ပြည်တွင်း၌ ခေတ်မီစတုတ္ထမျိုးဆက်တိုက်လေယာဉ်များအထိ ပုံမှန်စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းနှင့် MTX-1A လေယာဉ်နှင့် SR-1 UAV များကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ပြည်တွင်း၌ ခေတ်မီစတုတ္ထမျိုးဆက်တိုက်လေယာဉ်များအထိ ပုံမှန်စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းနှင့် MTX-1A လေယာဉ်နှင့် SR-1 UAV များကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
ဒီဇင်ဘာ ၁၅ ရက်က တပ်တော်ဝင်ခဲ့သည့် တိုက်လေယာဉ်၊ ရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ်နှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များကို တွေ့ရစဉ် (Photo - Dsinfo)
ဒီဇင်ဘာ ၁၅ ရက်က တပ်တော်ဝင်ခဲ့သည့် တိုက်လေယာဉ်၊ ရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ်နှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များကို တွေ့ရစဉ် (Photo - Dsinfo)
Published 17 December 2022

ပြည်တွင်း၌ ခေတ်မီစတုတ္ထမျိုးဆက် တိုက်လေယာဉ်များအထိ ပုံမှန်စစ်ဆေးပြု ပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ် ကြောင်းနှင့် MTX-1A လေယာဉ်နှင့် SR-1 UAV များကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်။

ဒီဇင်ဘာ ၁၅ ရက်က မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတက်သင်လေတပ်စခန်းဌာနချုပ်၌ကျင်းပသည့် တပ်မတော် (လေ)၏ (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် ခြင်းအခမ်းအနားတွင်အမှာစကားပြောကြားရာ၌ နစကဥက္ကဋ္ဌက ထိုသို့ပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက တပ်မတော် (လေ)ဖြစ် တည်လာပုံနှင့်ပတ်သက်၍ လေကြောင်းပျံသန်းမှုပညာရပ်သည် မြန်မာနိုင်ငံကို ဒုတိယကမ္ဘာစစ်မတိုင်မီ နယ်ချဲ့လက်အောက်ရှိနေစဉ်ကပင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းက လေတပ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး လေတပ်ဖွဲ့စည်းနိုင်ရေး ခြေလှမ်းတစ်ရပ်အဖြစ် ဖြစ်ပေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တပ်မတော် (လေ)အက်ဥပဒေကို ပြဋ္ဌာန်းခြင်းဖြင့် တပ်မတော် (လေ)ကို စတင်သန္ဓေတည်မွေးဖွားလာခဲ့ကြောင်း၊ တပ်မတော် (လေ) စတင် ဖွဲ့စည်းခဲ့သည့်အချိန်မှစပြီး ပြည်တွင်းသောင်း ကျန်းမှုများ တိုင်းပြည်အနှံ့ ပေါ်ပေါက်လာခဲ့သည့်အတွက် စီမံခန့်ခွဲမှု၊ လေ့ကျင့်မှုနှင့် ဖွဲ့စည်းမှုများပြုလုပ်နေဆဲ၌ပင် တိုက်ခိုက်ရေးတာဝန်များကို မဖြစ်မနေ ထမ်းဆောင်ရန် ဖြစ်လာခဲ့ရကြောင်း၊ Burma Air Force-BAF ကနေ Myanmar Air Force-MAF အဖြစ် ၁၉၉၀ ပြည့်နှစ်တွင် အမည်ပြောင်းလဲခဲ့ကြောင်း၊ ယခုစိန်ရတုကာလပြည့်မြောက် သည့်နှစ်၌ စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး တိုက်လေယာဉ်များ ရရှိပိုင်ဆိုင်လာခြင်းဖြင့် တပ်မတော် (လေ)အတွက် ထူးခြားသည့် အားအင်သစ်များ ဆောင်ကြဉ်းပေးလာခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် စက်မှုလက်မှုအပိုင်းတွင် ခေတ်မီလေယာဉ်၊ ရဟတ်ယာဉ်နှင့် လက်နက်စနစ်များ၊ အထောက်အကူစနစ်များကို ပြည်တွင်း၌ပင် တတ်နိုင်သမျှ ပြုပြင်ထိန်းသိမ်းပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရေး လေယာဉ်နှင့် အင်ဂျင်ပြင်ဆင်ရေးအလုပ်ရုံများ၊ Universal Serivce Support Center များ၊ အစိတ်အပိုင်း ထုတ်လုပ်ရေးအလုပ်ရုံများ ဖြည့်ဆည်းတပ်ဆင်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ခေတ်မီစတုတ္ထမျိုးဆက်တိုက်လေယာဉ်များအထိ ပြည်တွင်း၌ ပုံမှန်စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်နေပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

