ဦးဖြိုးမင်းသိန်း၊ ဦးလှစိုး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းများ၏ လာဘ်ပေးလာဘ်ယူမှုများနှင့် ၂၀၂၂ အတွက် အဂတိမေးခွန်း

ဦးဖြိုးမင်းသိန်း၊ ဦးလှစိုး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းများ၏ လာဘ်ပေးလာဘ်ယူမှုများနှင့် ၂၀၂၂ အတွက် အဂတိမေးခွန်း
အဂတိဖြင့် အရေးယူခံရသည့် နစကလက်ထက် တာဝန်ထမ်းဆောင်ခဲ့သော ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ တိုင်းစီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦး (ယာအပေါ်ပုံ) နှင့် တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော် (ယာအောက်ပုံ) တို့ကို တွေ့ရစဉ်
အဂတိဖြင့် အရေးယူခံရသည့် နစကလက်ထက် တာဝန်ထမ်းဆောင်ခဲ့သော ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ တိုင်းစီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦး (ယာအပေါ်ပုံ) နှင့် တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော် (ယာအောက်ပုံ) တို့ကို တွေ့ရစဉ်
Published 1 January 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူများအနက် ပထမဆုံးအဖြစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့သည်။

ထိုသို့အဂတိဖြင့် ထောင်ဒဏ်ချမှတ်ခံရမှုတွင် ဦးလှစိုးနှင့်အတူ နစကလက်ထက် တာဝန်ထမ်းဆောင်ခဲ့သည့်  ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးကို ထောင်ဒဏ် အနှစ် ၂၀ နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော်အား ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးနှင့် တိုင်းဝန်ကြီးဟောင်း ဦးအောင်သန်းဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရမြေများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအဆုံးအဖြတ်ဖြင့် ၂၀၂၁ ခုနှစ် ဇွန် ၂၂ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အတွင်း မြေကွက်များ ရောင်းချခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ မြို့နယ်များအလိုက် ကာလတန်ဖိုးသတ်မှတ်ချက်အောက်သို့ လျှော့ချခွင့်ပြုပေးခဲ့သဖြင့် ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဒလမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်များရှိ မြေကွက်ကိုးကွက် မြေဧရိယာ ၂၆၂ ဧကခန့်အတွက် နိုင်ငံတော်၏ဘဏ္ဍာငွေကျပ်သန်းပေါင်း ၃၈,၀၀၀ ကျော် ဆုံးရှုံးခဲ့ခြင်းသည် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာဆုံးရှုံး စေခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်သည် အစိုးရမြေများ စီမံခန့်ခွဲရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး မြေလျှောက်ထားခြင်း၊ မြေကွက်စျေးနှုန်း သတ်မှတ်ဆောင်ရွက်ခြင်းများတွင် ရောင်းချမြေတန်ဖိုးများမှာ ကာလတန်ဖိုးအောက်များစွာလျော့ နည်းနေသည်ကို တင်ပြမှုမရှိခဲ့ခြင်းနှင့် ဝယ်ယူခွင့်ရရှိသူအချို့နှင့် တိုက်ရိုက်ဆက်သွယ်၍ မြေနေရာချထား ပေးနိုင်ရန် တင်ပြဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးစေခဲ့ရာတွင် ပါဝင်အားပေးကူညီခဲ့ကြောင်း အဂတိလိုက်စားမှုကော်မရှင်က ၂၀၂၂ ခုနှစ် ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က အစိုးရမြေများ နေရာချထားပေးသည့်ကိစ္စများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးဟောင်း ဦးအောင်သန်းဦးထံမှ ကျပ်သိန်း ၂၅၀၀ ကို ငါးကြိမ်ခွဲ၍ လက်ခံရယူခဲ့ကြောင်း၊ ဝန်ကြီးဟောင်း ဦးအောင်သန်းဦးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးက မြေကွက်လျှောက်ထားခြင်းများနှင့် စပ်လျဉ်း၍ ပေးအပ်ခဲ့သည့် ကျပ်သိန်း ၅၀၀၀ ကို ၎င်း၏နေအိမ်၌ ခြောက်ကြိမ်ခွဲ၍ လက်ခံရယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ထို့အတူ ဝန်ကြီးဟောင်း ဦးအောင်သန်းဦးသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က တိုင်းဒေသကြီးအစိုးရ အစည်းအဝေးဆုံးဖြတ်ချက်အရ မြေလွတ်၊ မြေရိုင်းလုပ်ကိုင်ခွင့်ရရှိသူ ရှစ်ဦး၊ အစိုးရပိုင်မြေများ ဝယ်ယူခွင့်ရရှိသူ သုံးဦး၊ အခြားနည်းအသုံးပြုခွင့်ရရှိသူ တစ်ဦးတို့ထံမှ လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ငန်းစဉ် (CSR) အတွက် စုစုပေါင်းကျပ်သိန်း ၉၅၀၀ ကျော်ကို ကောက်ခံရယူခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ ဖြင့်ထုတ်ပြန်ထားသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်တွင် အခြားစာရင်းရှင် ဖွင့်လှစ်ဆောင်ရွက်ရမည် ဖြစ်သော်လည်း အဆိုပါငွေများကို မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) တွင် ၎င်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းနှစ်ခုသို့ ထည့်သွင်းခဲ့ခြင်း၊ ချက်လက်မှတ်များကို သိမ်းဆည်းထားခြင်းတို့သည် အစိုးရအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်ခြင်းပြုရာတွင် တည်ဆဲဥပဒေစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်လျက်နိုင်ငံတော်၏ ငွေကြေးနစ်နာဆုံးရှုံးစေခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်မှုအရ သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်သည် ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်း ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မြေဧရိယာ ၃၂  ဧကကျော်ကို အငြိမ်းစားပုဂ္ဂိုလ်တစ်ဦး၏ အမည်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မြေကွက်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မြေကွက်ချထားပေးနိုင်ရေး တင်ပြဆောင်ရွက်ပေးခြင်း၊ မြေတန်ဖိုးနှင့် CSR ပေးသွင်းငွေများ လျော့နည်းပေးသွင်းစေရေးတို့အတွက် ကူညီဆောင်ရွက်ပေးခဲ့ပြီး မြေကွက်ဂရန်ရရှိပါက မြေကွက်ရောင်းချရရှိမည့် အကျိုးအမြတ်ငွေအပေါ်မှ ရာခိုင်နှုန်း ၂၀ ပေးအပ်ရန် ညှိနှိုင်းသဘောတူညီခဲ့ခြင်းကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်၍ ဦးလှစိုး၊ ဦးအောင်သန်းဦးနှင့် ဦးစိုးစိုးဇော်တို့ကို အဂတိဖြင့် တရားစွဲဆိုခဲ့ပြီးထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအား အရေးယူခဲ့ရာတွင် နိုင်ငံတော်ဘဏ္ဍာ ငွေနစ်နာဆုံးရှုံးမှုမှာ ကျပ်သန်း ၃၈၀၀၀ (ကျပ် ၃၈ ဘီလျံ)၊ တံစိုးလက်ဆောင်ရယူမှု ကျပ်သိန်း ၂၅၀၀ စုစုပေါင်းကျပ် ၃၈ ဘီလျံကျော်ဖြစ်ကြောင်း သိရသည်။

နစကလက်ထက်တွင် အဂတိဖြင့် အရေးယူမှုများအနေဖြင့် နစကလက်ထက်တာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့သူနှစ်ဦး၊ အဆင့်မြင့်အရာရှိခြောက်ဦး၊ အရာထမ်းရှစ်ဦး၊ အခြားပုဂ္ဂိုလ်ခြောက်ဦး စုစုပေါင်း ၂၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

ထို့အတူ နစကအနေဖြင့် NLD အစိုးရလက်ထက် ခန့်အပ်ခဲ့သည့်  နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ပြည်ထောင်စုဝန်ကြီးအဆင့် ၃၈ ဦး၊ ဒုတိယဝန်ကြီးအဆင့် ၇၁ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဆင့် ၁၆၅ ဦး စုစုပေါင်း ၂၇၄ ဦးဖြစ်အနက် ပြည်ထောင်စုဝန်ကြီးအဆင့် ခြောက်ဦး၊ ဒုတိယဝန်ကြီး အဆင့် ၁၁ ဦး၊ တိုင်း/ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဆင့် ၄၃ ဦး စုစုပေါင်း ၆၀ ဦးတို့အား အဂတိဖြင့် အရေးယူထားသဖြင့် NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူနှင့် အရေးယူခံထားရသူ အရေအတွက်မှာ ရာခိုင်နှုန်းအားဖြင့် နှိုင်းယှဉ်ချက်အရ ၂၁ ဒသမ ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

နစကအနေဖြင့် NLD အစိုးရထက်တာဝန်ထမ်းဆောင်ခဲ့သူများကိုလည်း အဂတိဖြင့်အရေးယူရာတွင် အများစုမှာ ထောင်ဒဏ်ချမှတ်ခံထားရပြီးဖြစ်ကာ အချို့မှာ တရားရင်ဆိုင်ဆဲဖြစ်သည်။

 

ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဝင်းမြတ်အေး

NLD အစိုးရလက်ထက် ရဟတ်ယာဉ်ငှားရမ်း ခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ် များနှင့်ပတ်သက်၍  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်း စသည်တို့ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေသည့် စွဲချက်ဖြင့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိဖြင့်၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ထောင်ဒဏ်ခုနစ်နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အထက်ပါအမှုတွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးတို့လည်း အဂတိဖြင့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ အမှုဖွင့်ခံရပြီး လက်ရှိတွင်ဒေါက်တာဝင်းမြတ်အေးမှာ တိမ်းရှောင်နေသဖြင့် ၎င်းနှင့်ပတ်သက်၍ မည်သို့ဆက်လက် ဆောင်ရွက်ထားသည်ကို ကွဲပြားစွာမသိရှိရပေ။

ဒေါ်အောင်ဆန်းစုကြည်သည် အထက်ပါအဂတိအမှုများအပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ၎င်းထံအမေရိကန်ဒေါ်လာခြောက်သိန်းနှင့် ရွှေခုနစ်ပိဿာ ပေးအပ်ခဲ့ကြောင်း သက်သေထွက်ဆိုမှုကြောင့် အဂတိဖြင့် တရားစွဲဆိုခံရမှုဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၂၇ ရက်တွင်  ထောင်ဒဏ်ငါးနှစ်ချမှတ်ခံရသည်။

အလားတူဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်မည့် စီမံကိန်းများအတွက် မြေနေရာလျှောက်ထားရယူသည့် ကိစ္စ၊ ဖောင်ဒေးရှင်းဥက္ကဋ္ဌ နေထိုင်ရန် တစ်ထပ်အဆောက်အအုံ ဆောက်လုပ်ဆောက်သည့်ကိစ္စ၊ ရန်ကုန်မြို့တွင် ဖောင်ဒေးရှင်းရုံးချုပ်အတွက် မြေနှင့်အဆောက်အအုံငှားရမ်းခဲ့သည့်ကိစ္စများတွင် အဂတိဖြစ်ပေါ်မှုစွဲချက်ဖြင့် အမှုခုနစ်မှုဖြင့်၂၀၂၂ ခုနှစ် သြဂုတ် ၁၅ ရက်၌ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရသည်။

ထို့ပြင် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၈ ခုနှစ်တွင် ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ တစ်သိန်း၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာတစ်သိန်းခွဲ၊ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာငါးသောင်း တစ်ကြိမ်၊ အမေရိကန်ဒေါ်လာနှစ် သိန်းခွဲတစ်ကြိမ် စုစုပေါင်း ဒေါ်လာငါးသိန်းခွဲ ပေးအပ်ခဲ့ကြောင်း ထွက်ဆိုမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိဖြင့်တရားစွဲဆိုခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ရက်တွင် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။

သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျန်အမှုများမပါ အဂတိဖြင့်ထောင်ဒဏ်ချမှတ်ခံရမှု အနှစ် ၃၀ ဖြစ်သည်။

 

ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ စည်ပင်ကော်မတီဝင် ဦးမင်းသူ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်းတို့သည် ဒေါ်ခင်ကြည် ဖောင်းဒေးရှင်းအတွက် နေပြည်တော်တွင် မြေနေရာချပေးခြင်းနှင့် မြေငှားစာချုပ် (ဂရန်) ထုတ်ပေးသည့်ကိစ္စရပ်တွင် လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများဖောက် ဖျက်မှုစွဲချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အဂတိဖြင့် တရားစွဲဆိုခံရပြီး ၎င်းတို့သုံးဦးစလုံးကို  ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနှင့် စည်ပင်ကော်မတီဝင်ဟောင်း ဦးဆန်းနိုင်တို့သည်  နေပြည်တော်တွင် မြေကွက် ၉၆ ကွက်ဖော်ထုတ်ခြင်းနှင့် အခြားမြေကွက် ၃၅ ကွက် ဖော်ထုတ်ကိစ္စရပ်များဖြင့် လည်းကောင်း၊ စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်မည့် ပုဂ္ဂိုလ်တစ်ဦးအား မြေ သုည ဒသမ ၇၅ ဧကနှင့် ကုမ္ပဏီတစ်ခုသို့ Shopping Mall ဖွင့်လှစ်လုပ်ကိုင်ရန် မြေငါးဧကကျော်ကို သမ္မတရုံးသို့တင်ပြခွင့်ပြု ချက်မယူဘဲ ရောင်းချမှုတို့ဖြင့် အဂတိဖြင့် အမှုဖွင့်ထားသည့်အမှုများမှာ တရားရင်ဆိုင်ဆဲဖြစ်သည်။

 

ဒေါက်တာဇော်မြင့်မောင်

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည်  ဆေးကုသစရိတ်အဖြစ် မန္တလေးတိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေသော လုပ်ငန်းရှင်တစ်ဦးက အမေရိကန် ဒေါ်လာတစ်သိန်းကို သုံးကြိမ်ခွဲ၍ ပေးအပ်ခဲ့ခြင်းကို လက်ခံရယူမှု၊၊ မြင်းခြံ ခရိုင်/မြို့နယ် NLD ပါတီရုံးနှင့် ပြင်ဦးလွင်မြို့နယ် NLD ပါတီရုံး မြေနေရာချထားပေးရာတွင် သတ်မှတ်ကာလပေါက်စျေးထက် လျော့နည်းပေးသွင်းစေမှု၊ ကုမ္ပဏီတစ်ခုထံမှ စီမံကိန်းဧရိယာနှင့် ဆက်စပ်သည့် လယ်ယာမြေများကို အခြားနည်း သုံးစွဲခွင့်ရရှိရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး ငွေကြေးရယူမှု စွပ်စွဲချက်တို့ဖြင့် အဂတိဖြင့် တရားစွဲဆိုခံရပြီး ၂၀၂၂ ခုနှစ် ဇွန် ၁၇ ရက်တွင် ထောင်ဒဏ် ၂၁ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ထိုသို့ ဒေါက်တာဇော်မြင့်မောင်အား ဆေးကုသစရိတ်ပေးခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်မှာ စေပိုင်ကုမ္ပဏီပိုင်ရှင်ဦးမောင်ဝိတ်ဖြစ်ပြီး ၎င်း၏ထွက်ဆိုချက်ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

ဒေါက်တာမြင့်နိုင်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်သည် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် ၎င်းကိုယ်တိုင် ဦးစီးဖွင့်လှစ်ထားသည့် အမျိုးသမီးဂေဟာအတွက် လုပ်ငန်းရှင်တစ်ဦးထံမှ မော်တော်ယာဉ်တစ်စီး အလှူခံမှု၊ တိုင်းဒေသကြီးအတွင်း တင်ဒါလုပ်ငန်းများချပေးသည့်ကိစ္စ၊ မြေလွတ်မြေလပ် မြေရိုင်းအသုံးချသည့်ကိစ္စ၊ ရွှေအသေးစားလုပ်ကွက်များကို အခွန်ကောက်ခံမှုမပြုသည့်ကိစ္စများတွင် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ် ၂၃ ဘီလျံနစ်နာမှုဖြင့် တိုင်းဝန်ကြီးဟောင်းများဖြစ်သည့် ဦးသန်းညွန့်ဝင်း၊ ဦးစိုးဦး၊ ဦးကမ်ဇာမုံ၊ ချင်းတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဟောင်း ဦးလာလ်ထောင်ထန်း၊ ဦးစီးအရာရှိနှစ်ဦးတို့နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ  ၂၈ ရက်တွင် ဒေါက်တာမြင့်နိုင်ကို အဂတိအမှုခုနစ်မှုအတွက် တစ်မှုလျှင် ထောင်ဒဏ်သုံးနှစ်ဖြင့် စုစုပေါင်းထောင်ဒဏ် ၂၁ နှစ်အမိန့်ချမှတ်ခဲ့သည်။

