လက်ရွေးစင်ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း နောက်ခံလူ ဇော်မင်းထွန်း လူမှုကွန်ရက်မှတစ်ဆင့် အသိပေး

လက်ရွေးစင်ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း နောက်ခံလူ ဇော်မင်းထွန်း လူမှုကွန်ရက်မှတစ်ဆင့် အသိပေး
Photo: Zaw Min Tun Facebook
Photo: Zaw Min Tun Facebook
Published 16 November 2022

 

မြန်မာနောက်ခံလူ ဇော်မင်းထွန်းသည် လက်ရွေးစင်ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် အသိပေးကြေညာခဲ့သည်။

ဇော်မင်းထွန်းသည် မြန်မာ့လက်ရွေးစင်အသင်းနှင့် လူငယ်လက်ရွေးစင်အသင်းများတွင် ၂၀၁၁ ခုနှစ်မှ စတင်ရွေးချယ်ခံခဲ့ရပြီး ဆယ်စုနှစ်တစ်ခုဝန်းကျင် ကာလအတွင်း ပြိုင်ပွဲပေါင်းများစွာ ယှဉ်ပြိုင်ခဲ့သည်။ ဇော်မင်းထွန်းသည် ၂၀၂၁ ခုနှစ်ကတည်းက မြန်မာ့ လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခြင်းမရှိတော့ဘဲ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

"လာမည့် AFF Mitsubishi Cup ပြိုင်ပွဲ အတွက် ကစားပေးရန် ကျွန်တော့်အား တရားဝင် ဖိတ်ခေါ်ထားပါသည်။ ကျွန်တော်သည် မြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် ၂၀၁၁ ခုနှစ်မှစတင်ကာ နိုင်ငံကိုယ်စားပြုပွဲပေါင်း ၇၀ ကျော် ကစားပေးခဲ့ပါသည်။ အောင်မြင်မှု များအဖြစ် ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလားနှင့် Sea Games ကြေးတံဆိပ်ဆုများ ဆွတ်ခူးပေးနိုင်ခဲ့ပါသည်။ ယခုအခါ ကျွန်တော့်အသက်အရွယ်ကြောင့် နိုင်ငံအသင်းနှင့်ကလပ်အသင်း တာဝန်နှစ်ခုစလုံးအပေါ်တွင် အပြည့်အဝ အာရုံစိုက်ကစားနိုင်ရန် အကန့်အသတ်များ ရှိလာပြီဖြစ်ပါသည်။ တစ်ဖန် လူငယ်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းနေရာပေးလိုသည့် ဆန္ဒလည်းရှိနေပါသည်။ သို့ဖြစ်ရာ မြန်မာ့လက်ရွေးစင်အသင်းမှ အနားယူရန် ကျွန်တော်ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ကျွန်တော်၏ ဆုံးဖြတ်ချက်ကို သက်ဆိုင်သူအားလုံး လေးစားမှုပေးနိုင်ဖို့ မျှော်လင့်ပါသည်။ လက်ရွေးစင်အသင်းအတွက် ခေါ်ယူပေးခဲ့ခြင်းအတွက်လည်း အမြဲဂုဏ်ယူကျေးဇူးတင်နေမှာဖြစ်ကြောင်း ဖော်ပြလိုပါသည်။ မြန်မာ့လက်ရွေးစင်အသင်း လာမည့် AFF ချန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်" ဟု ဇော်မင်းထွန်းက ရေးသားထားသည်။

ဇော်မင်းထွန်းသည် မြန်မာ့လက်ရွေးစင် အသင်း၏ အဓိကနောက်ခံလူတစ်ဦးဖြစ်သလို အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန် ပေးခံခဲ့ရသူလည်းဖြစ်သည်။ ဇော်မင်းထွန်းသည် လက်ရှိတွင် ထိုင်းလိဂ်-၁ ကလပ် ချောင် ဘူရီအသင်းတွင် ကစားနေပြီး ၂၀၁၉ ခုနှစ်ကတည်းက ပြည်ပကလပ်များ၌ သွားရောက် ကစားနေခြင်းဖြစ်သည်။ 

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် လာမည့် ၂၀၂၂ AFF Cup ပြိုင်ပွဲယှဉ်ပြိုင်မည့် လူစာရင်းတွင် ပြည်ပကလပ်များ၌ ကစားနေသူများ၊ လက်ရွေးစင်အသင်းနှင့် အချိန်အတန်ကြာ ဝေးကွာနေသည့် ကစားသမားအချို့ကို ပြန်လည်ရွေးချယ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော် ဇော်မင်းထွန်းက အနားယူပြီဖြစ်သလို အောင်သူနှင့် ကျော်ကိုကိုတို့ မှာလည်း ပါဝင်ကစားခြင်းရှိမရှိ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent