စာရေးသူနှင့် စာရေးဆရာ

စာရေးသူနှင့် စာရေးဆရာ
Published 26 December 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူ မိတ္ထီလာစီးပွားရေး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်အချိန်က ပညာရေးနှင့်  ပတ်သက်သည့် သဘောတရား တစ်ရပ်အား ပညာရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်ကို စာရေးသူ ကိုယ်တိုင် ကြားသိ တွေ့မြင် ခဲ့ရပါသည်။ အဆိုပါ သဘောတရားမှာ “တက္ကသိုလ်ပညာရေးသည် ပညာရှင်များအတွက်” ဆိုသည့် သဘောတရားမှသည် “တက္ကသိုလ် ပညာရေးသည် ပြည်သူပြည်သား များအတွက်}}ဆိုသည့် ပိုမို ကျယ်ပြန့် သော သဘောတရားကို ပြောင်းလဲ ကျင့်သုံးမည်ဖြစ်ကြောင်း အသိပေး ခြင်း ဖြစ်ပါသည်။ အသိပေးရုံသာ ဖြစ်ပြီး မည်ကဲ့သို့သော ဒီဇိုင်းမိုဒယ် ကို အသုံးပြုမည်။ မည်ကဲ့သို့သော မူဘောင်များကို ချမှတ်ကျင့်သုံးမည်။ မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုသော အချက်များကိုမူ ရှင်းလင်း ပြောကြားခြင်း မရှိခဲ့ပါ။

ထိုစဉ်အချိန်က စာရေးသူ ချက်ချင်းနားလည်သဘောပေါက်ခဲ့သည်မှာ တက္ကသိုလ်များတွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်ဆိုင်ရာများကို အခြေခံသည့် အတတ်ပညာ၊ နည်းပညာ၊ အသိပညာတို့နှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များအား ပြည်သူပြည်သားများ အလွယ်တကူ သိမြင်နားလည်နိုင်စေရန် ကြိုးပမ်းအားထုတ် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဆိုသော သဘောတရားဖြစ်သည်ဟု မှတ်ယူခဲ့ပါသည်။

ယခုဆောင်းပါးတွင် ရေးသားတင်ပြထားသည့် သတင်းအချက်အလက်များသည် စာရေးသူ၏ သိမြင်နားလည်မှုများနှင့် တွေ့ကြုံ ခဲ့ရသည်များကို အခြေခံကာ စာရေးသူ၏ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင် ယူဆချက်များသာ ဖြစ်ပြီး စာဖတ်သူများအနေဖြင့် မှန်ကန်ခြင်း ရှိ/မရှိ၊ ဓမ္မဓိဌာန်ကျခြင်း ရှိ/မရှိ၊ တရားမျှတခြင်း ရှိ/မရှိ ကို ကိုယ်တိုင် လေ့လာဆန်းစစ်၊ တွေးခေါ် မြော်မြင်သုံးသပ်ပေးကြပါရန် ကြိုတင်မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။

စာရေးသူသည် မုဆိုးချုံရွာမ ကျေးရွာရှိ တောင်ကျောင်းကြီးဟု ခေါ်ဆိုကြသည့် ဘုန်းကြီးကျောင်းတွင် ၀-လုံး ရေးသည်မှ စတင်ကာ လေ့လာသင်ယူခဲ့ရပြီး မြန်မာစာပေများကို စတင်ဖတ်တတ်သည့် အချိန်တွင်မူ စာရေးသူ၏ မိခင်နှင့်ဖခင် ပိုင်ဆိုင်သည့် စာအုပ်များဖြစ်သည့် မဟော်သဓာဇာတ်တော်ကြီး၊ ဆရာကြီး ဘုတလင်ချစ်လေး၏ ကဗျာစပ်နည်းများ စသည်ဖြင့် သေတ္တာတစ်လုံးစာခန့်ရှိသည့် စာအုပ်များကို လေ့လာဖတ်ရှုခွင့် ရရှိခဲ့ပါသည်။

စာရေးသူ အလယ်တန်းနှင့် အထက်တန်းသို့ ရောက်ရှိချိန် မန္တလေးမြို့ အမှတ် (၁) အစိုးရအထက်တန်း ကျောင်း၊ အမျိုးသားများသာ တက်ရောက်ခွင့်ရရှိသည့် အမျိုးသားအထက်တန်းကျောင်းသို့ တက်ရောက်သင်ယူသည့် အချိန်အခါတွင်မူ အတန်းပြင်ပ ဗဟုသုတစာပေနှင့် ပတ်သက်ပြီး ပြင်ပမှ လာရောက် ဟောပြောပို့ချသည့် ဆရာကြီးများမှာ ဆရာကြီး ဒေါက်တာ အောင်ခင်ဆင့်၊ ဆရာကြီး ဦးဝင်း တင်၊ ဗိုက်ကို ဂျစ်ကားဘီးဖြင့်အနင်းခံပြီး ကာယဗလစွမ်းအားပြသည့် ဆရာကြီးကြွယ် (အမည် အပြည့်အစုံ မမှတ်မိတော့ပါ) စသည့် ဆရာကြီးများသည် နှစ်စဉ်နှစ်တိုင်း လာရောက် ဟောပြောပို့ချခြင်း၊ ကာယစွမ်းရည်ပြသခြင်းများကို လေ့လာ၊ နားထောင်၊ ကြည့်ရှုခွင့် ရရှိခဲ့ပါသည်။

