ကမ္ဘာ့ဘဏ်ပြောသည့် ၂၀၂၃ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးစိုးရိမ်ရေမှတ်

ကမ္ဘာ့ဘဏ်ပြောသည့် ၂၀၂၃ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးစိုးရိမ်ရေမှတ်
မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်လာသည့်ကုန်ကားများကို ၂၀၂၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်းက တွေ့ရစဉ်
မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်လာသည့်ကုန်ကားများကို ၂၀၂၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်းက တွေ့ရစဉ်
Published 10 October 2022
စောနိုင် (အသုံးချဘောဂဗေဒ)

(၁) ယခု ၂၀၂၂ ခုနှစ် နှစ်ဝက်ကျော်လွန်ခဲ့ပြီးနောက် တစ်နှစ်တာ အချိန်ကာလကုန်ဆုံးရန် သုံးလမျှ သာလိုတော့သည်။ ကမ္ဘာကြီးတစ်ခုလုံး စီးပွားရေးကျဆင်းမှုကို ဆက်လက်ကြုံတွေ့နေရဆဲ။ နိုင်ငံအသီး သီးသည် စီးပွားရေးပြန်လည်နာလန်ထနိုင်မည့်အခြေအနေကို ပြန်လည် ရနိုးနိုးစိတ်ဖြင့် အချိန်နှင့်အမျှ ကြိုးစားအားထုတ်နေခဲ့ကြပြီ။ အားတက်ဖွယ်ရာ မျှော်လင့်ချက်ရောင်နီတို့ကား မြင်ရဖွယ်မရှိသေး။

(၂) စက်တင်ဘာလ ၁၅ ရက်နေ့ အွန်လိုင်းသတင်းတစ်ပုဒ်တွင် ကမ္ဘာ့ဘဏ် (World Bank) ၏ လေ့လာမှု တစ်ခုနှင့်ပတ်သက်၍ ဖတ်ရှုလိုက်ရသည်။ “ဗဟိုဘဏ်များ၏တစ်ပြိုင်နက် အတိုးနှုန်းမြှင့်တင်မှုများကြောင့် ၂၀၂၃ ခုနှစ်၌ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဆုတ်ယုတ်မှုအန္တရာယ် မြင့်မားလာနိုင်ဖွယ်ရှိသည်” ဟူ၍။

လက်ရှိအခြေအနေတွင် အင်ဖလေးရှင်းခေါ် ငွေကြေးဖောင်းပွမှုသည် ကမ္ဘာ့ကပ်ရောဂါသဖွယ် တစ်ကမ္ဘာလုံး ကူးစက်လျက်ရှိသည်။ အမေရိကန်ဗဟိုဘဏ်သည် အတိုးနှုန်းများ မြှင့်တင်လျက်ရှိပြီး ဆက်လက်လုပ်ဆောင်ရန်လည်း အကြောင်းရှိနေသည်။ တစ်ကမ္ဘာလုံးရှိ ဗဟိုဘဏ်များကလည်း အတိုးနှုန်းများ မြှင့်တင်ရန် စီစဉ်နေကြသည်လည်းရှိသည်။ မြှင့်တင်နေကြသည်လည်း ရှိသည်။ ထိုသို့နိုင်ငံများစွာရှိ ဗဟိုဘဏ်အသီးသီးတို့ အတိုးနှုန်းမြှင့်တင်မှုကို တူညီစွာလုပ်ဆောင်ခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း မတွေ့မမြင်ဘူးသော အခြေအနေဖြစ်သည်ဟုဆိုသည်။ အကယ်၍ အင်ဖလေးရှင်းကို တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များက အတိုးနှုန်း တစ်ပြိုင်နက်မြှင့်တင်ခဲ့ပါက လာမည့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာကြီးသည် ရီဆက်ရှင်း (Recession) ခေါ် စီးပွားရေးဆုတ်ယုတ်မှုဆီသို့ ဦးတည်သွားပေလိမ့်မည်။ ထွန်းသစ်စစျေးကွက်နိုင်ငံများ၊ ဖွံဖြိုးဆဲနိုင်ငံများတွင် ဘဏ္ဍာရေးအကျပ်အတည်းများ ဆက်တိုက်ဖြစ်လာလိမ့်မည်ဟု ကမ္ဘာ့ဘဏ်၏ လေ့လာမှုက ခန့်မှန်းသုံးသပ်ထားသည်။