 

ဦးဝင်းသိန်း

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းသည် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက နိုင်ငံတော်သို့ လှူဒါန်းငွေများကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေလုပ်ထုံးလုပ်နည်းနှင့်မညီဘဲ အသုံးပြုခြင်း၊ မြေအခြားနည်းအသုံးပြုခွင့်ရရှိသူများကပေးသည့် ငွေကြေးနှင့် မော်တော်ယာဉ်တစ်စီးကို လက်ခံရယူခြင်း၊ ပဲခူးတိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ ဖွဲ့စည်းပြီး ဒေသတွင်းတည်ဆောက်ရေးလုပ်ငန်းများအတွက် အရည်အသွေးစစ်ဆေးခမှ အဆိုပါအဖွဲ့က ဝန်ဆောင်ခရယူမှုကို ကြပ်မတ်ပျက်ကွက်ခြင်း၊ တင်ဒါလုပ်ငန်း ၁၅ ခုကို ကုမ္ပဏီတစ်ခုတည်းသို့ ပေးအပ်ခဲ့ခြင်း စသည့်ကိစ္စရပ်များကြောင့် နိုင်ငံဘဏ္ဍာကျပ်သုံးဘီလျံ နစ်နာမှုဖြင့် အဂတိဖြင့်တရားစွဲဆိုခံရပြီး အမှုခုနစ်မှု အတွက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ထောင်ဒဏ်၂၁ နှစ် ချမှတ်ခဲ့သည်။

 

ဒေါက်တာအောင်မိုးညို

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုသည် လုပ်ငန်းရှင်တစ်ဦးက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လှူဒါန်းငွေလက်ခံရယူ၍ လယ်တစ်ဧကကို စက်သုံးဆီဆိုင်ဖွင့်လှစ်နိုင်ရေး ခွင့်ပြုပေးခဲ့ခြင်း၊ ရေနံလက်ယက်တွင်းလုပ်ကွက် ၁၅ ခု၌ မြေငှားရမ်းခကောက်ခံခဲ့မှုမရှိခြင်းကြောင့် ဘဏ္ဍာငွေများနစ်နာဆုံးရှုံးစေခြင်း၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှု မရှိခြင်းစသည့်ကိစ္စရပ်များဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် အဂတိအမှုခြောက်မှုဖြင့်ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံရသည်။

ဒေါက်တာအောင်မိုးညိုနှင့်အတူ အဂတိဖြင့် မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာ ခင်မောင်အေးကို အဂတိဖြင့် ထောင်ဒဏ်ခြောက်နှစ်၊ ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးတင်နွယ်ဦးကို အဂတိဖြင့် ထောင်ဒဏ် ၁၂ နှစ်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဟောင်း ဦးမြင့်ဇော်ကို အဂတိဖြင့် ထောင်ဒဏ် သုံးနှစ်၊  တိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတာကို အဂတိအမှုှုဖြင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့သည်။

 

ဦးမြင့်မောင်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်သည် အဂတိဥပဒေဖြင့်တရားစွဲဆိုခံရခြင်း မရှိသော်လည်း ဖွံ့ဖြိုးရေးရန်ပုံငွေ များကို စနစ်တကျသုံးစွဲခြင်းမှု စွဲချက်ဖြင့်  ၂၀၂၁ ခုနှစ် နိုဝင်ဘာလ အတွင်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ်ခုနစ်ချမှတ်ခဲ့သည်။

 

ဒေါက်တာခက်အောင်

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်အပါအဝင် ပြည်နယ်ဝန်ကြီးဟောင်းများသည်  မြစ်ကြီးနား- ဗန်းမော်လမ်း AC ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီတစ်ခုကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်း၊ QC အဖွဲ့၏ စစ်ဆေးချက်အရ လမ်းအရည်အသွေးမပြည့်မီသဖြင့် ပြန်လည်ပြုပြင်ရခြင်း၊ စာချုပ်စည်းကမ်းနှင့်အညီ ဆောင်ရွက်မှုမရှိခြင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း ဖမ်းဆီးရမိသည့် သလင်းကျောက်များကို ရောင်းချခဲ့ရာတွင် တင်ဒါလုပ်ထုံးလုပ်နည်းမညီဘဲ ဆောင်ရွက်မှု၊ နယ်စပ်စစ်ဆေးရေး ဂိတ်တာဝန်ခံဝန်ထမ်းများထံမှ ငွေနှင့်ပစ္စည်းများ လက်ဆောင်အဖြစ် လက်ခံရခြင်း၊ ဖမ်းဆီးရမိသော ဓာတ်မြေသြဇာများ လေလံတင် ရောင်းချရရှိငွေမှ ဖမ်းဆီးရာတွင် ပါဝင်သော အဖွဲ့များအား ဆုကြေးငွေ ခွဲဝေပေးရာတွင် အကျိုးခံစားခွင့်ရယူခဲ့ခြင်း၊ မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ပြည်နယ်ပါတီရုံးများ ဆောက်လုပ်ရန်နှင့် နေပြည်တော် ပါတီသုတေသနရုံးအတွက်လိုအပ်သော ပစ္စည်းများ ဝယ်ယူရန် အကြောင်းပြချက်ဖြင့် ကုမ္ပဏီပိုင်ရှင်များထံမှ ငွေကြေးတောင်းခံခြင်း၊ တရားဝင်သုံးစွဲခွင့်မရှိသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၂၃ စီးအတွက် စက်သုံးဆီနှင့် ပြင်ဆင်စရိတ် ထုတ်ယူသုံးစွဲခြင်း စွဲချက်များဖြင့် အဂတိဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် ဒေါက်တာခက်အောင်အား ထောင်ဒဏ် ၁၂ နှစ်၊ ဝန်ကြီးဟောင်းများဖြစ်သည့် ဦးဝေလင်းအား ထောင်ဒဏ်ကိုးနှစ်၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်း၊ ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်းတို့အား ထောင်ဒဏ်သုံးနှစ်စီနှင့် ပြည်နယ်စည်ပင်သာယာ ညွှန်ကြားရေးမှူး ဦးစိုးနိုင်အား ထောင်ဒဏ်ရှစ်လချမှတ်ခဲ့သည်။

 

ဒေါ်နန်းခင်ထွေးမြင့်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင်တို့သည် ဘားအံမြို့ ကမ်းနားလမ်းသာယာလှပရေးနှင့် မြှင့်တင်ရေးလုပ်ငန်းစီမံကိန်း၌ ကမ်းနားလမ်းမြေ လေးဧကကျော်ကို ပုဂ္ဂလိကသို့ မြေငှားဂရန်ထုတ်ပေးခဲ့မှု၊ စီးပွားရေးလုပ်ငန်းအသီးသီးမှ ကောက်ခံရရှိခဲ့သော ရန်ပုံငွေများကို နိုင်ငံတော်ဘဏ္ဍာစာရင်းသို့ ပေးသွင်းခြင်းမရှိဘဲ ပုဂ္ဂလိကဘဏ်များ၌ သီးခြားငွေစာရင်းဖွင့်လှစ်မှု၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကို ပုဂ္ဂိုလ် ၁၉ ဦးသို့ ထုတ်ချေးမှု၊ အဆင့်မြင့် စျေးဝယ်စင်တာတည်ဆောက်ရေးအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီထံမှငွေကြေးလက်ခံရယူမှု၊ ဒေါ်နန်းခင်ထွေးမြင့်အနေဖြင့် ဆေးကုသမှုခံယူရာ၌ ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းမှ ကျပ် ၁၆ သိန်းခွဲကို ရယူသုံးစွဲခဲ့မှု၊ ဝန်ကြီးဟောင်း ဦးသန်းနိုင်အနေဖြင့် ဆေးကုသစရိတ် အဖြစ် လုပ်ငန်းရှင်တစ်ဦးထံမှ ငွေကြေးလက်ခံရယူမှုနှင့် မဲဆွယ်စည်းရုံးရေး ကုန်ကျစရိတ်ငွေ ကျပ်သိန်း ၅၀ ကို လုပ်ငန်းရှင်တစ်ဦးထံမှ တောင်းခံရယူမှုစွဲချက်များဖြင့် ၂၀၂၁ ခုနှစ်အတွင်း အဂတိဖြင့် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၇၅ နှစ်၊ ဦးသန်းနိုင်အား ထောင်ဒဏ် အနှစ် ၉၀ ချမှတ်ခဲ့သည်။

ဒေါ်နန်းခင်ထွေးမြင့်သည် အခြားပုဒ်မများဖြင့်လည်း ထောင်ဒဏ် ချမှတ်ခံသဖြင့် စုစုပေါင်းထောင်ဒဏ်အနှစ် ၈၀ ချမှတ်ခံရခြင်းဖြစ်ပြီး ၎င်းချမှတ်ခံထားရသည့် ပြစ်ဒဏ်များမှ ထက်ဝက်ကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် နစကက ထုတ်ပြန်ခဲ့သည်။ 

 

ဒေါက်တာအေးဇံ

မွန်ပြည်နယ်ဝန်ချုပ်ဟောင်း ဒေါက်တာအေးဇံသည် သံလွင်မြစ်အတွင်း သဲများ စုပ်ယူထုတ်လုပ်ခဲ့ရာတွင် လုပ်ငန်းရှင်များထံမှ ငွေကြေးရယူမှု၊ သဲသောင်တူးဖော်ရေးလုပ်ငန်းတွင် ဓာတ်သတ္ထုခွန်အား လုပ်ပိုင်ခွင့်မရှိဘဲ လျော့နည်းပေးသွင်းရန်ခွင့်ပြုမှု၊ COVID-19 ရန်ပုံငွေများမှ ကျပ်သိန်း ၂၀၀ ကို ပုဂ္ဂိုလ်ရေးအရ အခြားသူတစ်ဦးသို့ ခေတ္တထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှုမရှိခြင်း၊ အခြားပုဂ္ဂိုလ်နှစ်ဦးသို့ ကျပ်သိန်း ၆၅၀ ထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှုမရှိခြင်း ကိစ္စရပ်များကြောင့် အဂတိဖြင့် ၎င်းအား ၂၀၂၂ ခုနှစ် မေ ၁၆ ရက်တွင်ထောင်ဒဏ်၂၁ နှစ်ချမှတ်ခဲ့သည်။

 

ဦးညီပု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် ပြည်နယ်ဝန်ကြီးဟောင်းများဖြစ်သည့် ဦးကျော်အေးသိန်း၊  ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်၊ ဦးမင်းအောင်တို့နှင့်အတူ ဂွမြို့နယ်တွင် တန်ဖိုးနည်း မြေကွက်ဖော်ထုတ်ရေးလုပ်ဆောင်မှု၊ ကုမ္ပဏီတစ်ခုအား နိုင်ငံပိုင်အဆောက်အအုံ သုံးလုံးကို အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုမှု၊ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီရန်ပုံငွေသုံးစွဲမှု၊ စျေးငါးစျေးတည်ဆောက်ခွင့်ပေးမှုတို့တွင် အဂတိဖြစ်ပေါ်ခဲ့သည့် စွဲချက်ဖြင့် တရားစွဲဆိုခံရပြီး ၂၀၂၂ ခုနှစ် ဇန်ဝါရီ ၁၉ ရက်တွင် ဦးညီပု၊ ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံတို့ကို ကိုးနှစ်၊ ဦးမင်းအောင်အားခုနစ်၊ ဦးကျော်လွင်အား သုံးနှစ်စီ ထောင်ဒဏ်များအသီးသီး ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

 

ဒေါက်တာလင်းထွဋ်

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးဟောင်း ဦးစိုင်းရှဲန် တစ်လုံနှင့်ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင်နှင့် ပြင်ပပုဂ္ဂိုလ်စီးပွားရေးလုပ်ငန်းရှင် သုံးဦးအား အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံရေးလုပ်ငန်းတင်ဒါနှင့် တင်ဒါကြွေးကျန်များကိစ္စ၊ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် တင်ဒါစည်းကမ်းနှင့်အညီ မဆောင်ရွက်မှုစသည့်ကိစ္စရပ်များဖြင့် အဂတိဖြင့် တရားစွဲဆိုခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ဒေါက်တာလင်းထွဋ်၊ ဦးစိုးညွန့်လွင်တို့ကို ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဦးအယ်လ်ဖောင်းရှို

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေးတို့ကို နိုင်ငံတော်ပိုင်မြေကွက်ကို ပုဂ္ဂလိကကုမ္ပဏီ တစ်ခုသို့ပေးအပ်ခဲ့ပြီး ယင်းမြေနေရာအား ပြန်လည်အလှူခံမှု၊ တင်ဒါအောင်မြင်သောကုမ္ပဏီမှ ပေးအပ်သည့် ငွေကြေးများရယူမှု၊ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ဧည့်ရိပ်သာတို့အား မီးအလှဆင်ခြင်းနှင့် လွိုင်ကော်လေဆိပ် CCTV တပ်ဆင်ခြင်းလုပ်ငန်းများကို တင်ဒါမခေါ်ဘဲ ဆောင်ရွက်မှု၊  ပြည်နယ်အစိုးရပိုင် စက်ယန္တရား ၁၈ စီး၏ ငှားရမ်းခငွေများထဲမှ ကျပ်သိန်း ၂၃၀ ကျော်ကို ဌာနဆိုင်ရာငွေစာရင်းသို့ ပေးသွင်းခြင်းမပြုဘဲ ကိုယ်ကျိုးသုံးစွဲမှု၊ အစိုးရမြေနေရာ (ကယားဒေးကွင်း)အား တင်ဒါမခေါ်ဘဲ  ကုမ္ပဏီတစ်ခုသို့ မြေငှားရမ်းမှုတို့ဖြင့် ၎င်းတို့နှစ်ဦးကို အဂတိဖြင့်  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမှုဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် အမှုပြီးစီးမှုအခြေအနေကို မသိရှိရသေးပေ။

 

ဦးနိုင်ငံလင်းအပါအဝင် ရန်ကုန်တိုင်းဝန်ကြီးဟောင်းများ

ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဟောင်းဦးနိုင်ငံလင်းသည် တင်ဒါလုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီများထံမှ ငွေကြေးနှင့် ပစ္စည်းများ လက်ခံရယူမှု၊ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ၎င်းကုမ္ပဏီဝန်ထမ်းများအတွက် COVID-19 Quarantine Center သီးသန့်ဖွင့်လှစ်ခွင့်ပြုရန် တင်ပြထားသည့်နေရာသို့ သွားရောက်စစ်ဆေးစဉ် ယင်းကုမ္ပဏီက ပေးအပ်သည့် iPhone 12 Mini လက်ကိုင်ဖုန်းတစ်လုံး ရယူမှုစွဲချက်ဖြင့် အဂတိဖြင့်အမှုဖွင့်ခံရပြီး ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်တွင် အဂတိအမှုငါးမှုအတွက် တစ်မှုလျှင်သုံးနှစ်စီဖြင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရသည်။

အလားတူ ရန်ကုန်တိုင်းဝန်ကြီးဟောင်း ဒေါ်နီလာကျော်သည် ၎င်းနှင့်ခင်မင်ရင်းနှီးသည့် ကုမ္ပဏီကို Quality Controller Company အဖြစ် အသိအမှတ်ပြုလွှာထုတ်ပေးခြင်းနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် လုပ်ငန်းချပေးခဲ့ပြီး ယင်းကုမ္ပဏီက ပေးအပ်သည့် ကျပ်သိန်း ၃၆၀၀ ကျော်ကို လက်ခံရယူမှုစွဲချက်ဖြင့် အဂတိဖြင့်အမှု ၁၆ မှုဖြင့် တရားစွဲဆိုခံရပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စုစုပေါင်းထောင်ဒဏ် ၁၆ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် လှူဒါန်းကောက်ခံရရှိငွေမှ ငွေကြေးအချို့ကို အသုံးပြုခြင်းနှင့် ကိုဗစ်စင်တာနှစ်ခုတွင် အစားအသောက်ပေးသွင်းခွင့်ကို ၎င်းနှင့် ခင်မင်ရင်းနှီးသူအား ခွင့်ပြုခဲ့ပြီး အဆိုပါပုဂ္ဂိုလ်ထံမှ ကျပ် ၁၆ သိန်းကျော်တန်ဖိုးရှိ လက်ကိုင်ဖုန်းတစ်လုံး လက်ခံရယူမှုစွဲချက်ဖြင့် အဂတိဖြင့် ၂၀၂၁ ခုနှစ် ဇွန် ၁၅ ရက်ကတည်းက အမှုဖွင့်လှစ်ခံရပြီး အမှုနှင့်ပတ်သက်၍ တရားရင်ဆိုင်နေရသည့် နောက်ဆုံးအခြေအနေကို မသိရှိရသေးပေ။