အလားတူ (၇၅)နှစ်တာကာလခရီးကို ဖြတ်သန်းလာခဲ့ပြီးသည့် ယနေ့အချိန်တွင် တပ်မတော် (လေ)သည် မျိုးဆက်သစ်လေသူရဲများဖြင့် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး တိုက်လေယာဉ်များ၊ နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ်များဖြင့် အဆင့်မြင့်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များကို အားမာန်အပြည့်မောင်းနှင် ပျံသန်းနိုင်ကြပြီဖြစ်ကြောင်း၊ နည်းပညာသုတေသနပြုစမ်းသပ်ထုတ်လုပ်နိုင်မှုအပိုင်းတွင်လည်း MTX-1A လေယာဉ်နှင့် SR-1 UAV များကို ကိုယ် တိုင်စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ တပ်မတော်တွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ တာဝန်ထမ်းဆောင်လျက်ရှိပြီး အမျိုးသားများသာမက အမျိုးသမီးများပါ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ တပ်မတော် (လေ)၌ ၁၉၅၄ ခု နှစ်ကတည်းက အမျိုးသမီးအုပ်ချုပ်မှုအရာရှိ လေးဦးရှိခဲ့ပြီးဖြစ်သည်ကို တွေ့ရကြောင်း၊ ၁၉၅၆ ခုနှစ် ဇွန်လ ၂၉ ရက်တွင် ဗိုလ်ဒေါ်လှသန်းက စက်မဲ့ဂလိုက်ဒါကို တစ်ဦးတည်း မောင်းနှင်ပြသခဲ့ခြင်းဖြင့် တပ်မတော် (လေ) ၏ အမျိုးသမီးများ သမိုင်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ ထို့နောက်ပိုင်းတွင် အမျိုးသမီးများ၏ကဏ္ဍ တိမ်မြုပ်ခဲ့ရသော်လည်း ၂၀၁၄ ခုနှစ်မှစပြီး အမျိုးသမီးများကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရန် ပြန် လည်စီစဉ်ခဲ့ရာ ယခုအချိန်တွင် အုပ်ချုပ်မှုပိုင်း သာမက တိုက်လေသူရဲ၊ သယ်ယူပို့ဆောင် ရေး လေသူရဲနှင့် ရဟတ်ယာဉ် လေသူရဲ စ သည်ဖြင့် တပ်မတော် (လေ)၏ ပျံသန်းရေးဆိုင်ရာကဏ္ဍမျိုးစုံအထိ အမျိုးသားလေသူရဲများနှင့်တန်းတူ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

တပ်မတော် (လေ)အနေဖြင့် စိန်ရတု ခရီးကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးများအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီရှာဖွေကယ်ဆယ်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးစသည့် ကဏ္ဍအသီးသီးတွင် ကျရာနေရာမှ ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ၇၅ နှစ်တာကာလအတွင်း နိုင်ငံတော်၏ ကျရာတာဝန်များကို ဦးဆွေးဆံမြေ့တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ တာဝန်ထမ်းဆောင်ဆဲ တပ်မတော် (လေ) တပ်ဖွဲ့ဝင်များ အားလုံးကို ဂုဏ်ပြုမှတ်တမ်း တင်ကြောင်းကို ပြောကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ယခုတပ်တော်ဝင်မည့် လေယာဉ်၊ ရဟတ်ယာဉ်များ၏ စွမ်းပကားများ ထပ်မံ ပေါင်းစပ်လိုက်မည်ဆိုပါက တပ်မတော် (လေ)အနေဖြင့် မဟာဗျူဟာမြောက် အလှမ်းမီစစ်ဆင်နိုင်မှုအပြင် ရေငုပ်သင်္ဘော တန်ပြန်စစ်ဆင်နိုင်မှုများပါ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့် ရေအောက် Dimension လေးခုလုံးတွင် စွမ်းအားပြည့် စစ်ဆင်နိုင်တော့မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent