ဆယ်စုနှစ်လေးခုကြာ ကျင့်သုံးခဲ့သည့် တံခါးဖွင့်ဝါဒနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ရှီကျင်းပင် စွန့်ခွာနိုင်သလား

ဆယ်စုနှစ်လေးခုကြာ ကျင့်သုံးခဲ့သည့် တံခါးဖွင့်ဝါဒနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ရှီကျင်းပင် စွန့်ခွာနိုင်သလား
တရုတ်အစိုးရမီဒီယာက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတွင် ဇူလိုင်လအတွင်းက ရှင်ကျန်ဒေသ၏ မြို့တော် ဥရုံချီသို့ အလည်အပတ်ရောက်ရှိနေသည့် ရှီကျင်းပင်ကို တွေ့ရစဉ် (Photo-AP)
တရုတ်အစိုးရမီဒီယာက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတွင် ဇူလိုင်လအတွင်းက ရှင်ကျန်ဒေသ၏ မြို့တော် ဥရုံချီသို့ အလည်အပတ်ရောက်ရှိနေသည့် ရှီကျင်းပင်ကို တွေ့ရစဉ် (Photo-AP)
Published 10 October 2022
ဖြိုးဟိန်းကျော်

လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုအတွင်း အလွန်အရှိန်အဟုန်ကောင်းစွာဖြင့် တိုးတက်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်၏စီးပွားရေးတိုးတက်မှုသည် အရှိန်အဟုန် ကျဆင်းခဲ့ပုံရပေသည်။

ယခုနှစ်အတွင်း တရုတ်၏ စီးပွားရေးတိုးတက်မှု ၅.၅ ရာခိုင်နှုန်းရရှိရေး လျာထားမျှော်မှန်းချက်သည်  ပြည့်မီဖွယ်မရှိဟု လေ့လာသုံးသပ်သူများက ယူဆလျက်ရှိသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အဓွန့်ရှည်တည်တံ့မှုအတွက် စီးပွားရေးတိုးတက်အောင်မြင်မှုသည် အဓိကအကြောင်းအခြင်းအရာတစ်ခု ဖြစ်သော်လည်း ဇူလိုင်လထဲတွင် ကျင်းပခဲ့သည့် ပါတီအဆင့်မြင့်အစည်းအဝေး၌ ယင်းအချက်ကို တစ်စုံတစ်ရာ ထောက်ပြပြောဆိုခြင်းမရှိခဲ့ပေ။

ယင်းသည် တရုတ်၏ တစ်ဟုန်ထိုးတိုးတက်ခဲ့သော စီးပွားရေးဖွံ့ဖြိုးမှု၏ အဆုံးသတ်ဖြစ်လာနိုင်ပါသလော။ အောက်တိုဘာ ၁၆ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် နိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပသွားမည်ဖြစ်ကာ တရုတ်တွင် ယခင်က မရှိခဲ့ဖူးသည့် တတိယမြောက် ရာထူးသက်တမ်းကို ဆက်လက်တာဝန်ယူရန်ရှိနေသည့် သမ္မတရှီကျင်းပင်၏ သက်တမ်းအတွင်း တရုတ်၏ စီးပွားရေးအလားအလာကား မည်ကဲ့သို့ ရှိနိုင်ပါသနည်း။

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်သည် ဆယ်စုနှစ်တစ်ခုအတွင်း အမေရိကန်ပြည်ထောင်စုကို ကျော်တက်နိုင်လိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ခံထားရသော်လည်း စီးပွားရေးတိုးတက်မှု နှေးကွေးလာခြင်းကြောင့် တရုတ်အနေဖြင့် မည်သည့်အချိန်ရောက်မှ ယင်းကဲ့သို့ လုပ်ဆောင်နိုင်မည်ဆိုသည်ကို ပြန်လည်သုံးသပ်မှုအချို့ ရှိလာခဲ့သည်။

ယခင်ကဆိုလျှင် စီးပွားရေးအလွန်အမင်းတိုးတက်မှုသည် တရုတ်အတွက် ပုံမှန်အခြေအနေတစ်ရပ်သာဖြစ်ခဲ့ပြီး ယခင်သမ္မတ ဟူကျင်တောင်လက်ထက် ဆယ်စုနှစ်တာကာလအတွင်း ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) သည် ၇.၈ ရာခိုင်နှုန်းထက်မနည်း တိုးတက်ခဲ့သည်။

ထို့နောက်တွင်မူ ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ၊ အမေရိကန်နှင့်တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားမှုတို့ကြောင့် တရုတ်၏စီးပွားရေးတိုးတက်မှုသည် တဖြည်းဖြည်း တုံ့ဆိုင်းကျဆင်းလာခဲ့သည်။ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအများအပြား ရုန်းကန်ခဲ့ရသည့် ၂၀၂၀ ခုနှစ်တွင်လည်း တရုတ်၏စီးပွားရေးတိုးတက်မှုသည် ၂.၃ ရာခိုင်နှုန်းသာရှိခဲ့ပြီး ယင်းသည် ၁၉၇၆ ခုနှစ်၌ ယဉ်ကျေးမှုတော်လှန်ရေး အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်ခဲ့သည်။

အိုမီခရွန်နှင့် ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာအားပြိုင်မှု

ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာကြောင့်လည်း ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများကို ဖြစ်စေခဲ့ပြီး နိုင်ငံရေးသစ္စာစောင့်သိမှုအတွက် စမ်းသပ်မှုတစ်ခုဖြစ်လာခဲ့သည်။

၂၀၂၁ နှစ်ကုန်ပိုင်းတွင် တရုတ်၏စီးပွားရေးသည် COVID-19 ကပ်ရောဂါဒဏ်မှ အတော်အတန် နာလန်ထူလာခဲ့ကာ ဂျီဒီပီတိုးတက်မှုသည် ၈.၁ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်လာခဲ့ပြီး ပမာဏအားဖြင့် ယွမ် ၁၁၄.၃၇ ထရီလျံ (အမေရိကန်ဒေါ်လာ ၁၇.၇၃) ထရီလျံရှိခဲ့သည်။ တရုတ်၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဖြစ်ထွန်းလာခဲ့ကာ နိုင်ငံတကာကုန်သွယ်ရေး တိုးတက်လာခဲ့ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများသည်လည်း အရှိန်အဟုန်မပျက် တဖွဲဖွဲဝင်ရောက်လာခဲ့သည်။ လူတစ်ဦးကျ ဂျီဒီပီတန်ဖိုးသည်လည်း ယွမ် ၈၀၉၇၆  အထိရှိခဲ့ကာ အလုပ်အကိုင်အခွင့်အလမ်းအသစ် ၁၂.၇ သန်းခန့်ကို ဖန်တီးပေးနိုင်ခဲ့သည်။

သို့သော်ငြားလည်း ယခုနှစ်အတွင်း အလွန်ကူးစက်မြန်သော အိုမီခရွန်မျိုးဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲများ ထွက်ပေါ်လာခြင်းသည် တရုတ်အာဏာပိုင်များ၏ ကိုဗစ်ကင်းစင်ရေး မဟာဗျုဟာအတွက် ပြင်းထန်သော စိန်ခေါ်မှုဖြစ်လာခဲ့သည်။ သမ္မတရှီကျင်းပင်ကမူ ထင်ရှားသော ကူးစက်ရောဂါဆိုင်ရာ ပညာရှင်ကျန်းဝမ်ဟုန် ထောက်ခံအားပေးသည့် ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရေးမူဝါဒကို တွင်တွင်ငြင်းဆန်ခဲ့ပြီး တရုတ်အာဏာပိုင်များသည်လည်း ၎င်းတို့အုပ်ချုပ်ခံနယ်မြေဒေသများအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်မှုကြောင့် လော့ဒေါင်းချသည့် နည်းလမ်းကိုသာ ကျင့်သုံးခဲ့သည်။

သို့ဖြစ်ရာ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်တွင်လည်း ဆိုးဝါးသော အကျိုးဆက်များ ဖြစ်ပေါ်ခဲ့သည်။

လော့ဒေါင်းချခြင်းကြောင့် ကုန်ထုတ်လုပ်မှု၊ စားသုံးမှု၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ လည်ပတ်မှုနှင့် အလုပ်အကိုင်များအပေါ် ချက်ချင်းလက်ငင်းသက်ရောက်မှုများ ဖြစ်စေခဲ့သည်။ ၂၀၂၂ ဘဏ္ဍာနှစ်၏ ဒုတိယသုံးလပတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီးပွားရေးတိုးတက်မှုသည် ၀.၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး တရုတ်၏ ဒုတိယမြောက်စီးပွားရေးအဖွံ့ဖြိုးဆုံးဖြစ်သည့် ကျန်ဆုပြည်နယ်တွင် ၁.၁ ရာခိုင်နှုန်း၊ မြို့တော်ပေကျင်းတွင် ၂.၉ ရာခိုင်နှုန်းနှင့် နှစ်လကြာ လော့ဒေါင်းချခဲ့သည့် စီးပွားရေးအဖွံ့ဖြိုးဆုံး ရှန်ဟိုင်းမြို့တွင် ၁၃.၇ ရာခိုင်နှုန်း စီးပွားရေးကျုံ့မှု ဖြစ်ပေါ်ခဲ့သည်။ 

သို့ဖြစ်ရာ အွန်လိုင်းပေါ်တွင်လည်း အသွားအလာကန့်သတ်မှုများအပေါ် လူမှုရေးဆိုင်ရာ မကျေမနပ်မှုများနှင့် ဝေဖန်ပြောဆိုမှုများ မြင့်တက်လာသကဲ့သို့ ရှင်ကျန်တွင် ကိုဗစ်ကူးစက်ခံရသူ အနည်းငယ်တွေ့ရှိခြင်းကြောင့် ရုတ်တရက် လော့ဒေါင်းချမှုအပေါ် ကြုံခေါင့်ကြုံခဲအဖြစ် ဆန္ဒပြမှုဖြစ်ပွားခဲ့သည့် ဗီဒီယိုမှတ်တမ်းများလည်း တရုတ်၏ဆိုရှယ်မီဒီယာဖြစ်သည့် ဝေပိုတွင် ပျံ့နှံ့ခဲ့သည်။ ဝေပိုနှင့် WeChat ကဲ့သို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် သမ္မတရှီအပေါ် ဝေဖန်မှုအများအပြား ထွက်ပေါ်ခဲ့သည်။

တရုတ်၏စီးပွားရေး နာလန်ပြန်ထူမှုအပေါ် စိန်ခေါ်မှုများ

လူဦးရေတိုးနှုန်းကျဆင်းမှုနှင့် သက်ကြီးရွယ်အို လူဦးရေ အလျင်အမြန် မြင့်တက်လာမှု၊ အိမ်ခြံမြေကဏ္ဍ ပြိုလဲလုနီးပါး အခြေအနေတို့နှင့် ရင်ဆိုင်နေရစဉ် တရုတ်၏စီးပွားရေးနာလန်ထူမှု အသွင်ဏ္ဌာန်သည် အာဏာပိုင်များအတွက် စိုးရိမ်စရာတစ်ခု ဖြစ်လာမည်ဖြစ်သည်။

တရုတ်၏လူဦးရေသည် ၂၀၂၅ ခုနှစ်မတိုင်မီ စတင်ကျဆင်းလာဖွယ်ရှိပြီး ၂၀၂၁ ခုနှစ်တွင် လူဦးရေတိုးနှုန်း စံချိန်တင်ကျဆင်းကာ ၄၈၀၀၀၀ သာရှိခဲ့ပြီး တစ်နှစ်အတွင်း မွေးဖွားလာသည့် ကလေးငယ်ဦးရေ ၁၀ သန်းသာ ရှိခဲ့သည်။ သို့ဖြစ်ရာ အာဏာပိုင်များက တစ်အိမ်ထောင်လျှင် ကလေးသုံးဦး ယူခွင့်ပေးသည့် မူဝါဒကို ပြောင်းလဲကျင့်သုံးကာ အလုပ်လုပ်ကိုင်နိုင်သည့် လူဦးရေ ဆက်တိုက်ကျဆင်းနေခြင်းကြောင့်လည်း မဖြစ်မနေ အငြိမ်းစားယူရမည့် အသက်အရွယ်ကို ဖြည်းဖြည်းချင်း တိုးမြှင့်ခဲ့ရသည်။

လူငယ်များ အလုပ်လက်မဲ့ဖြစ်ပွားနှုန်းသည်လည်း ကိန်းဂဏန်းနှစ်လုံး ပမာဏသို့ ရောက်ရှိခဲ့ကာ ယခုနှစ် ဇူလိုင်လထဲတွင် အလုပ်လက်မဲ့ဦးရေ ၂၀ ရာခိုင်နှုန်းနီးပါးရှိခဲ့သည်။

နည်းပညာကုမ္ပဏီကြီးများမှသည် ပုဂ္ဂလိကစာသင်ကျောင်းများအထိ ပုဂ္ဂလိကစီးပွားရေးကဏ္ဍအပေါ် တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်ခဲ့သည့်အတွက် ရေရှည်ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင် နည်းပါးလာခဲ့သည်။ စျေးကွက်ယှဉ်ပြိုင်မှုအားသာချက် လျော့နည်းလာခြင်းကြောင့်လည်း ရင်းနှီးမြှုပ်နှံသူများသည် အခြားစျေးကွက်များသို့ ပြောင်းရွှေ့ကာ ရင်းနှီးမြှုပ်နှံလာကြသည်။

နောက်သို့ပြန်လှည့်မည်လော

သြဂုတ်လထဲတွင် တရုတ်၏ ငွေကြေးဖောင်းပွမှုသည် ယမန်နှစ်ကာလတူထက် ၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ၈.၃ ရာခိုင်နှုန်းရှိသည့် အမေရိကန်နှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းလျက်ရှိရာ တရုတ်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းထားကို သိသိသာသာ တိုးမြှင့်ကာ အပေါင်စာချုပ်ဖြင့် ငွေချေးယူမှုများကို အတိုးနှုန်းပိုမိုသက်သာအောင် လျှော့ချပေးခြင်းဖြင့် တိုင်းပြည်စီးပွားရေးကို ကျားကန်ပေးထားသည့် သဘောပင်ဖြစ်သည်။

သို့ရာတွင် သမ္မတရှိအနေဖြင့် အတိတ်သို့ ခြေဦးပြန်လှည့်ကာ အထင်ကရခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒမှ ဖယ်ခွာဖွယ်ရှိသည့် လက္ခဏာများကို တရုတ်နိုင်ငံပိုင် မီဒီယာများတွင် မြင်တွေ့ရလျက်ရှိသည်။ သမ္မတရှီ၏ ထောက်ခံအားပေးမှုနှင့်အတူ ၂၀၁၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ပညာရှင်အဖွဲ့အ စည်းတစ်ခုဖြစ်သော Chinese Academy of History မှ သမိုင်းပညာရှင်များက ဖြစ်နိုင်ခြေအချို့အား သုံးသပ်ဖော်ပြထားသည့် ဆောင်းပါးများကို မကြာသေးမီက ရေးသားခဲ့သည်။

ပထမရွေးချယ်စရာအနေဖြင့် အဆိုပါအဖွဲ့မှ ပါမောက္ခတစ်ဦးဖြစ်သူ ဝမ်ကွမ်က စက်တင်ဘာ ၆ ရက်တွင် ထုတ်ဝေခဲ့သည့် ဆောင်းပါးတွင် “ခေါင်းဆောင်ကြီး မော်စီတုန်းခေတ်နှင့် လူတန်းစားတိုက်ပွဲ” ဟူ၍ ဖော်ပြခဲ့သည်။ ယင်းသည် ဓနရှင်များကို လူထု၏ ရန်သူအဖြစ် ရှုမြင်ကာ ၎င်းတို့၏ ဓနဥစ္စာ ကြွယ်ဝချမ်းသာမှုများကို ယူငင်လျက် ပြန်လည်ခွဲဝေသင့်သည်ဟူသော လူတန်းစားတိုက်ပွဲကို ပြန်လည်ဖော်ညွှန်းခဲ့ခြင်းဖြစ်သည်။

၁၉၅၀ ပြည့်လွန်နှစ်များတွင် ပုဂ္ဂလိကလုပ်ငန်းများအား ပုဂ္ဂလိကပိုင်နှင့် ပြည်သူပိုင်အဖြစ် ဖက်စပ်တည်ထောင်ရန် ဖိအားပေးခဲ့ပြီး မဟာခုန်ပျံကျော်လွှားရေးမူဝါဒ ကျင့်သုံးစဉ်အတွင်း တရုတ်၏စီးပွားရေး အကျပ်အတည်းဆီသို့ ဦးတည်ခဲ့စဉ်က နိုင်ငံ၏ပုဂ္ဂလိကကဏ္ဍတစ်ခုလုံး ပြိုလဲလုနီးပါးဖြစ်ခဲ့ရသည်။

ဒုတိယရွေးချယ်စရာမှာမူ “မင်နှင့် ချင် မင်းဆက်များနှင့် ၎င်းတို့၏ တံခါးပိတ်ဝါဒများ” အကြောင်းဖြစ်ကာ အဆိုပါအဖွဲ့မှ ပညာရှင်များက တိုင်းပြည်နယ်နိမိတ်များကို ပိတ်ထားပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်ထားသည့် မူဝါဒကို ကာကွယ်ပြောဆိုကာ ယင်းသည် တရုတ်အား ပြည်ပနယ်ချဲ့ဝါဒီများ၏ ကျူးကျော်မှုမှ တားဆီးရန် ကြိုတင်လက်ဦးမှု ယူ၍ မိမိကိုယ်ကိုယ် ကာကွယ်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

တတိယရွေးချယ်စရာဖြစ်သည့် “စတာလင်၏ခေတ်” ဟူသော အချက်ကိုမူ တရုတ်လူမှုရေးသိပ္ပံ အကယ်ဒမီ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဝမ်ဝေကွမ်က အဆိုပြုရေးသားခဲ့ပြီး ဆိုဗီယက်ခေါင်းဆောင်ကြီး ဂျိုးဆက်စတာလင်အား ဓမ္မဓိဋ္ဌာန်ကျကျ နားလည်သိရှိရန်နှင့် စနစ်တကျဆန်းစစ်လေ့လာရန်ဟူ၍ ၎င်းက ဖော်ပြထားသည်။ သို့ဖြစ်ရာ ဆိုဗီယက်၏ စီမံကိန်းစီးပွားရေးစနစ်သို့ ပြန်သွားနိုင်သလားဟူသည့် မေးခွန်းထုတ်မှုများ ထွက်ပေါ်လာဖွယ်ရှိပေသည်။

မည်သို့ပင်ဆိုစေကာမူ သမ္မတရှီကျင်းပင်အနေဖြင့် တရုတ်သမ္မတတစ်ဦးအဖြစ် မကြုံစဖူးသုံးကြိမ်မြောက် ရာထူးသက်တမ်းကို အမှန်တကယ် ရယူနိုင်မည်လားဆိုသည်နှင့် ၎င်း၏တတိယမြောက်သက်တမ်း၌ တိုင်းပြည် စီးပွားရေးကို မည်သို့မည်ပုံ ပုံဖော်ချမှတ်သွားမည်ဆိုသည်ကို မကြာမီကျင်းပတော့မည့် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် မြင်တွေ့နိုင်တော့မည်ဖြစ်သည်။                                               Ref:CNA

Most Read

Most Recent