ထို့ပြင် YP စက်သုံးဆီဆိုင်များ မြေနေရာချထားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ စည်ပင်ကော်မတီအတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ ကော်မတီတွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီဒါရိုက်တာ ဦးဇင်မင်းအောင်တို့အားလည်းကောင်း၊ မြို့တော်စည်ပင်နှင့် ကုမ္ပဏီတစ်ခုတို့ အကျိုးတူဆောင်ရွက်ခဲ့သော ကျောက်မီးသွေးထုတ်လုပ်မှုလုပ်ငန်းတွင် တွင်းဝစျေးနှုန်းကို လျှော့ချခွင့်ပြုခြင်းနှင့်လျာထား ထုတ်လုပ်မှုအား လျှော့၍ထုတ်လုပ်ရန်ခွင့်ပြုခြင်း၊ ပန်းဥယျာဉ်ဌာနရှိ လုပ်ငန်း ၂၁ ခုကို ငှားရမ်းရာတွင် ငှားရမ်းခများလျော့နည်းခြင်း၊ City FM ဝန်ထမ်းများ စရိတ်ကို နိုင်ငံတော်မှ ကျခံသုံးစွဲခြင်းကိစ္စရပ်များတွင် အဂတိဖြစ်ပေါ်မှုစွဲချက်ဖြင့် ဦးမောင်မောင်စိုး၊ ဦးစိုးလွင်၊ ဒေါ်လှိုင်မော်ဦးနှင့် ဦးသန်းတို့ကိုလည်းကောင်း ၂၀၂၂ ခုနှစ် မေ ၂၆ ရက်တွင် အဂတိမှုများဖြင် ့အမှုဖွင့်ခဲ့ပြီး ယခုအချိန်အထိ အမိန့်ချမှတ်ခြင်း မရှိသေးပေ။

■သူရဦးအောင်ကို၊ ဦးသောင်းထွန်း၊ ဦးကျော်လင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုသည် နိုင်ငံတော်မှလူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ်ရှစ်မျိုးကို နှစ်စဉ်ချီးမြှင့်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံမှ ငွေကြေးလက်ခံရယူခဲ့ခြင်း၊ လုပ်ငန်းရှင်တစ်ဦးမှ Ford Everest Titanium မော်တော်ယာဉ်တစ်စီးကို လက်ခံရယူခဲ့ခြင်း၊ အလေးချိန် ၂၀ ကျပ်သားခန့်ရှိသော ရွှေပန်းကန်တစ်ချပ်ကို ကျသင့်တန်ဖိုး ပေးချေခြင်းမရှိဘဲ လက်ခံရယူခြင်းတို့ကြောင့် အဂတိဖြင့် ၂၀၂၂ ခုနှစ် မတ် ၁၄ ရက်တွင် သူရဦးအောင်ကိုအား ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပြီး ယင်းနေ့၌ပင် နစကဥက္ကဋ္ဌက သူရဦးအောင်ကိုအပေါ် ချမှတ်ထားသည့် ထောင်ဒဏ်များ၏ တစ်ဝက်အား လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းသည် ရန်ကုန်မြို့ စားသုံးသူရေးရာဦးစီးဌာနပိုင် အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေဧက ၉ ဒသမ ၂၂၀ မြေနေရာကို ကုမ္ပဏီတစ်ခုသို့ ငှားရမ်းမှုနှင့် မြေငှားရမ်းမှုများတွင် ကုမ္ပဏီက ပေးသွင်းရမည့် မြေအသုံးချပရီမီယံကြေးကို လျှော့ပေါ့ပေးသွင်းမှုဖြင့် အဂတိဖြင့်အမှုဖွင့်ခံရပြီး ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် ထောင်ဒဏ် ကိုးနှစ်ချမှတ်ခဲ့သည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းသည် မင်းကင်းမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့်လမ်းနှင့် တံတားများကို ၎င်းသည်၂၀၂၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှ NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေသည့်အချိန်တွင် လူထု ထောက်ခံမှုရရှိစေရန်အတွက် လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေမှ  လျာထားခွင့်မရှိဘဲ လမ်းခင်းခြင်းနှင့် တံတားတည်ဆောက်ရာတွင် အသုံးပြုခဲ့ခြင်း၊ မင်းကင်းမြို့နယ်သို့ သွားရောက်သည့်ခရီးစဉ်များတွင် ဘုန်းကြီးကျောင်းများသို့ လှူဒါန်းသည့် အလှူငွေများနှင့် ဆန်အိတ်များကို ဝန်ကြီးဌာနဝန်ထမ်းများက စီစဉ်ပေးပြီး တန်ဖိုးငွေပေးချေမှု မရှိခြင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ထမ်းများနှင့် ကုမ္ပဏီများထံမှ အလှူငွေလက်ခံရယူခြင်း စွဲချက်များဖြင့် ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့်တိုနှင့်အတူ အဂတိဖြင့်အမှုဖွင့်လှစ်ခံရပြီး ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် ဦးကျော်လင်းအား ထောင်ဒဏ်အနှစ် ၂၀၊ ဦးအောင်မြင့်ဦးကို ထောင်ဒဏ်လေးနှစ်နှင့် ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့်တို့ကို ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သည်။

 

ဦးဘိုဘိုငယ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်သည် ပြည်တွင်း SMED ဘဏ်သို့ အမေရိကန်ဒေါ်လာ ငါးသန်းဝင်ရောက်လာမှုအပေါ် ဘဏ်မှသတင်းပို့ခဲ့သော်လည်း ကြီးကြပ်နိုင်ခြင်းမရှိဘဲ Open Society Myanmar (OSM) ၏ငွေစာရင်းသို့ ထည့်သွင်းပေးခဲ့ပြီး OSM မှတာဝန်ရှိသူများက ဒေါ်လာ လေးသန်းကျော်နှင့် ညီမျှသည့် မြန်မာငွေများ ထုတ်ယူခဲ့ကာ ယင်းငွေများအပေါ် အခွန်မကောက်ခံနိုင်မှု မရှိခြင်း၊ ချေးငွေများမှရရှိသည့် အမေရိကန်ဒေါ်လာသန်း ၃၅၀ ကို စင်ကာပူနိုင်ငံ SMBC ဘဏ်သို့ အပ်နှံစေခဲ့သဖြင့် အတိုးနှုန်းရရှိမှုနည်းသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေနစ်နာဆုံးရှုံးမှုစွဲချက်ဖြင့် အဂတိဖြင့် တရားစွဲဆိုခံရပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ဦးဘိုဘိုငယ်ကိုထောင်ဒဏ် ချမှတ်ခဲ့သည်။

 

ဒေါက်တာစိုးဦးနှင့် ဒေါက်တာ ထားထားလင်း

ကျန်းမာရေးဝန်ကြီးဌာနတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် Global Alliance for Vaccines and Immunization-Health System Strengthening 2 ဖြင့် ဆောင်ရွက်သည့်စီမံချက်နှင့်ပတ်သက်၍ နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုစွဲချက်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် ၎င်းအား ကြီးကြပ်ရန်ပျက်ကွက်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ ်ဒေါက်တာစိုးဦးတို့ကို၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် အဂတိဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၂၀ ရက်တွင် အဂတိဖြင့် ဒေါက်တာစိုးဦးအား ထောင်ဒဏ်နှစ်နှစ်နှင့် ဒေါက်တာထားထားလင်းအား ထောင်ဒဏ်သုံး နှစ်စီချမှတ်ခဲ့သည်။

 

အခြားပုဂ္ဂိုလ်များအား အဂတိဖြင့် တရားစွဲဆိုထားမှု

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကတည်းက အဂတိဖြင့် အရေးယူခံထားရပြီး ၎င်းတို့အား အမှုဖွင့်လှစ်ခဲ့သည့်စွဲချက်များမှာ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှ ရေသွယ်ဥမင်ဖောက်လုပ်ခြင်းလုပ်ငန်းကို နိုင်ငံတကာကုမ္ပဏီတစ်ခုက ဆောင်ရွက်ရာတွင် ပြီးစီးရမည့်ရက် ထပ်မံတိုးမြှင့်ပေးခဲ့မှု၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲသည့် GGS ကုမ္ပဏီအတွက် ဓာတ်ငွေ့ဖိုး ကျပ်ခြောက်ဘီလျံကျော်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းဌာန ဘတ်ဂျက်မှ ကြိုတင် စိုက်ထုတ်ပေးချေရန်ခွင့်ပြုခဲ့သည့် ကိစ္စရပ်များဖြင့်ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဟောင်း ဦးအုန်းဝင်းသည် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက လရောင်တောစီမံကိန်းတွင် အသုံးပြုရန်အတွက် သစ် ၁၇၂ ဒသမ ၀၇၆၄ တန်ကိုတင်ဒါစနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ၎င်း၏ဆုံးဖြတ်ချက်ဖြင့်သာ ရောင်းချပေးမှုဖြင့် အဂတိဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကတည်းက အမှုဖွင့်ထားသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းနှင့် ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ဆန်း၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးတို့သည် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းကိစ္စများတွင် ဓာတ်သတ္တုခွန်နှင့် ကျောက်မီးသွေးစျေးနှုန်းသတ်မှတ်ခြင်း ကိစ္စရပ်များ၌ နိုင်ငံတော်ဘဏ္ဍာငွေနစ်နာခဲ့မှုဖြင့် အဂတိဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်တွင် အမှုဖွင့်အရေးယူခဲ့ပြီး   ၎င်းတို့နှင့်အတူ ယင်းစီမံကိန်းအား လုပ်ပိုင်ခွင့်ရထားသည့် ဧဒင်အုပ်စုပိုင်ရှင် ဦးချစ်ခိုင်နှင့် ဧဒင်အုပ်စု၏ မန်နေဂျင်းဒါရိုက်တာဖြစ်သည့် ဦးချစ်ခိုင်၏သားဖြစ်သူ ဦးဝင်းမင်းခိုင်တို့လည်း အဂတိဖြင့် ဖမ်းဆီးခံထားရသည်။

 

ဦးဖြိုးမင်းသိန်း၊ ဦးမောင်ဝိတ်

နစကအနေဖြင့် အဂတိဖြင့် အရေးယူထားမှုအရ NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ ယခင်ဝန်ကြီးချုပ်ဟောင်းများ စုစုပေါင်း ၁၃ ဦး (ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းမပါ)အား အရေးယူမှုများတွင် တိုင်းပြည်ဘဏ္ဍာ ဆုံးရှုံးနစ်နာမှုစုစုပေါင်း ကျပ် ၁၂၃ ဒသမ ၇ ဘီလျံ၊ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ သန်းကျော်၊ ရွှေခုနစ်ပိဿာနှင့် ဘတ်သုံးသိန်းခွဲတို့ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် နစက၏ အရေးယသည့် ထုတ်ပြန်မှုစာရင်းတွင် မပါဝင်သေးသည့် ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ဆောင်ရွက်မှုများတွင် အဂတိဖြင့်နာမည်ကျော်ကြားသည့် စီမံကိန်းများစွာရှိနေသည်။

နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုနှင့် အဂတိဖြင့်နာမည်ကြီးခဲ့သည့် ဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်း လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်ချကများအပေါ် အဂတိနှင့်ဆိုင်သည့် ကိစ္စများနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားစာထောင်နှင့် သောင်းနှင့်ချီရှိခဲ့ပြီး အကြမ်းဖျင်းစာရင်းပြုစုတွက်ချက်ထားမှုများအရ ဦးဖြိုးမင်းသိန်းနှင့် ယခင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်မှုများကြောင့် တိုင်းပြည်ဘဏ္ဍာနစ်နာဆုံးရှုံးမှုများအပေါ် ခန့်မှန်းတွက်ချက်ထားမှုသည် ကျပ်ဘီလျံ ထောင်ကျော်အထိရှိကာ ဦးဖြိုးမင်းသိန်းတစ်ဦးတည်း၏ လာဘ်စားမှု၊ အဂတိနှင့်ဆက်နွှယ်မှုသည် ကျပ်ဘီလျံ ဆယ်ချီမှ ရာဂဏန်းအထိရှိ နိုင်ကြောင်းနှင့် ၎င်းပမာဏသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ် ၁၃ ဦး၏ အဂတိအမှုများတွင် နိုင်ငံ့ဘဏ္ဍာနစ်နာဆုံးရှုံးမှု တွက်ချက်တန်ဖိုးထက် လွန်စွာများပြားလျက်ရှိသည်။

NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူများတွင် အဂတိမှုများဖြင့် တရားစွဲဆိုထားမှုများ ခံရသူအများစုမှာ ထောင်ဒဏ်များ ချမှတ်ခံထားရပြီးဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် အဂတိဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့်အမှုတွဲများတွင် ဦးဖြိုးမင်းသိန်းက ပေးအပ်သည့် ဒေါ်လာခြောက်သိန်းနှင့် ရွှေခုနစ်ပိဿာ လက်ခံရယူခဲ့သည့်အမှုလည်း ပါဝင်ထားသည်။

ဦးဖြိုးမင်းသိန်း၏ ဆောင်ရွက်မှုများကြောင့် ဘဏ္ဍာငွေနစ်နာဆုံးရှုံးမှုများသည် NLD အစိုးရလက်ထက် တာဝန်ယူခဲ့သူများအား အဂတိဖြင့် အရေးယူခံထားရမှုများတွင် နိုင်ငံတော်ဘဏ္ဍာနစ်နာဆုံးရှုံးမှုတို့ထက် လွန်စွာများပြားလျက်ရှိသည်။

ထို့အတူ နစကလက်ထက် အရေးယူခံရသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအား ထောင်ဒဏ်ချမှတ်ခဲ့သည့်ဖြစ်စဉ်တွင် နစ်နာဆုံးရှုံးခဲ့သည့်ဘဏ္ဍာငွေနှင့် ဦးဖြိုးမင်းသိန်း၏ အဂတိဖြစ်ပေါ်သည်ဟု နာမည်ကြီးသော စီမံကိန်းများတွင် နစ်နာဆုံးရှုံးမှုကိုနှိုင်းယှဉ်ပါက ဦးလှစိုးထက် အဆရာချီနှင့် ထောင်ချီများပြားလျက်ရှိသည်။

ဦးလှစိုးဖြစ်စဉ်၊ ယခင် NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူများ အဂတိဖြင့် အရေးယူ ထောင်ဒဏ်မျမှတ်ထားသည့် ဖြစ်စဉ်တို့နှင့် အဂတိဖြင့်နာမည်ကျော်ကြားသည့် ဦးဖြိုးမင်းသိန်းအပေါ် အရေးယူဆောင်ရွက်မှုမရှိမှုအပေါ် နှိုင်းယှဉ်ပါက မမျှတသကဲ့သို့ဖြစ်စေသည်။

အဂတိမှုဖြင့် အရေးယူမှုများတွင် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်အား ထောင်ဒဏ်ချမှတ်ရာတွင် ၎င်းအမှုတွင်ပါဝင်ပတ်သက်သည့် ကုမ္ပဏီဘက်မှ CB ဘဏ် ဒုတိယဥက္ကဋ္ဌဟောင်းအပါအဝင် သုံးဦးကိုလည်း ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

အလားတူရှမ်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်အား အဂတိဖြင့် တရားစွဲဆိုထောင်ဒဏ်ချမှတ်ရာတွင် တင်ဒါရခဲ့သည့် ကုမ္ပဏီတာဝန်ရှိသူများကိုလည်း တရားစွဲဆိုကာ ထောင်ဒဏ်များ ချမှတ်ထားသည်။

ထို့အတူ နစကလက်ထက် အရေးယူထားသည့် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေး စက်ရုံကိစ္စရပ်တွင် ယခင်ဝန်ကြီးဟောင်းများအပြင် လုပ်ပိုင်ခွင့်ရထားသည့် ဧဒင်ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးချစ်ခိုင်နှင့် ၎င်း၏သားဖြစ်သူတို့ အရေးယူခံရသည်ကိုလည်း တွေ့ရသည်။

ဦးဖြိုးမင်းသိန်းအား အဂတိလိုက်စားမှုဖြင့် အရေးယူခြင်းရှိ မရှိနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် ဇွန် ၁၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းအပါအဝင် အစိုးရထိပ်ပိုင်း တာဝန်ယူခဲ့သူတချို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခဲ့ခြင်းမှာ ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များကြောင့်ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားခြင်းကို တွေ့ရသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ လာဘ်ပေးခဲ့သူများကိုမည်သို့ ဆောင်ရွက်မည်နည်း သို့မဟုတ် အရေးယူခြင်း မပြုလုပ်ဘဲ ကင်းလွတ်ခွင့်ပေးမည်နည်းဟု Eleven Media ၏ မေးမြန်းမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေ၏အထက်၌ မည်သူမျှမရှိကြောင်းနှင့် ဥပဒေအတိုင်း ဖြစ်စေရမည်ဟု ဖြေကြားခဲ့သည်။

အလားတူ ၂၀၂၂ ခုနှစ် ဇွန် ၁၆ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် NLD အစိုးရလက်ထက်က ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း တာဝန်ယူခဲ့စဉ်က ဆောင်ရွက်ခဲ့သော YP ကိစ္စတွင် ၎င်းလက်အောက်ရှိ ဝန်ကြီးများ၊ ဝန်ထမ်းများအရေးယူခံရချိန်တွင် တာဝန်အရှိဆုံး Policy Maker ဖြစ်သည့် ဦးဖြိုးမင်းသိန်း အရေးယူခံရခြင်း မတွေ့ရမှု၊ ဦးဖြိုးမင်းသိန်းကြောင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှု ခန့်မှန်းတွက်ချက်မှုအရ ကျပ်ဘီလျံ ထောင်ချီရှိနိုင်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များကြောင့် နိုင်ငံတော်ထိခိုက်နစ်နာမှုသည် ဘီလျံ ၁၀၀ ခန့်သာရှိပြီး နိုင်ငံတော် ထိခိုက်နစ်နာမှုတန်ဖိုးသည် အများဆုံးဟု ယူဆချိန်တွင် ၎င်းသည် အရေးယူခံမှုတွင် ကွက်ကျန်နေသဖြင့် Politically Motivated ဖြစ်နေခြင်းရှိ မရှိ၊ ၎င်း၏ပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးမှုရှိ မရှိနှင့် စုံစမ်းစစ်ဆေးမှုများကို ထုတ်ပြန်ပေးရန်ရှိ မရှိ  Eleven Media ၏ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ တင်ပြချက်၊ တွေ့ရှိချက်များအပေါ်မူတည်၍ တရားမျှတစွာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ဖြေကြားထားသည်။

ဦးဖြိုးမင်းသိန်း၏ ဆောင်ရွက်မှုများကြောင့် နိုင်ငံတော်ဘဏ္ဍာငွေနစ်နာခဲ့သည့် ကိစ္စရပ်များသည် လူအများ သိရှိထားပြီးဖြစ်သည့် ကိစ္စရပ်တစ်ခုဖြစ်သဖြင့် ဦးဖြိုးမင်းသိန်းကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ်တွင်လည်း အများက မေးခွန်းထုတ်မှုများ ဖြစ်စေသည်။

ထို့အတူ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်တို့တွင် စီးပွားရေးလုပ်ငန်းများရှိသည့် စေပိုင်ကုမ္ပဏီပိုင်ရှင်ဦးမောင်ဝိတ်၏ အမေရိကန် ဒေါ်လာများလှူဒါန်းခြင်း၊ ပေးအပ်ခဲ့မှုအား လက်ခံရယူမှုစွဲချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဇော်မြင့်မောင်တို့မှာ အဂတိဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားရသဖြင့် ဦးမောင်ဝိတ်နှင့် ဦးဖြိုးမင်းသိန်းအကြား အဂတိနှင့်ပတ်သက်၍ ဆက်နွှယ်မှုများရှိနိုင်ပြီး အထက်ပါကဲ့သို့ အဂတိဖြစ်ပေါ်အောင် ပေးအပ်ခဲ့သူ ဦးမောင်ဝိတ်ကို မည်သို့အရေးယူထားသည်ကို မသိရှိသေးပေ။

အဂတိနှင့်ပတ်သက်၍ နိုင်ငံတကာတွင် အစိုးရအကြီးအကဲများကို လာဘ်ပေးသည့် လုပ်ငန်းရှင်များ၏ ကုမ္ပဏီများ၊ လုပ်ငန်းများ Black List အသွင်းခံရခြင်းများရှိကြောင်း၊ စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ကိစ္စတွင်လည်း ၎င်းအနေဖြင့် ၎င်း၏လုပ်ငန်းအတွက် အစိုးရအကြီးအကဲများကို လာဘ်ပေးခြင်းနှင့် ပတ်သက်ပြီး ဝန်ခံထားပြီးသည့်အတွက်ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်  မသက်ဆိုင်တော့ဘဲ အစိုးရနှင့်သာ သက်ဆိုင်သည့်အခြေအနေဖြစ်ပြီး နောင်တက်လာမည့် အစိုးရအဆက်ဆက်တွင်လည်း အစိုးရအကြီးအကဲများကို လုပ်ငန်းရှင်များက အဂတိမြောက်အောင် လိုက်လံပေးနေမည့် အခြေအနေများဖြစ်ပေါ်နိုင်သဖြင့် အစိုးရအနေဖြင့် မည်သို့ကိုင်တွယ် မည်နည်းဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။

ယခင် NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူများကိုဖြစ်စေ၊ ယခုနစကလက်ထက်တာဝန် ထမ်းဆောင်ခဲ့သူများကိုဖြစ်စေ နစကအနေဖြင့် အဂတိနှင့်ပတ်သက်၍ အရေးယူများတွင် ရာခိုင်နှုန်း ၉၀ ကျော် သည် တိုင်ကြားမှုများထက်  စစ်ဆေးပေါ်ပေါက်မှုကြောင့် အရေးယူခြင်းများဖြစ်သဖြင့် အဂတိဖြင့် နာမည်ကျော်သည့် ဦးဖြိုးမင်းသိန်းနှင့် ဦးမောင်ဝိတ်တို့အား ရေးယူမှုမရှိခြင်းသည် အစိုးရတာဝန်ရှိသူများအနေဖြင့် ၎င်းတို့အပေါ် အဂတိဖြင့် စစ်ဆေးသော်လည်း ၎င်းတို့တွင် အဂတိဖြစ်စေသည့် အကြောင်းကိစ္စရပ် မပေါက်ခြင်း (သို့မဟုတ်) ၎င်းတို့အပေါ် အဂတိဖြင့် မစစ်ဆေးခြင်း (သို့မဟုတ်) ၎င်းတို့အပေါ် အဂတိဖြင့် စစ်ဆေးပြီး ပေါ်ပေါက်သော်လည်း အရေးယူမှုမရှိသေးခြင်းအပေါ်တွင်လည်း မေးခွန်းထုတ်မှုများရှိနေသည်။    

 

နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုနှင့် အဂတိဖြင့် နာမည်ကြီးခဲ့သည့် ဦးဖြိုးမင်းသိန်း၏ စီမံကိန်းများ

YP စက်သုံးဆီဆိုင် မြေနေရာကိစ္စတစ်ခုတည်း၌ပင် ကနဦးချထားပေးရန် လုပ်ခဲ့သည့်မြေကွက် ၂၆ ကွက်နှင့်ပတ်သက်၍ ခန့်မှန်းတန်ဖိုး ကျပ်ဘီလျံ ၂၀၀ နှင့် ၃၀၀ ကြား တိုင်းပြည်ဘဏ္ဍာ ဆုံးရှုံးနစ်နာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်များအတွက် ကျပ်  ၆၄ ဘီလျံအသုံးပြုခဲ့ပြီး အဆိုပါငွေများ မည်သည့်နေရာ ရောက်သွားသည်ကို မသိရှိရပေ။

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်မီးပေးရန် ကျပ်ဘီလျံ ၃၀ ဖြင့် မီးစက်ဝယ်ယူခဲ့ပြီး အဆိုပါမီးစက်သည် စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ရငွေထက်ကုန်ကျငွေ ကျပ်သန်း ၃၁၀၀ ကျော်ပိုများခဲ့ကြောင်း ဖော်ပြခံရပြီး လွှတ်တော်တွင်လည်း ထောက်ပြခဲ့ခြင်းများရှိကာ ယခုအချိန်အထိ အဆိုပါမီးစက်သည် ပြည်သူအတွက် သုံးမရဖြစ်ခဲ့၍ ကျပ်ဘီလျံ ၃၀ နစ်နာခဲ့သည်။

ရန်ကုန်ညစျေးတန်းလုပ်ဆောင်ရန် ကျပ်သန်း ၁၅၂၀ ကျော်သုံးစွဲခဲ့ပြီး ယင်းလုပ်ငန်းစဉ်သည် မအောင်မြင်ခဲ့ဘဲ ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာခဲ့သည်။

ကျောင်းကားအစီး ၂၀၀ ကို ချေးငွေငါးဘီလျံကျော်အပါအဝင် စုစုပေါင်း ၁၀ ဘီလျံကျော်ဖြင့် ဝယ်ယူခဲ့ရာတွင် ပွင့်လင်းမြင်သာမှုမရှိခဲ့သဖြင့် အဂတိရှိခဲ့ကြောင်း မီဒီယာတွင် ရေးသားဖော်ပြခဲ့ကြပြီး ဘဏ္ဍာငွေများစွာ ဆုံးရှုံးနစ်နာခဲ့သည်။

YBS နှင့်ပတ်သက်၍ ကျပ်ဘီလျံ ၇၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး လုံလောက်မှုမရှိသဖြင့် ပုဂ္ဂလိကဘဏ်တစ်ခုမှ ရှစ်ဘီလျံချေးပြီး ဝယ်ယူခြင်းတွင်လည်း ပွင့်လင်းမြင်သာမှုမရှိ၍ ဝေဖန်ခံခဲ့ရပြီး နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးနစ်နာခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်သူများ ကန့်ကွက်နေသည့်ကြားမှ ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းအစိုးရသည် အလျင်အမြန်ဆောင်ရွက်ရန်လုပ်ဆောင်ခဲ့ပြီး မြေယာလျော်ကြေးအတွက်ဆိုကာ ကျပ်ခုနစ်ဘီလျံ အသုံးပြုထားသည့်အပြင် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ထိုစဉ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ်ဘီလျံ ၂၀ ခန့် အသုံးပြုရန် လျာထားခဲ့ခြင်းဖြစ်ပြီး ယင်းငွေများအပေါ် ပွင့်လင်းမြင်သာစွာ ရှင်းလင်းနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

ရန်ကုန်မြို့သစ်စီမံကိန်း မြေတန်ဖိုးကို တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာနှုန်း တန်ဖိုးသတ်မှတ်၍လည်း နိုင်ငံအတွက် ကျပ်ငွေဘီလျံများစွာလည်း နစ်နာခဲ့သည်။

မြေဧကသုံးသောင်းကျော်တွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြေသိမ်းရာတွင် လယ်မြေအဖြစ်သိမ်းခဲ့သော်လည်း ပြန်ပေးသည့်အခါတွင် စျေးနှုန်းပိုများသည့် မြို့မြေအဖြစ်သတ်မှတ်ပေး၍ နိုင်ငံတော်၏ ဘဏ္ဍာငွေဘီလျံနှင့်ချီ ဆုံးရှုံးနစ်နာခဲ့သည်။ မြို့သစ်စီမံကိန်းအတွက် လနဖောက်ခြင်း၊ ကြိုပွိုင့်ပုံစံယူပြီး မြေများကို လနဖောက်သည့်ကိစ္စများတွင် လာဘ်စားမှုများရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ဆက်စပ်ပြီး တိုင်းပြည်ဘဏ္ဍာဆုံးရှုံးမှုသည် ခန့်မှန်းတွက်ချက်မှုအရ ကျပ်ဘီလျံရာနှင့်ချီရှိခဲ့သည်။

ရန်ကုန်မြို့ ရေကြီးရေလျှံမှုမဖြစ်ရန်ဟုဆိုကာ ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းအစိုးရသည် နိုင်ငံတကာ ထောက်ပံ့ကူညီငွေ ဒေါ်လာသန်း ၅၀ ဝန်းကျင်အသုံးပြုခဲ့ပြီး အောင်မြင်မှုမရှိခဲ့ပေ။

(ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အဂတိနှင့်ဆိုင်သည့် ကိစ္စများနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားစာထောင်နှင့် သောင်းနှင့်ချီရှိခဲ့သည်။ အကြမ်းဖျင်းစာရင်းပြုစုတွက်ချက်ထားမှုများအရ ဦးဖြိုးမင်းသိန်းနှင့် ယခင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်မှုများကြောင့် တိုင်းပြည်ဘဏ္ဍာနစ်နာဆုံးရှုံးမှု များအပေါ် ခန့်မှန်းတွက်ချက်ထားမှုသည် ကျပ်ဘီလျံ ထောင်ကျော်အထိရှိပြီး လွန်စွာများပြားသည့် တိုင်းပြည်ဘဏ္ဍာဆုံးရှုံးနစ်နာမှုဖြစ်သည်။ ဦးဖြိုးမင်းသိန်းတစ်ဦးတည်း၏ လာဘ်စားမှု၊ အဂတိနှင့်ဆက်နွှယ်မှုသည် ကျပ်ဘီလျံဆယ်ချီမှ ရာဂဏန်းအထိ ရှိနိုင်သည်။ ၎င်းပမာဏသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ် ၁၃ ဦး၏ အဂတိအမှုများတွင် နိုင်ငံ့ဘဏ္ဍာနစ်နာဆုံးရှုံးမှု တွက်ချက်တန်ဖိုးထက် လွန်စွာများပြားနေသည်။)

 

NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတဟောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်းများကို အဂတိဖြင့် အရေးယူထားမှုများတွင် ဘဏ္ဍာငွေ နစ်နာမှုပမာဏများ

သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့၏ အဂတိမှုများတွင် နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှု ကျပ်ဘီလျံ ၂၀ ကျော်၊ အမေရိကန်ဒေါ်လာ လေးသန်းကျော်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်အဂတိအမှုများတွင် နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှု ကျပ် ၂၅ ဘီလျံကျော်နှင့် ဦးဖြိုးမင်းသိန်းက ၎င်းထံပေးအပ်မှု အမေရိကန်ဒေါ်လာခြောက်သိန်းနှင့် ရွှေခုနစ်ပိဿာ၊ ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းခေါင်းစဉ်ဖြင့် ၎င်းထံလှူဒါန်းမှု အမေရိကန်ဒေါ်လာ ငါးသိန်း။

(စုစုပေါင်း အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ အဂတိအမှုများတွင် နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှု ကျပ် ၄၅ ဘီလျံကျော်၊ အမေရိကန်ဒေါ်လာ လေးသန်းကျော်)

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း၏ အဂတိအမှုများတွင် ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှု ကျပ် ၁၁ ဒသမ ၅၂ ဘီလျံ။

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း၏ အဂတိအမှုများတွင် ဘဏ္ဍာငွေဆုံးရှုံးနစ်နာမှု ကျပ် ၀ ဒသမ ၁၀ ဘီလျံ။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း၏ အဂတိအမှုများတွင် ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှု ကျပ် ၁၆ ဒသမ ၃၁ ဘီလျံ။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း၏ အဂတိအမှုများတွင် ဘဏ္ဍာငွေဆုံးရှုံးနစ်နာမှု ကျပ် ၀ ဒသမ ၇၈ ဘီလျံ။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း၏ အဂတိအမှုများတွင် ဘဏ္ဍာငွေဆုံးရှုံးနစ်နာမှု ကျပ် ၁ ဒသမ ၄၅ ဘီလျံ။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း၏ အဂတိအမှုများတွင် ဘဏ္ဍာငွေဆုံးရှုံးနစ်နာမှု ကျပ်တစ်ဘီလျံ။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း၏ အဂတိအမှုများတွင် ဘဏ္ဍာငွေဆုံးရှုံးနစ်နာမှု ကျပ်၂၃ ဘီလျံ။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း၏ အဂတိအမှုများတွင် ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှု ကျပ် ၂၃ ဘီလျံ။

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း၏ အဂတိအမှုများတွင် ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှု ကျပ် သုည ဒသမ ၄၀ ဘီလျံ။

နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း၏အဂတိအမှုများတွင် ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှုကျပ် ၁၇ ဒသမ ၁၄၅ ဘီလျံ။

ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း အဂတိအမှုများတွင် ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှု ကျပ် ၃ ဒသမ ၄၁ ဘီလျံ။

(အထက်ပါစာရင်းများကိုတွက်ချက်ပါက အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အဂတိအမှုများအပါအဝင် ယခင်ဝန်ကြီးချုပ်ဟောင်း ၁၃ ဦး၏ အမှုများတွင် တိုင်းပြည်ဘဏ္ဍာဆုံးရှုံးနစ်နာမှု စုစုပေါင်း ကျပ် ၁၂၃ ဒသမ ၇ ဘီလျံ၊ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ သန်းကျော်၊ ရွှေခုနစ်ပိဿာနှင့် ဘတ်သုံးသိန်းခွဲဖြစ်သည်)။

Most Read

Most Recent