ထို့ပြင် အလယ်တန်းကျောင်းသားများအနေဖြင့် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် နေ့ချင်းပြန် လေ့လာရေးခရီးစဉ်များ သွားရောက်ကြရပြီး စာရေးသူ အလယ်တန်းကျောင်းသားဘဝ တံတားဦး၊ အင်းဝလေ့လာရေးခရီးစဉ်မှာ မန္တလေးတက္ကသိုလ်ရှိ ဆရာကြီးကိုယ် တိုင် လိုက်ပါ ရှင်းလင်းပြောပြခဲ့သဖြင့် ယခု အသက် ၆၀ နှစ်ကျော်သည့်တိုင် မှတ်မိသတိရနေဆဲ ဖြစ်ပါသည်။

စနေနေ့သို့ ရောက်သည့်အခါတိုင်းလည်း ဟံသာဝတီ သတင်းစာတိုက်က ကြီးမှူးပြီး ဘိုးဝဇီရခန်းမတွင် ကျင်းပပြုလုပ်သော စနေစာ ပေဝိုင်းသို့ စာရေးဆရာကြီးများ ဟောပြောဆွေးနွေးကြသည်များကို သွားရောက် နားထောင်ရသည်မှာလည်း လူငယ်ဘဝတွင် အလုပ်တစ် ခုအဖြစ် မှတ်ယူခဲ့ပါသည ်။ ရာသီဥတုသာယာချိန် ညနေပိုင်းမှ စတင်ကာ ကျင်းပပြုလုပ်လေ့ရှိသော မန္တလေးဘူတာကြီးအနီး စာပေဟောပြောပွဲများနှင့် ကျန်နေရာများတွင် ကျင်းပပြုလုပ်သည့် စာပေဟောပြောပွဲများကိုလည်း မေးမြန်းစုံစမ်းပြီး သွားရောက် နားထောင် မှတ်သားခဲ့ရပါသည်။

၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် အချိန်ကာလ စာရေးသူ နေပြည်တော်တွင် အလုပ်တာဝန်ဖြင့် နေထိုင်လျက် ရှိနေစဉ် လက်ဖက်ရည် ဆိုင်တွင် ကျင်းပပြုလုပ်သည့် နေ ပြည်တော်စာပေဝိုင်းသို့ သွားရောက် ပြီး စာရေးဆရာကြီးများ၏ စာပေ ဆွေးနွေး ဟောပြောပို့ချသည်များကို လေ့လာ နားထောင်ခွင့် ရရှိခဲ့ပါသည်။ ထိုစဉ်အချိန်က စာရေးသူ တင်ပြခဲ့သည့် အချက်ကလေးကို တင်ပြရပါလျှင် ]]ကျွန်တော်သည် စာရေးဆရာ တစ်ဦး မဟုတ်ပါကြောင်း နှင့် စာရေးသူတစ်ဦးသာဖြစ်ပါ ကြောင်း ရှင်းလင်း တင်ပြခဲ့ပါ သည်။}}

အဘယ်ကြောင့် ထိုကဲ့သို့ တင်ပြခဲ့သည်ကို အနည်းငယ် ရှင်း လင်း ဖော်ပြရပါလျှင် စာရေးသူ စာပေဟောပြောပွဲ၊ စာပေဆွေးနွေး ပွဲ၊ စာပေဝိုင်းများကို သွားရောက် နားထောင်၊ လေ့လာ၊ သိမြင်ခဲ့ရ သည့် အချက်အနေနှင့်  စာရေးဆရာဆိုသည်မှာ အောက်ပါအချက် နှစ်ရပ်နှင့် ပြည့်စုံရမည်ဟု ကြားသိ နားလည်ခဲ့ရပါသည်။

၁။ စာရေးဆရာဆိုသည်မှာ ရသ စာပေနှင့် သုတစာပေ နှစ်မျိုးစလုံး ကို ဖန်တီးရေးသား ပြုစုနိုင်သူ ဖြစ်ရ ပါမည်။

၂။ စာရေးဆရာဆိုသည်မှာ စာပေ ရေးသားခြင်းအလုပ်ဖြင့် အသက် မွေးဝမ်းကျောင်းသူ ဖြစ်ရပါမည်။

အထက်ပါ အဓိပ္ပာယ်သတ် မှတ်ချက်သည် သူ့အလိုအလျောက် ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သည် မဟုတ်ဘဲ ၁၉၄၂ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စာရေးဆရာ စည်းမျဉ်းတွင် စာပေရေးသားပြီး အသက်မွေးဝမ်းကျောင်းပြုသူနှင့် စာပေရေးသားပြီး အသက်မမွေးသော်လည်း စာအုပ်စာတမ်းရေးသားသူ ဖြစ်ရမည်ဟု ပါရှိခဲ့ကြောင်း ကြားသိလေ့လာ သိရှိခဲ့ရပါသည်။ ၁၉၄၂ ခုနှစ် က အတည်ပြုပြဋ္ဌာန်းခဲ့သည့် စာ ရေးဆရာ စည်းမျဉ်းများကိုမူ စာ ရေးသူအနေဖြင့် လက်လှမ်းမမီသဖြင့် မတွေ့မြင်ဖူးပါ။

သို့သော်လည်း ယနေ့အချိန် စာပေမိတ်ဆွေများထံက ကြားသိရသည့်အချက်များအရ စာရေးဆရာ အသင်းဝင်အဖြစ် လျှောက်ထားသည့်အခါတွင် ထည့်သွင်းရသည့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ဆောင်းပါး/ဝတ္ထုတို ၁၀ ပုဒ် (သို့မဟုတ်)

၂။ ကဗျာ ၂၀ ပုဒ် (သို့မဟုတ်)

၃။ ဝတ္ထုရှည် သုံးပုဒ် (သို့မဟုတ်)

၄။ စာအုပ် သုံးအုပ် တစ်ခုခု ပြည့်မီလျှင် လျှောက်ထား၍ရကြောင်း လေ့လာသိရှိရပါသည်။

ထို့ကြောင့် အထက်ဖော်ပြပါ သတ်မှတ်ချက်သည် မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ စာရေးဆရာအဖြစ် တရားဝင် အသိအမှတ်ပြုနိုင်ရန် အဓိပ္ပာယ်သတ်မှတ်ထားခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည်။ ယခုကဲ့သို့ အဓိပ္ပာယ် သတ်မှတ်ခြင်းသည် အထက်တွင် ဖော်ပြခဲ့သည့် အဓိပ္ပာယ်သတ်မှတ်ထားချက် နှစ်ရပ်နှင့် နှိုင်းယှဉ်ပါက ပိုမိုပျော့ပျောင်းလျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ အဓိပ္ပာယ်သတ်မှတ်ချက်များကို အလွယ်တကူ သိမြင်နိုင်စေရန် အလို့ ငှာ ပုံတွင် ဖော်ပြထားပါသည်။

 စာရေးသူသည် တက္ကသိုလ် ကျောင်းဆရာတစ်ဦးဖြစ်ခဲ့သည့်အတွက် စာရေးသူ သင်ယူလေ့လာ သင်ကြားလျက်ရှိသည့် စာရင်းအင်းပညာ ဘာသာရပ်ကို ပြည်သူပြည်သား လူအများ သိမြင်နားလည် သဘောပေါက်စေရေးအလို့ငှာ ပြည်သူပြည်သားများအကြားတွင် ရေးသားထုတ်ဝေလျက်ရှိသည့် စာရေးဆရာ သို့မဟုတ် စာရေးသူတစ်မျိုးမျိုးကို ခံယူကာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် အထက်တွင် ဖော်ပြခဲ့သည်

“တက္ကသိုလ်ပညာရေးသည် ပြည်သူပြည်သားများအတွက်” ဆိုသော ရည်ရွယ်ချက်အား စတင်နိုင်မည် ဖြစ်ပါသည်။ သို့သော်လည်း “စာရေးဆရာ”အဖြစ် ခံယူကျင့်သုံးရန်မှာ အနည်းငယ် ရှုပ်ထွေးလျက်ရှိသဖြင့် လွတ်လွတ်လပ်လပ် “စာရေးသူ” အဖြစ် ခံယူကျင့်သုံးခြင်းကသာ အသင့်တော်ဆုံး အခြေအနေဖြစ်သည်ဟု ထင်မြင်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ တက္ကသိုလ်ကြီးများတွင် သက်ဆိုင်ရာ ဘာသာရပ်ဌာနများရှိ ဆရာကြီး၊ ဆရာမကြီးများက သင်ကြားပို့ချလျက်ရှိသော အကဲဒမစ်ဆန်သည့် ဘာသာရပ်နယ်ပယ်ရှိ အကြောင်းအရာများနှင့် သတင်းအချက်အလက်များအား ပြည်သူ ပြည်သား လူအများ အလွယ်တကူ သိမြင်နားလည်နိုင်စေရေးအလို့ငှာ တက္ကသိုလ်ပညာရေးစနစ်တွင် ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိနေသည့် သဘောတရားအခြေအနေများနှင့် ပြည်သူပြည်သား လူအများအတွက် မြန်မာစာပေကို အသုံးပြုပြီး စာစောင်၊ စာအုပ်၊ စာပေများကို ရေးသားတင်ပြလျက်ရှိကြသည့် စာရေးဆရာ သို့မဟုတ် စာရေးသူတို့၏ သဘောသဘာဝ အ လေ့အထများနှင့် အလွယ်တကူ ချိတ်ဆက် ပေါင်းကူးနိုင်စေမည့် နည်းလမ်းများအား ရှာဖွေတွေ့ရှိ နိုင်စေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ စာရေးသူ သင်ယူ လေ့လာ သင်ကြားလျက်ရှိသည့် စာရင်းအင်းပညာ ဘာသာရပ်ကို ပြည်သူပြည်သား လူအများ သိမြင် နားလည် သဘောပေါက်စေရေး အလို့ငှာ မည်ကဲ့သို့ စတင်ချဉ်းကပ် ဆောင်ရွက်သင့်ပါသနည်းဆိုသည့် မေးခွန်းကို စာရေးသူ၏ အမြင်သက်သက်ဖြင့် ဆွေးနွေးတင်ပြပါမည်။ ဆောင်ရန်၊ ရှောင်ရန် အချက်အလက် အကြောင်းအရာများ အမြောက်အမြား တည်ရှိနေပါသော်လည်း ယခုဆောင်းပါးတွင် အဓိကအားဖြင့် ရှောင်သင့်သည့် အချက် သုံးချက်ကိုသာ တင်ပြပါမည်။

ပထမရှောင်ရန် အချက်မှာ စီးပွားရေးတက္ကသိုလ်များရှိ၊ စာရင်းအင်းပညာဌာနက ဘာသာရပ်များ (Subjects) သင်ကြားပို့ချနိုင်စေရန် ရေးဆွဲပြဋ္ဌာန်းထားရှိသည့် သင်ရိုးညွှန်းတမ်း (Curriculum) နှင့် သင်ရိုးမာတိကာ (Syllabus) များကို အခြေခံခြင်း မပြုရန်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဖော်ပြပါ ရေးဆွဲပြဋ္ဌာန်းထားရှိခြင်းများသည် အချိန်ကာလတစ်ခုအတွင်း သက်ဆိုင်ရာဘာသာရပ်တွင် ပါဝင်သည့် အကြောင်းအရာများကို ပြည့်စုံနိုင်သမျှ ပြည့်စုံနိုင်စေရန် ထည့်သွင်းထားရှိခြင်းနှင့် စာမေးပွဲ ကျင်းပပြုလုပ်နိုင်စေရန် ဦးတည် သင်ကြားပို့ချရခြင်းများကြောင့် ဖြစ်ပါသည်။

ဒုတိယရှောင်ရန်အချက်မှာ အကြောင်းအရာများကို ရွေးချယ်တင်ပြရာတွင် လောဘကြီးပြီး အလုံးစုံ၊ အပြည့်အစုံ ပါဝင်နိုင်စေရန် ကြိုးပမ်းအားထုတ်ခြင်းပင် ဖြစ်ပါသည်။ ဘာသာရပ်ဆိုင်ရာများနှင့်ပတ်သက်ပြီး ရေးသားတင်ပြနိုင်ရန် အခြေခံများအဖြစ် စာရေးသူတို့ငယ်စဉ်က သင်ယူမှတ်သားခဲ့ရသည်မှာ အခြေခံအားဖြင့် (4 C) ဟု ခေါ်ဆိုကြသည့် (၁) မှန်ကန်မှုရှိသော (Correct)၊ (၂) ရှင်းလင်းပြတ်သားသော (Clear)၊ (၃)ပြည့်စုံသော (Complete) နှင့် ခိုင်လုံသော ခိုင်မာသော (Concrete) စသည့် သတ်မှတ်ချက်များတွင် နံပါတ် (၃) အချက်ဖြစ်သည့် ပြည့်စုံသောဆိုသည့်အချက်ကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းအားထုတ်ခြင်းပင်ဖြစ်ပါသည်။ အဆင့်မြင့် ရေးသားတင်ပြ ခြင်းများအတွက်မူ (7 C)၊ (8 C) စသည်ဖြင့် တည်ရှိသည်ကို စာဖတ်သူများ သတိပြုနိုင်စေရန် တင်ပြပါသည်။ အသေးစိတ်ကို ဖော်ပြခြင်း မပြုတော့ပါ။

တတိယရှောင်ရန်အချက်မှာ ဘာသာရပ်ဆိုင်ရာများနှင့် ပတ်သက်သည့် အကြောင်းအရာသတင်းအချက်အလက်များသည် အများအားဖြင့် အင်္ဂလိပ်စာနှင့် ရေးသားတင်ပြထားသော စာအုပ်၊ စာစောင်၊ စာတမ်းများကို အခြေခံပြီး ဖတ်ရှု လေ့လာတင်ပြရခြင်းဖြစ်သည့် အတွက် အင်္ဂလိပ်စာနှင့် ရေးသား ထားသည်များကို တိုက်ရိုက် မြန်မာ ဘာသာသို့ ပြန်ဆိုပြီး ရေးသားတင် ပြခြင်းကို ရှောင်ရန်ဖြစ်ပါသည်။ သို့သော်လည်း တိုက်ရိုက်ရည်ညွှန်း တင်ပြလိုသော သတင်းအချက်အလက်များအတွက်မူ စာအုပ်၊ စာစောင်၊ စာတမ်းများတွင် မူရင်းအတိုင်း ဖော်ပြထားချက်များအား တိုက်ရိုက်ကူးယူပြီး မြန်မာဘာသာသို့ ပြန်ဆိုခြင်းများ ပြုလုပ်တင်ပြသင့်သည်ဟု စာရေးသူအနေဖြင့် ထင်မြင်ပါသည်။

ဒုတိယအနေဖြင့် ပြည်သူပြည်သား လူအများ အလွယ်တကူ သိမြင်နားလည်နိုင်စေရန်အတွက် မြန်မာစာပေကို အသုံးပြုပြီး ရေးသားတင်ပြနိုင်စေရန်အလို့ငှာ ချဉ်းကပ်ဆောင်ရွက်ခြင်းများကို စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြပါမည်။ အခြေခံအချက်အနေနှင့် စာရေးသူ မန္တလေးဒေသကောလိပ်တွင် တက်ရောက်စဉ်က လေ့လာသင်ယူခဲ့ရသည့် စု၊ တု၊ ပြုပင် ဖြစ်ပါသည်။

စု၊ တု၊ ပြု ကို အခြေခံပြီး ကဗျာဆရာကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်) က အင်တာနက် စာမျက်နှာ၊ Kamayut Online TVProut Myanmar

အစီအစဉ်၊ ကဗျာဆရာ ကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်) (၁) ခေါင်းစဉ်နှင့် တွေ့ဆုံ ဆွေးနွေး ခန်းတွင် ရှင်းလင်းပြောကြားထား သည်မှာ (Intellect) ပညာရှင် (ဆရာကြီးက ပညာတတ်ဟု သုံးစွဲ ထားရှိပါသည်) ဖြစ်ရန် တောင်နှစ် တောင်ကို ကျော်နိုင်ရမည်ဖြစ် ကြောင်း၊ ပထမတောင်မှာ (Language Difficulties) စာပေတောင် တစ်တောင်ကို ကျော်နိုင်ရမည် ဖြစ် ပြီး ဒုတိယတောင်မှာ (Subject Difficulties) ဘာသာရပ်တောင် တစ်တောင်ကိုလည်း ကျော်နိုင်ရမည်ဖြစ်ကြောင်း ဆွေးနွေး တင်ပြထားသည်ကို စာဖတ်သူများအတွက်ရှာ ဖွေကိုးကားပြီး တင်ပြအပ်ပါသည်။

ဆရာကြီး ရှင်းလင်းတင်ပြခဲ့ သည့် ဒုတိယတောင် (Subject Difficulties) ဘာသာရပ်တောင် ဆိုသည်မှာ တက္ကသိုလ်ကြီးများတွင် မြန်မာစာဌာနက သင်ကြားပို့ချလျက်ရှိသည့် ဘာသာရပ်များကို ရည်ညွှန်းဆိုလိုခြင်း ဖြစ်မည်ဟု စာ ရေးသူအနေနှင့် ထင်မြင်ယူဆပါသည်။ အထက်ဖော်ပြပါ ဆွေးနွေး တင်ပြချက်များသည် စာရေးဆရာ သို့မဟုတ် စာရေးသူတစ်ဦးအဖြစ်သို့ ရောက်ရှိနိုင်စေမည့် အကောင်းမွန်ဆုံးသော ချဉ်းကပ်နည်းလမ်းများ ဖြစ်ကြပါသည်။

စာဖတ်သူများ သတိပြုမိမည်ဟု ထင်မြင်ယူဆပါသည်။ မြန်မာစာပေကို ပိုင်နိုင်ကျွမ်းကျင်ပါသော်လည်း ဘာသာရပ်ကို မနိုင်နင်းပါက ရေးသားတင်ပြသည့် အကြောင်းအရာများသည် လေးနက်ခြင်း မရှိတော့ဘဲ ပေါ့ပြက်ပြက်အရသာ ဖြစ်ပေါ်နေမည်ဖြစ်ပြီး ဘာသာရပ်ကို ပိုင်နိုင်ကျွမ်းကျင်ပါသော်လည်း မြန်မာစာပေကို မနိုင်နင်းပါက အဓိပ္ပာယ်နှင့် ရှင်းလင်းတင်ပြထားချက်များသည် ရှုပ်ထွေးလျက်ရှိနေပြီးလျှင် ဆိုလိုသည့် အကြောင်းအရာကို စာဖတ်သူများအနေနှင့် အလွယ်တကူ မသိမြင် နားမလည် ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။

တတိယအနေဖြင့် တက္ကသိုလ်ကြီးများတွင် ဖွဲ့စည်းထားရှိသည့် ဘာသာရပ်ဌာနများက သင်ကြားပို့ ချလျက်ရှိသည့် ဘာသာရပ်များ (Subjects) အား ပြည်သူပြည်သား လူအများ အလွယ်တကူ သိမြင်နားလည် သဘောပေါက်စေရေးအလို့ငှာ မည်ကဲ့သို့ စတင်ဆောင်ရွက်သင့်ပါသနည်းဆိုသည့် မေးခွန်းဖြစ်ပါသည်။

တစ်နည်းအားဖြင့် တက္ကသိုလ် ကြီးများတွင် ဖွဲ့စည်းထားရှိသည့် ဘာသာရပ်ဌာနများက သင်ကြားပို့ချလျက်ရှိသည့် ဘာသာရပ်များ (Subjects) နှင့် ပြည်သူပြည်သား လူအများ အလွယ်တကူသိမြင် နားလည်နိုင်စေရန်အတွက် မြန်မာစာပေကို အသုံးပြုပြီး ရေးသားတင်ပြခြင်း ပြုလုပ်ရသည့် သဘောသဘာဝ အလေ့အထများနှင့် မည်ကဲ့သို့ ပေါင်းကူးပေးနိုင်ပါမည်နည်းဆိုသည့် မေးခွန်းဖြစ်ပါသည်။

ဖော်ပြပါ မေးခွန်းကို အပြည့် အစုံ ဖြေဆိုရန်မှာ အဆင့်ပေါင်းများစွာ တည်ရှိနေပါသဖြင့် ယခုဆောင်းပါးအဆင့်ဖြင့် ရှင်းလင်း တင်ပြရန် မဖြစ်နိုင်ပါ။ သို့သော်လည်း မြန်မာနိုင်ငံတွင် တည်ရှိဖြစ်ပေါ်စေခဲ့သည့် တစ်နည်းအားဖြင့် ရှေးအဆက်ဆက် ပညာရှင်ကြီးများက ကြိုးပမ်းအားထုတ်ခဲ့ကြသည့် အခြေအနေများ၊ လေ့လာသိမြင် ရသည့် အချက်များကို အခြေခံကာ စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြပါမည်။

ပထမအချက်အနေနှင့် စာရေးသူ၏ အမြင်ရှုထောင့်အရ တင်ပြရပါလျှင် တက္ကသိုလ်များတွင် တည်ထောင်ဖွင့်လှစ်မည့် ၀ိဇ္ဇာ၊ သိပ္ပံ၊ သမိုင်း၊ စာပေရေးရာ စသည့်ဘာသာရပ်ဆိုင်ရာများနှင့် ဘာသာရပ် ဆိုင်ရာ ဆရာ၊ ဆရာမကြီးများအား ပေါင်းကူးပေးနိုင်စေမည့် ပလက်ဖောင်းတစ်ခုအဖြစ် ၁၉၁၀ ပြည့်နှစ် မတ်လ ၂၉ ရက်တွင် တည်ထောင် ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ သုတေသနအသင်း (Burma Research Society) ကြီး၏ ရည်ရွယ်ချက်ကို တင်ပြလိုပါသည်။ အထက်တွင် တင်ပြခဲ့သည့် “တက္ကသိုလ်ပညာရေးသည် ပညာရှင်များအတွက်”ဆိုသည့် သဘောတရားနှင့်  “တက္ကသိုလ်ပညာရေးသည် ပြည်သူပြည်သားများအတွက်” ဆိုသည့် သဘောတရား နှစ်ရပ်လုံးအတွက် အကျုံးဝင်မည်ဟု ထင်မြင်ယူဆပါသည်။

“Its main objectives were the study and encouragement of Arts, Science, History, and Literature in relation to Burma and the promotion of intercourse between members of different communities with a common interest in such objects.” (Reference: 1). ဖော်ပြထားချက်အရ ]]မြန်မာနိုင်ငံ သုတေသနအသင်းကြီး၏ အဓိကရည်ရွယ်ချက်များမှာ မတူကွဲပြားသော လူမှုအဖွဲ့အစည်း အသီးသီးရှိ အဖွဲ့ဝင်များ၏ ရည်ရွယ်ချက်အမျိုးမျိုးအပေါ်တွင် တည်ရှိနေသည့် အများနှင့်ဆိုင်သော ဘုံအကျိုးစီးပွားကို မြှင့်တင်ပြီးလျှင် အဖွဲ့ဝင်များအကြားရှိ ဆက်ဆံမှုကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် မြန်မာတို့နှင့် ရင်းနှီးကျွမ်းဝင်စေမည့် ဆက်ဆံရေးကို ရရှိနိုင်စေရန်အလို့ငှာ ၀ိဇ္ဇာပညာရပ်များ၊ သိပ္ပံပညာရပ်များ၊ သမိုင်းပညာရပ်များနှင့် စာပေရေးရာပညာရပ်များကို လေ့လာစေခြင်း နှင့် လေ့လာရန် အားပေးတိုက်တွန်းခြင်းတို့အား ဆောင်ရွက်ရန် ဖြစ်ပါသည်။”

သို့သော်လည်း လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသည့် လူပုဂ္ဂိုလ်ကြီးများသည် အခြေအနေ သဘောသဘာဝကို လေ့လာ စူးစမ်းခြင်းမပြုဘဲ အခြားသော ပလက်ဖောင်းတစ်ခုနှင့် အစားထိုးနိုင်ရန် ကြိုးပမ်းအားထုတ်ခြင်း မပြုဘဲ အဆင်ခြင်မဲ့စွာ၊ အသိဉာဏ်မဲ့စွာနှင့် ဖော်ပြပါအသင်းကြီးကို တစ်ချက်လွှတ် အမိန့်အာဏာကို အသုံးပြုပြီး ဖျက်ဆီးခဲ့ကြပါသည်။ ယနေ့အချိန်အထိတိုင်အောင် အ ဆိုပါ အသင်းကြီးကို အစားထိုးနိုင် စေမည့် အသင်းတစ်သင်း သို့မ ဟုတ် ပလက်ဖောင်းတစ်ခု ဖြစ်ထွန်း ပေါ်ပေါက်လာခြင်း မရှိသေးပါ။

ဒုတိယအချက်အနေဖြင့် ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ တက္ကသိုလ်ကြီးများ အမြောက်အမြား တည်ထောင် ဖွင့်လှစ်နိုင်ခဲ့ကြပါသည်။ သို့သော်လည်း ပုဂ္ဂလိကများက တည်ထောင်ဖွင့်လှစ်ထားရှိသည့် တစ်ဆင့်ခံ နိုင်ငံခြားတက္ကသိုလ်များမှအပ တရားဝင် ဖွင့်လှစ်ထားရှိသည့် တက္ကသိုလ်ကြီးများမှာ အစိုးရဝန်ကြီးဌာနများ၏ လက်အောက်တွင်သာ ရပ်တည်ကြရပြီး အစိုးရဝန်ကြီးဌာန၏ သဘောတရားများအရ အပေါ်အောက် ဆက်ဆံရေးသာ တည်ရှိပြီး ဘေးတိုက်ဆက်ဆံရေးမှာ လုံးဝမရှိဘဲ စာပေသက်သက်ကိုသာ သင်ကြားသည့် သင်တန်းကျောင်းများကဲ့သို့ ဖြစ်စေခဲ့ပါသည်။

ထို့ကြောင့် “တက္ကသိုလ် ပညာရေးသည် ပညာရှင်များအတွက်” ဆိုသည့် သဘောတရားလည်း မရှိသကဲ့သို့ “တက္ကသိုလ်ပညာရေးသည် ပြည်သူပြည်သားများအတွက်” ဆိုသည့် သဘောတရားလည်း မရှိနိုင်တော့ပါ။ “တက္ကသိုလ် ပညာရေးသည် ကျောင်းတက်ရောက်သည့် ကျောင်းသူကျောင်းသားများအတွက်” ဆိုသည့် သဘောတရားသာ ဖြစ်ပေါ်လျက်ရှိပါသည်။

