒိုးနက်ဒေသရှိ ဆိုလီဒါနှင့်မဝေးသောလယ်ကွင်းတွင် ယူကရိန်းစစ်သားများ ကတုတ်ကျင်းတူးနေပုံကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (Photo-AFP)
ဒိုးနက်ဒေသရှိ ဆိုလီဒါနှင့်မဝေးသောလယ်ကွင်းတွင် ယူကရိန်းစစ်သားများ ကတုတ်ကျင်းတူးနေပုံကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (Photo-AFP)
Published 23 January 2023
Ref:AFP

ရုရှားသည် လက်ရှိအချိန်ထိ ယူကရိန်းတွင် သေဆုံးသူ သို့မဟုတ် ဒဏ်ရာရသူ ၁၈၀,၀၀၀ ရှိနေပြီး ယူကရိန်းစစ်တပ်၏ သေကြေဒဏ်ရာရသူအရေအတွက်မှာ ၁၀၀,၀၀၀ ရှိနေကာ ယူကရိန်းအရပ်သားသေဆုံးမှု ၃၀,၀၀၀ ရှိသည်ဟု နော်ဝေစစ်တပ်အကြီးအကဲက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားသော ခန့်မှန်းမှုများအရ သိရသည်။

ရုရှားထိခိုက်ဆုံးရှုံးမှုများသည် သေဆုံးစစ်သား သို့မဟုတ် ဒဏ်ရာရစစ်သား ၁၈၀,၀၀၀ ဝန်းကျင်ကို စတင်ရောက်ရှိနေသည်ဟု နော်ဝေကာကွယ်ရေးအကြီးအကဲ အီရစ်ခရစ္စတိုဖာဆင်က TV2 နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါကိန်းဂဏန်းများ တွက်ချက်ပုံကို အသေးစိတ်ပြောကြားခြင်မရှိပေ။

ရုရှားနှင့် နယ်နိမိတ်ထိနေသော နော်ဝေသည် ၁၉၄၉ ခုနှစ်တွင် နေတိုးအဖွဲ့ထူထောင်ကတည်းက နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည်။

“ယူကရိန်းဆုံးရှုံးမှုတွေကတော့ သေတာ ဒါမှမဟုတ် ဒဏ်ရာရတာ ၁၀၀,၀၀၀ ကျော်လောက်ရှိနိုင်ပါတယ်။ ဒါ့အပြင် အခုဆိုးရွားတဲ့စစ်ပွဲမှာ ယူကရိန်းဟာ အရပ်သား ၃၀,၀၀၀ လောက်သေဆုံးထားပါတယ်” ဟု နော်ဝေဗိုလ်ချုပ်ကြီးက ပြောကြားသည်။

ရုရှားနှင့် ယူကရိန်းတို့သည် ၎င်းတို့၏ ဆုံးရှုံးမှုများအတွက် ယုံကြည်ရလောက်သည့် စာရင်းများကို ထုတ်ပြန်ခြင်းမပြုသည်မှာ လချီကြာမြင့်နေပြီဖြစ်သည်။

နိုဝင်ဘာတွင် အမေရိကန်စစ်တပ် ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌမာ့မီလေးက ရုရှားစစ်တပ်သည် သေဆုံး၊ ဒဏ်ရာရသူ ၁၀၀,၀၀၀ ကျော်ရှိသည်ဟု ပြောကြားခဲ့ပြီး ယူကရိန်းဘက်တွင်လည်း အလားတူအရေအတွက်ရှိနိုင်သည်ဟု ပြောကြားသည်။

အဆိုပါကိန်းဂဏန်းများ မှန်ကန်မှုရှိကြောင်း အေအက်ဖ်ပီသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ဆုံးရှုံးမှုကြီးမားလင့်ကစား ရုရှားအနေဖြင့် (ဤစစ်ပွဲကို) အချိန်ကြာကြာ ဆက်လက်တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ခရစ္စတိုဖာဆင်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားသည်။ ရုရှား၏စစ်စည်းရုံးမှုနှင့် လက်နက်ထုတ်လုပ်မှုစွမ်းရည်တို့ကို ၎င်းက ကိုးကားပြောဆိုခဲ့သည်။

“စိုးရိမ်စရာအကောင်းဆုံးကတော့ စစ်ပွဲထဲ ရုရှားလေတပ်ပါမလာအောင် ယူကရိန်းက တားနိုင်စွမ်းရှိမရှိဆိုတာပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားပြီး ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးများကြောင့် လက်ရှိအချိန်ထိ ရုရှားလေတပ်ကို ထိန်းထားနိုင်သည်ဟု ဖြည့်စွက်ပြောကြားသည်။

မကြာသေးမီလများတွင် ရုရှားတိုက်ခိုက်မှု အများအပြားမှာတာဝေးပစ်ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများဖြစ်သည်။

ယူကရိန်းထံ တိုက်ပွဲဝင်တင့်ကားများ လျင်လျင်မြန်မြန်ပေးပို့ရေးအတွက်လည်း နော်ဝေဗိုလ်ချုပ်ကြီးက တောင်းဆိုသည်။ တိုက်ပွဲဝင်တင့်ကားများပေးပို့ရေးကို အဓိကအားဖြင့် ဂျာမနီက လက်ရှိအချိန်ထိ အချိန်ဆွဲထားသည်။

“တင့်ကားတွေဟာ ဆောင်းတွင်းမှာ တိုက်ပွဲဝင်မယ်ဆိုရင် သူတို့တွေ(ယူကရိန်းသားတွေ)ဟာ အဲ့ဒီတင့်ကားတွေကို အမြန်ဆုံးလိုအပ်မှာပါ” ဟု ခရစ္စတိုဖာဆင်က ဖြည့်စွက်ပြောကြားသည်။

အဆိုပါအကြီးစားတင့်ကားများသည် နော်ဝေအပါအဝင် ဥရောပနိုင်ငံအချို့၏ စစ်တပ်များတွင် ရှိနေသည်ဆိုသော်လည်း ယင်းတင့်ကားများကို ယူကရိန်းထံပေးပို့ရေးမှာ ဂျာမနီနိုင်ငံ၏ ခွင့်ပြုချက်အပေါ်တွင် မူတည်နေသည်။

အကြီးစားတင့်ကားများ ပေးပို့ရန် ယူကရိန်းနှင့် ဥရောပနိုင်ငံအချို့က မေတ္တာရပ်ခံနေသည့်တိုင် ဂျာမနီက ၎င်း၏ Leopard တင့်ကားများကို ပေးပို့ခြင်းမရှိသေးပေ။

Most Read

Most Recent