ကလေးငယ်များ၏ စိတ်ကျန်းမာရေးထိခိုက်မှုကြောင့် ဆိုရှယ်မီဒီယာကုမ္ပဏီများက အသက်ကန့်သတ်မှု လုပ်ဆောင်သင့်သည်ဟု ကိတ်ဝင်းစလက် သတိပေး

ကလေးငယ်များ၏ စိတ်ကျန်းမာရေးထိခိုက်မှုကြောင့် ဆိုရှယ်မီဒီယာကုမ္ပဏီများက အသက်ကန့်သတ်မှု လုပ်ဆောင်သင့်သည်ဟု ကိတ်ဝင်းစလက် သတိပေး
Published 5 December 2022

ဆိုရှယ်မီဒီယာကြောင့် ကလေးငယ်များ၏ စိတ်ကျန်းမာရေးထိခိုက်လာမှုကို တိုက်ဖျက်ရန် ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် အသက်ကန့်သတ်မှုများရှိသင့်ပြီး ထိုသို့ရှိလာအောင် အစိုးရကလုပ်ဆောင်သင့်သည်ဟု အသက် ၄၇ နှစ်ရှိပြီဖြစ်သည့် ကိတ်ဝင်းစလက်က ဘီဘီစီအစီအစဉ် Sunday with Laura Kuenssberg တွင် သတိပေးပြောသွားသည်။

သားသမီးငယ်များ၏ ဆိုရှယ်မီဒီယာအသုံးပြုမှုနှင့်ပတ်သက်ပြီး မိဘများမှာ လက်ပိုက်ကြည့်နေရသကဲ့သို့ ခံစားရကြောင်း၊ လုံခြုံရေးစိစစ်မှုများကို ပိုမိုတင်းကျပ်သင့်ပြီး တာဝန်ရှိသူများနှင့် အာဏာရှိသူများက ကလေးငယ်များ ဒုက္ခမရောက်အောင် ကာကွယ်ပေးမှုများနှင့် တာဝန်ယူမှုများ ပိုမိုလုပ်ဆောင်ပေးသင့်ကြောင်း ဝင်းစလက်က ၎င်း၏ဆန္ဒကို ပြောကြားခဲ့သည်။

ကိတ်ဝင်းစလက်သည် ဆိုရှယ်မီဒီယာနှင့်ပတ်သက်သည့် I Am Ruth ပညာပေး ဒရာမာဇာတ်ကား ရိုက်ကူးထားပြီး ထိုဇာတ်ကားတွင် ဝင်းစလက်က သမီးရင်းနှင့်တွဲဖက်ကာ ဆိုရှယ်မီဒီယာဖိအားများကြောင့် စိတ်ကျန်းမာရေးထိခိုက်လာသည့် ဆယ်ကျော်သက်တစ်ဦး၏ မိခင်အဖြစ် ပါဝင်ထားသည်။

နှစ်နာရီကြာမြင့်ပြီး Channel 4 ရုပ်သံမှ ဒီဇင်ဘာ ၈ ရက်တွင် ပြသတော့မည့် ထိုဇာတ်ကားထဲတွင် Ruth က ကလေးနှစ်ဦးရှိပြီး ၁၇ နှစ်သမီး ဖရေယာက ဆိုရှယ်မီဒီယာ အသုံးပြုမှု၏အကျိုးဆက်ကြောင့် စကားနည်းလာကာ ကျောင်းတွင် အခြားသူများနောက် ရောက်သွားသည်ကို ရိုက်ပြထားသည်။

ဆိုရှယ်မီဒီယာလောကသည် မိဘများအတွက် ကြောက်စရာကောင်းပြီး သားသမီးများ၏ သူငယ်ချင်းပတ်ဝန်းကျင်အတွင်း မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မိဘများက မသိကြောင်း၊ အကြောင်းအရာအများစုသည် ဖုန်းများထဲတွင်သာ ရှိကြောင်းလည်း ဝင်းစလက်က ပြောသည်။

ကလေးများသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် လက်ကိုင်ဖုန်းများ သုံးခွင့်ရနေကြသည့်အတွက် စိတ်ဓာတ်ပိုင်းအရ ၎င်းတို့နှင့်ထိတွေ့ရန် အသင့်မဖြစ်သေးသည့် အကြောင်းကိစ္စများကို ထိတွေ့နေကြပြီး ထိုပြဿနာကို ဗြိတိန်အစိုးရက ကိုင်တွယ်ဖြေရှင်းသင့်ပြီး ဆိုရှယ်မီဒီယာများတွင် အသက်ကန့်သတ်မှု လုပ်ဆောင်သင့်သည်ဟု ကိတ်ဝင်းစလက်က သတိပေးခဲ့သည်။

Most Read

Most Recent