(၃) ကြားရသူတို့အဖို့ မျှော်လင့်ချက်အားအင်တို့ ကုန်ခန်းသကဲ့သို့ ခံစားကြရလိမ့်မည်ထင်သည်။ ကမ္ဘာ့ စီးပွားရေးမောင်းနှင်မှုတွင် အဓိက ပလေယာများဖြစ်ကြသည့် စီးပွားရေးအင်အားကြီးနိုင်ငံ အမေရိကန်၊ တရုတ်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို ကြည့်သောအခါတွင်လည်း သိသိသာသာ ဆက်လက်နှေးကွေးလျက်ရှိနေသည်ကို တွေ့ရသည်။ ထိုနိုင်ငံများ၏ အခြေအနေများသည် ကမ္ဘာ့စီးပွားရေးကို ပြင်းထန်သော သက်ရောက်မှုမျိုးမဟုတ်ဘဲ အသင့်အတင့်အခြေအနေမျိုးဖြင့် ရိုက်ခတ်ခဲ့လျှင်ပင် ကမ္ဘာ့စီးပွားရေးသည် လာမည့်နှစ်အတွင်း ဆုတ်ယုတ်မှုဆီသို့ ဦးတည်သွားနိုင်သည်ဟု ဖော်ပြထားသည်။

ကမ္ဘာ့စီးပွားရေးသည် ၁၉၇၀ ခုနှစ်နောက်ပိုင်း ပြန်လည်နာလန်ထူလာခဲ့သည့် အခြေအနေများထဲမှ အဆိုးရွားဆုံးနှေးကွေးမှုဆီသို့ ဆိုက်ရောက်နေပြီ။ စားသုံးသူများ၏ ယုံကြည်မှုများသည်လည်း ယခင်တွေ့ ကြုံခဲ့ဖူးသည့် အခြေအနေများထက် သိသိသာသာကျဆင်းနေခဲ့ပြီဟု ဆိုထားသည်။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ  ဒေးဗစ်မဲလ်ပတ်စ် (David Malpass) က ကမ္ဘာ့လုံးဆိုင်ရာတိုးတက်မှုအခြေ အနေသည် သိသိသာသာနှေးကွေးနေပြီး နိုင်ငံများ စီးပွားရေး ဆုတ်ယုတ်မှုအခြေအနေထဲသို့ ရောက်ရှိသွားသည်နှင့်အမျှ ပိုမိုနှေးကွေးသွားနိုင်သည်ဟု သုံးသပ်ထားသည်။ ထို့ပြင် ထွန်းသစ်စစျေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆိုးရွားသော အကျိုးဆက်များနှင့်အတူ ထို သက်ရောက်မှုများ ဆက်လက်ကူးစက်ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်းလည်း ၎င်းကဆိုထားသည်။

(၄) အဆက်မပြတ် မြင့်တက်လာ နေသော ငွေကြေးဖောင်းပွမှုကို လျှော့ချရန်အတွက် ဗဟိုဘဏ်များသည် အတိုးနှုန်းမြှင့်တင်ရေးကို လွန်ခဲ့သည် ၂၀၂၁ ခုနှစ်ထက် ပို၍လုပ်ဆောင်လာခဲ့ကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ဘဏ္ဍာရေးစျေးကွက်များအပေါ် ဖိအားဖြစ်ပေါ်လာကာ ကမ္ဘာ့စီးပွားရေးအခြေအနေသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင် ရာဂျီဒီပီ (global GDP) တိုးတက်မှုနှုန်းသည် ၀ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျုံ့သွားနိုင်သည်ဟုခန့်မှန်းကြသည်။ အတိုးနှုန်း တိုးမြှင့်ခြင်းနှင့် ဆက်စပ်နေသည့် မူဝါဒဆိုင်ရာ တုံ့ပြန်လုပ်ဆောင်မှုများသည် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး လာ မည့် ၂၀၂၃ ခုနှစ်တွင်လည်း ဆက်လက် မြင်တွေ့ရနိုင်သည်။ သို့သော် ကိုဗစ်ကပ်ရောဂါမတိုင်မီက ရှိခဲ့သည့်  ငွေကြေးဖောင်းပွမှုအဆင့်ကို ပြန်လည်ရောက်ရှိရန် လုံလောက်သည့် အားထုတ်မှုမျိုးမဟုတ်။ ပြန်လည်ရောက်ရှိရန် မဖြစ်နိုင်ဟုဆိုသည်။ ရောင်းလိုအားဆိုင်ရာ အခက်အခဲအနှောင့်အယှက်များ၊ လုပ်သား စျေးကွက်ဖိအားများ လျော့ကျခြင်း မရှိခဲ့ပါက အဓိကကျသော ငွေကြေးဖောင်းပွမှုနှုန်း (စွမ်းအင်စျေးနှုန်း မပါဝင်)သည် ၂၀၂၃ ခုနှစ်တွင် ၅ ရာခိုင်နှုန်း ဝန်းကျင်၌ ရှိနေနိုင်သည်။ ကမ္ဘာ့ဘဏ်၏ လေ့လာတွက်ချက်မှုအရ ဗဟိုဘဏ်များသည် ၎င်းတို့၏ ရည်ရွယ်ထားသည့်အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုအဆင့်ကို လျှော့ချနိုင်ရန် အတိုးနှုန်းကို နောက်ထပ် နှစ်ရာခိုင်နှုန်းဖြင့် တိုးမြှင့်ရန် လိုအပ်သည်။

(၅) ကမ္ဘာ့ဘဏ်၏ ယာယီဒုဥက္ကဋ္ဌ အိုင်ယန်ကိုစေး (Ayhan Kose) ကမူ မကြာသေးမီပြုလုပ်ခဲ့ကြသည့် ငွေကြေးပေါ်လစီနှင့် ဘဏ္ဍာရေးပေါ်လစီ တင်းကျပ်မှုများသည် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းမှုအတွင်း အထောက်အကူဖြစ်စေသော်လည်း “ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေး အတွက်လေး” အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပေးသည်။ ဆိုလိုသည်မှာ တစ်ကမ္ဘာလုံးကြုံ တွေ့နေရသော ငွေကြေးဖောင်းပွမှုကိုတိုက်ဖျက်ရန် အတိုးနှုန်းမြှင့်တင်မှုအစီအမံများကို တစ်ပြိုင်နက် တူညီစွာလုပ်ဆောင်သည့်အခြေအနေသည် ရလဒ်အကျိုးသက်ရောက်မှုများ ပေါင်းစပ်ဖြစ်ပေါ်လာလျက် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတိုးတက်မှုကို ပိုမိုနှေးကွေးစေကာ ဆိုးရွားမှု ပြင်းထန်လာနိုင်ခြင်းဖြစ်သည်။

(၆) ကမ္ဘာဘဏ်၏ လေ့လာမှုသည်  ၂၀၂၃ ခုနှစ်တွင်လည်း မသာယာနိုင်သေးသည့် ကမ္ဘာ့စီးပွားရေးအခြေအနေကို ကြိုတင်သတင်းပေးနေခဲ့ပြီ။ အကြံပြုချက်များကို အလေးထားလုပ်ဆောင်ရန် လိုအပ်သည်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မဲလ် ပတ်စ်က မူဝါဒရေးဆွဲချမှတ်သူများအနေဖြင့် ဝယ်လိုအား (တစ်နည်းအားဖြင့် စားသုံးမှု) လျှော့ချမည့် အခြေအနေမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ခြင်း၊ ကုန်ထုတ်စွမ်းရည်တိုးတက်စေရန် လုပ်ဆောင်ခြင်းတို့ဖြင့် ရောင်းလိုအား (တစ်နည်းအားဖြင့် ထုတ်လုပ်မှု) ကို မြှင့်တင်ပေးသည့်အခြေအနေသို့ ပြောင်းလဲအာရုံစိုက်သင့်သည်ဟု အကြံပြုထားသည်။

နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များသည် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို ရှင်းရှင်းလင်းလင်း သတင်းပေး၍ လုပ်ဆောင်ရမည်။ မူဝါဒ တင်းကျပ်မှုများကို လျှော့ချနိုင်ရမည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ငွေကြေးဆိုင်ရာ မူဝါဒတင်းကျပ်လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသော နယ်နိမိတ်ကျော် သက်ရောက်မှုများနှင့်ပတ်သက်၍ သတိထားရ မည်။ ထွန်းသစ်စ စျေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစိုးရများသည် မက်ခရိုအဆင့် ချင့်ချင့် ချိန်ချိန်လုပ်ဆောင်ထားသော လုပ်ထုံးလုပ်နည်းများ ခိုင်မာစေရန်လုပ်ဆောင်သင့်သည်။ နိုင်ငံခြားသီးသန့် အရန်ငွေများကို လုံလောက်စွာထိန်းထားသင့်သည်။

ဘဏ္ဍာရေးအာဏာပိုင်များသည် ငွေကြေးမူဝါဒဆိုင်ရာ ရည်မှန်းချက်များနှင့် လိုက်လျောညီထွေမှုရှိစေရန် အားထုတ်နေစဉ်မှာပင် ဘဏ္ဍာရေးအထောက်အပံ့အစီအမံများ ရုပ်သိမ်းရေးကို ဂရုတစိုက် ချိန်ညှိရန်လုပ်ဆောင်ရန်လိုသည်။ လုပ်သားစျေးကွက်ကန့်သတ်ချက်များ ဖြေလျှော့ပေးလျက် လုပ်သားအင်အားစု၏ စျေးကွက်အတွင်း ပါဝင်မှုကို မြှင့်တင်ခြင်းနှင့် စျေးနှုန်းဖိအား လျှော့ချပေးခြင်းတို့ကို အထောက် အကူဖြစ်စေသည့်မူဝါဒများ ပြင်ဆင်ထားရမည်။ ကုန်စည်ကဏ္ဍ ရောင်းလိုအားမြှင့်တင်ရေး၊  စားနပ်ရိက္ခာနှင့် စွမ်းအင်ထောက်ပံ့မှုတိုးမြှင့်ရေးတို့တွင်လည်း ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းမှုလိုအပ်သည်။ ကာဗွန်နည်းသော စွမ်းအင်ရင်းမြစ်များဆီသို့ အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်လုပ်ဆောင်ခြင်း၊ စွမ်းအင်သုံးစွဲမှုလျှော့ချသည့်အစီအမံများ မိတ်ဆက်ပေးခြင်းတို့ကိုလည်း ပြုလုပ်သင့်သည်။

ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအားကွင်းဆက်တစ်လျောက်ရှိ အဓိကအခက်အခဲများ လျှော့ချနိုင်ရေး အတွက်လည်း နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်သင့်သည်။ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ကျင့်သုံးခြင်းနှင့် စျေးကွက်များ အကွဲကွဲ အပြားပြားဖြစ်ခြင်းတို့ကြောင့် ကုန်သွယ်မှုကွန်ရက်များ ထပ်မံနှောင့် ယှက်ခံရနိုင်သည့် အခြေအနေများကို ကျော်လွှားနိုင်ရန်စည်းမျဉ်း အခြေခံနိုင်ငံတကာ စီးပွားရေးအစီအစဉ်တစ်ရပ်ကို ထောက်ခံအားပေး လုပ်ဆောင်သင့်သည်။

(၇) ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးသည် အမှန်တကယ်အကောင်အထည်ဖော်နိုင်မည့် ကာလလတ် ဘဏ္ဍာရေးနှစ်အစီအစဉ်များ ရေးဆွဲထားသင့်သည်။ ထိခိုက်လွယ်သော နိုင်ငံသူနိုင်ငံသားများအတွက်  အဓိကကျသည့် ပံ့ပိုးမှုကို ဦးတည်ချက်ထား၍ အဆက်မပြတ် လုပ်ဆောင်ပေးသင့်သည်။

တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် မရှိမဖြစ်၊ အရေးအကြီးဆုံးသောအရာမှာ နိုင်ငံအသီးသီးရှိ နယ်ပယ်အသီးသီးမှ မူဝါဒချမှတ်သူများ၏ဟန်ချက်ညီညီ၊ အင်တိုက်အားတိုက်၊ စူးစိုက်သောအားထုတ်မှုများပင်ဖြစ်သည်။ https://www.worldbank.org/

Most Read

Most Recent