တတိယအချက်အနေဖြင့် ယနေ့အချိန် အသင်းအဖွဲ့များ တည်ရှိမှုအခြေအနေကို တင်ပြပါမည်။ အသင်းအဖွဲ့များနှင့် ပတ်သက်ပါက မြန်မာနိုင်ငံသည် အလွန်ထူးခြားသည့် အခြေအနေရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အချို့သော အသင်းအဖွဲ့များသည် ၂၀၁၄ ခုနှစ် မတိုင်မီကတည်းကပင် ဖွဲ့စည်းတည်ထောင်ခွင့် ရရှိခဲ့ကြပြီး အချို့သော အသင်းအဖွဲ့များမှာ ၂၀၁၄ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် “အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ” အရ  ဖွဲ့စည်းတည်ထောင်ခွင့် ရရှိခဲ့သည့် အသင်းများ ဖြစ်ကြပါသည်။

ဥပမာအား ဖြင့် ရန်ကုန် စီးပွားရေးတက္ကသိုလ်ရှိ ဘာသာရပ်များကို အခြေခံသည့် အသင်းအဖွဲ့များကို လေ့လာကြည့်ပါက ၀ါဏိဇ္ဇဗေဒဘာသာရပ်ကို အခြေခံသည့် ၀ါဏိဇ္ဇဗေဒဘွဲ့ရရှိသူများအသင်း (Commerce Graduate Association (CGA)) သည် ၂၀၁၄ ခုနှစ်မတိုင်မီ နှစ်ပေါင်းများစွာကတည်းကပင် ဖွဲ့စည်းတည်ထောင်ခွင့်ရရှိခဲ့သည့် အသင်းဖြစ်ပါသော်လည်း စာရင်းအင်းပညာဘာသာရပ်ကို အခြေခံသည့် မြန်မာနိုင်ငံ စာရင်းအင်းပညာအသင်း (Myanmar Statistical Association) ကိုမူ ၂၀၁၄ ခုနှစ် နောက်ပိုင်း ၂၀၁၅ ခုနှစ်အချိန် ကာလသို့ ရောက်ရှိမှသာ “အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ” အရ ဖွဲ့စည်းတည်ထောင်ခွင့် ရရှိခဲ့ပါသည်။

မြန်မာနိုင်ငံ စာရင်းအင်းပညာအသင်း၏ လုပ်ငန်းစဉ်များတွင် “တက္ကသိုလ်ပညာရေးသည် ပညာရှင်များအတွက်” ဆိုသည့် သဘောတရားနှင့် “တက္ကသိုလ်ပညာရေးသည် ပြည်သူပြည်သားများအတွက်” ဆိုသည့် သဘောတရားများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ချမှတ်ပြဋ္ဌာန်းထားရှိသည်ကို တွေ့မြင်ရပါသည်။

သို့သော်လည်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင်မူ လုပ်ငန်းစဉ်များတွင် ပါဝင်သည့် အချက်များအား ဦးစားပေး ဆောင်ရွက်နိုင်ရန်မှာ စိန်ခေါ်မှုများစွာ တည်ရှိဖြစ်ပေါ်နေသည်ဟု စာရေးသူအနေဖြင့် ထင်မြင်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တက္ကသိုလ်ကြီးများတွင် သက်ဆိုင်ရာ ဘာသာရပ်ဌာနများရှိ ဆရာကြီး၊ ဆရာမကြီးများက သင်ကြားပို့ချလျက်ရှိသော အကဲဒမစ်ဆန်သည့် ဘာသာရပ်နယ်ပယ်ရှိ အကြောင်းအရာများနှင့် သတင်းအချက်အလက်များအား ပြည်သူ ပြည်သား လူအများ အလွယ်တကူ သိမြင်နားလည်နိုင်စေရေးအလို့ငှာ တက္ကသိုလ်ပညာရေးစနစ်တွင် ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိနေသည့် သဘောတရားအခြေအနေများနှင့် ပြည်သူပြည်သား လူအများအတွက် မြန်မာစာပေကို အသုံးပြုပြီး စာစောင်၊ စာအုပ်၊ စာပေများကို ရေးသားတင်ပြလျက်ရှိကြသည့် စာရေးဆရာ သို့မဟုတ် စာရေးသူတို့၏ သဘောသဘာဝ အလေ့အထများအား အလွယ်တကူ ချိတ်ဆက် ပေါင်းကူးနိုင်စေမည့် နည်းလမ်းများကို အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်စေပြီးလျှင် စဉ်းစားတွေးခေါ်မှု မြင့်မားသည့် ပညာရှင်၊ ပညာတတ်ဖြစ်သော ပြည်သူပြည်သား အများအပြား ပေါ်ထွန်း ပေါ်ထွက်လာနိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

 

Reference:

1. Ni Win Zaw, “Analytical Study on the Publications edited and Published by the Burma [Myanmar] Research Society.” (Internet).

Most Read

Most Recent