မြောက်မြားသည့် ငွေကြေးဖြင့် ကမ်းလှမ်းမှုများ ရှိလာပါက ယခုနွေရာသီတွင် မန်စီးတီးအသင်းမှထွက်ခွာနိုင်ကြောင်း ဒီဘရိုင်းနား ပြောကြား

မြောက်မြားသည့် ငွေကြေးဖြင့် ကမ်းလှမ်းမှုများ ရှိလာပါက ယခုနွေရာသီတွင် မန်စီးတီးအသင်းမှထွက်ခွာနိုင်ကြောင်း ဒီဘရိုင်းနား ပြောကြား
Photo : Getty Images
Photo : Getty Images
Published 6 June 2024

မန်စီးတီးဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနားက ၎င်းအနေဖြင့် ငွေကြေးမြောက်မြားစွာဖြင့် ကမ်းလှမ်းလာပါက ယခု နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် မန်စီးတီးအသင်းမှ ထွက်ခွာနိုင်ကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် ဒီဘရိုင်းနား၏ လက်ရှိစာချုပ်မှာ ၂၀၂၅ တွင် ကုန်ဆုံးမည်ဖြစ်ပြီး မန်စီးတီးအသင်းအနေဖြင့် အသက် (၃၂) နှစ်ကျော်နေပြီဖြစ်သည့် ၎င်းကို သက်တမ်းတိုးဖွယ်မရှိကြောင်း သုံးသပ်နေကြသည်။

ထို့ကြောင့် ဒီဘရိုင်းနားက ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး ချိန်ဆမှုများ လုပ်နေကြောင်း သိရသည်။ ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် ပြီးခဲ့သည့်ဖေဖော်ဝါရီကတည်းက ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားအားခေါ်ယူရန် ကမ်းလှမ်းမှုများ ပြုလုပ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

မန်စီးတီးအသင်းတွင် တစ်ပတ်လစာပေါင် (၃၀၀၀၀၀) ရရှိနေသည့် ဒီဘရိုင်းနားက မြောက်မြားလှသည့် ငွေကြေးဖြင့် ကမ်းလှမ်းလာပါက ငြင်းဆန်ရန်ခက်ခဲနိုင်ကြောင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ဒီဘရိုင်းနားက "မန်စီးတီးနဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိတော့တာပါ။ ဒီတော့ ကျွန်တော့်အနေနဲ့ ဘာတွေဖြစ်မလာလဲဆိုတော့ စဉ်းစားရမယ်။ ကျွန်တော့် အသက်အရွယ်မှာ အရာအားလုံးကိုတွက်ထားဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ကစားပြီး ကစားသမား ဘဝတစ်လျှောက်ရခဲ့တဲ့ပိုက်ဆံထက် ပိုရမယ်ဆိုရင် စဉ်းစားရတော့မှာပါ" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent