ဒေါ်လာစျေး ကျပ် ၃၀၀၀ အောက် ကျဆင်းလာသော်လည်း အကျဘက်မရောက်သေးသည့် ကုန်စည်စျေးနှုန်းများ

ဒေါ်လာစျေး ကျပ် ၃၀၀၀ အောက် ကျဆင်းလာသော်လည်း အကျဘက်မရောက်သေးသည့် ကုန်စည်စျေးနှုန်းများ
ရန်ကုန်မြို့ရှိ စျေးတစ်စျေးတွင် စျေးသည်၊ စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရန်ကုန်မြို့ရှိ စျေးတစ်စျေးတွင် စျေးသည်၊ စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 9 October 2022

ငွေကြေးမူဝါဒကော်မတီ အစည်းအဝေး ထုတ်ပြန်ချက်

ငွေကြေးမူဝါဒကော်မတီအ စည်းအဝေး (၉/၂၀၂၂) ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးဆုံးဖြတ်ချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေအခန်း (၇) ငွေကြေးတည် ငြိမ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ မိမိ၏ ငွေကြေးတည်ငြိမ်ရေး ရည် မှန်းချက်ရရှိစေရန် ငွေကြေးမူဝါဒ နည်းလမ်းဖြစ်သည့် အတိုးနှုန်း မူ ၀ါဒချမှတ်ဆောင်ရွက်ခြင်း၊ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်သတ်မှတ် ဆောင်ရွက်ခြင်းနှင့် လွတ်လပ်သော စျေးကွက်လုပ်ဆောင်မှုများ ဆောင်ရွက်ခြင်းတို့ကို အသုံးပြုဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ရုရှား-ယူကရိန်း စစ်ပွဲ အကျိုးဆက်ကြောင့် လောင်စာဆီစျေးနှုန်း မြင့်တက်ခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်ခြင်းတို့ကြောင့် အစားအစာနှင့် အခြားကုန်စည်စျေးနှုန်းများ မြင့်တက်ခြင်းမှတစ်ဆင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုနှင့် ရင်ဆိုင်ရလျက်ရှိသည်။

အဆိုပါငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းကို သက်သာလျော့ပါးစေရန် အတိုးနှုန်းမြှင့်တင်ရန် သင့်/မသင့် ထည့်သွင်းစဉ်းစားရာတွင် နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ်တွင် ၂ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ရည်မှန်းချက်(၃ ဒသမ ၇) ရာခိုင်နှုန်းအောက် လျော့နည်းနေ ခြင်း၊ စီးပွားရေးစနစ်အတွင်းရှိ စုစုပေါင်း ငွေကြေးပမာဏသည် ရည် မှန်းချက်အောက် လျော့နည်းနေ ခြင်း၊ ဘဏ်များ၏ အပ်ငွေအနည်း ငယ် ကျဆင်းလျက်ရှိခြင်း၊ ချေးငွေ တိုးမြှင့်ထုတ်ချေးမှု (Credit Expansion) မပြုနိုင်သေးခြင်း၊ ဘဏ်လုပ်ငန်းကဏ္ဍ၏ ငွေကြေးလည်ပတ်မှုအခြေအနေ ကောင်းမွန်စ ရှိသေးခြင်း စသည့်အခြေအနေများအရ အတိုးနှုန်းမြှင့်တင်ခြင်းမပြုသေးသင့်ကြောင်း၊ ၂၀၂၂ ခုနှစ် မေ ၃၀ ရက်တွင်ကျင်းပခဲ့သည့် ငွေကြေးမူဝါဒကော်မတီ (၅/၂၀၂၂) က ဆုံးဖြတ်ခဲ့သည်။

သို့ရာတွင် လက်ရှိငွေကြေး ဖောင်းပွမှုနှုန်းမြင့်တက်နေခြင်းကို လျှော့ချနိုင်ရန် ကျန်နည်းလမ်း နှစ်ခုအနက် အနည်းဆုံးသီးသန့် ငွေလိုအပ်ချက်အချိုး (MRR)ကို မြှင့်တင်ရန် ဖြစ်သော်လည်း ဘဏ်လုပ်ငန်းကဏ္ဍ၏ လုပ်သာကိုင်သာရှိမှုကို ထည့်သွင်းစဉ်းစားပြီး လက်ရှိမြန်မာကျပ်ငွေဖြင့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်အချိုး သုံးရာခိုင်နှုန်း သတ်မှတ်ခြင်းအား မပြောင်းလဲဘဲ အနည်းဆုံးသီးသန့် ငွေလိုအပ်ချက်အချိုး (MRR)တွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိ အပ်ငွေစာရင်း (CAB) နှင့် ဘဏ်များ လက်ဝယ်ရှိငွေသား (Cash) နှစ်မျိုးအနက်မှ CAB ဖြင့် ထားရှိရမည့်အချိုး ၂ ဒသမ ၂၅ ရာခိုင်နှုန်းကို ၂ ဒသမ ၅၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ပြီး Cash ဖြင့် ထားရှိရမည့်အချိုး သုည ဒသမ ၇၅ ရာခိုင်နှုန်းမှ သုည ဒသမ ၅၀ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ဘဏ်များ လက်ဝယ်ရှိငွေသားများကို ဗဟိုဘဏ်ရှိ အပ်ငွေစာရင်းသို့ ဝင်ရောက်စေခြင်းဖြင့် လှည့်လည်သုံးစွဲငွေ (CIC) လျော့နည်းစေပြီး ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက် ထိန်းကျောင်းနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လတ်တလောတွင် ဘဏ်များ လက်ဝယ်ရှိငွေသားများ မြင့်တက်လျက်ရှိရာ  ဘဏ်များ Credit Expansion မလုပ်နိုင် သေးသည့်အခြေအနေတွင် ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်ထက်ပိုသည့် ပျမ်းမျှပိုလျှံ သီးသန့်ငွေပမာဏ (Average Excess CAB) အပေါ်တွင် အတိုးနှုန်းတစ်ရပ် သတ်မှတ်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် Money Market (ငွေကြေးစျေး ကွက်) ကို အခြေခံသည့်အတိုးနှုန်းဘောင်  (Interest Rate Corridor) တည်ဆောက်ရန် ကနဦးအဆင့်  စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှုကို ထိန်းကျောင်းရန် Monetary Policy Instrument တစ်ခုဖြစ်သည့် ဗဟိုဘဏ်ငွေချေးသက်သေခံလက်မှတ် (CBM Bill) ထုတ်ဝေရောင်းချရေးကို နောက်တစ်ဆင့်အနေဖြင့် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

CBM Bill ထုတ်ဝေရေးနှင့် စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ၊ အကျိုးကျေးဇူးများ၊ ထုတ်ဝေချိန်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များဖြစ်သည့် ထုတ်ဝေရောင်းချမည့်နည်းလမ်း၊ Face Value သတ်မှတ်ခြင်း၊ အတိုးနှုန်းသတ်မှတ်ခြင်း၊ ထုတ်ဝေမည့် သက်တမ်းနှင့် အကြိမ်အရေအတွက်၊ ထုတ်ဝေမှုအမျိုးအစား၊ ပေးချေမှု နည်းလမ်းတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။                          

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဘဏ်များသို့ FX Swap Bank to Bank Facility အရ စက်သုံးဆီတင်သွင်းသူများအား အမေရိကန်ဒေါ်လာ ခေတ္တထုတ်ချေးပေးခြင်း၊ ပုံမှန်ကုန်သွယ်ရေးမှ သတ်မှတ်ရက်အတွင်း ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများ ဝင်ရောက်စေရန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ ယွမ်၊ ထိုင်းဘတ်ငွေများ ပြန်လည်ဝင်ရောက်စေရန် ကြပ်မတ်ဆောင်ရွက်ခြင်း၊ အဓိက မဖြစ်မနေ တင်သွင်းရမည့် သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာ ဦးစားပေးရောင်းချပေးခြင်း၊ အစိုးရချင်း ပို့ကုန်တင်ပို့မှုများတွင် လိုအပ်သော Export Financing ပေးနိုင်ရေးအတွက် လိုအပ်သည့် ညှိနှိုင်းမှုများ ပြုလုပ်ပေးခြင်း၊ သွင်းကုန်များကို အမေရိကန်ဒေါ်လာအပြင် အခြားငွေကြေး (ဥပမာ-ယွမ်၊ ထိုင်းဘတ်) များဖြင့် ပေးချေနိုင်ရေးအတွက် သွင်းကုန်လုပ်ငန်းရှင်များအား ညှိနှိုင်းစေခြင်း၊ FX Inflow/Outflow အခြေအနေများကို လေ့လာသုံးသပ်လျက် လိုအပ်သော မူဝါဒဆိုင်ရာ တုံ့ပြန်မှုများကို ဆက်စပ်ဝန်ကြီးဌာနများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်လာစျေး၊ ရွှေစျေး ကျဆင်းမှုအခြေအနေ

၂၀၂၂ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်အတွင်းက ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည့် နိုင်ငံခြားငွေလဲနှုန်းမှာ စက်တင်ဘာ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၅၀၀ ဝန်းကျင်သို့ ပြန်လည်ကျ ဆင်းခဲ့သည်။ ယင်းနောက် ဒေါ်လာစျေး ဆက်လက်ကျဆင်းခဲ့ပြီး စက်တင်ဘာ တတိယပတ်အတွင်း တစ် ဒေါ်လာလျှင် ကျပ် ၂၆၀၀ ဝန်းကျင် အထိကျဆင်းခဲ့သည်။ အောက်တိုဘာ ပထမပတ်အတွင်း ဒေါ်လာစျေး အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေး သတ်မှတ်ထားပြီး အောက်တိုဘာ ၆ ရက်က ပြင်ပစျေး ကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၈၀၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများမှ သိရ သည်။

ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်၌ အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၀၃၀၀၀၀ ဝန်းကျင်ဖြင့် စတင်စျေးဖွင့်ခဲ့ပြီး သြဂုတ် ၃၀ ရက် နေ့လယ်တွင် ၃၁၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဆက်လက်ပြီး သြဂုတ် ၃၀ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ပြင်ပစျေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၁၇၅၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။

သို့သော်လည်း အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၁၇၀၀၀ ဝန်းကျင် သတ်မှတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၆၇၀၀၀၀ ဝန်းကျင်ရှိလာခဲ့ကြောင်း ရွှေရောင်းဝယ်သူများမှ သိရသည်။

လတ်တလော အခြေခံ စားသောက်ကုန်စျေးနှုန်း အခြေအနေ

မြန်မာနိုင်ငံတွင် စားသုံးနေ သည့် စားသောက်ကုန်အများစုမှာ ပြည်ပမှတင်သွင်းနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် လပိုင်းအတွင်းက နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၄၀၀၀ ကျော်အထိ မြင့်တက်ချိန်တွင် စားသောက်ကုန်အများစု စျေးနှုန်း လိုက်ပါမြင့်တက်ခဲ့သည်။

စက်တင်ဘာလအတွင်း နိုင်ငံခြားငွေလဲနှုန်း ဒေါ်လာစျေးကျဆင်းလာခဲ့သော်လည်း အထွေထွေစားသောက်ကုန်အပါအဝင် ကုန်စျေးနှုန်းမှာ သိသိသာသာ ကျဆင်းမှု မရှိသေးဘဲ အတက်စျေးတွင်သာ ဆက်လက် ရောင်းချမှုများရှိနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။

“အခုကလေ ကိုယ့်ဆိုင်က ပစ္စည်းတွေ ဘယ်စျေးနဲ့ရောင်းရမလဲဆိုတာ မျက်စိကိုလည်ရောပဲ။ Nabati တစ်ထုပ်ကို ကျွန်မ ဝယ်ခဲ့ရတာ ၃၆၀ မို့လို့ ၄၀၀ နဲ့ပြန်ရောင်းတယ်။ အဲဒါကို ဟိုဘက်ဆိုင်က ၃၅၀ တဲ့။ ကော်ဖီမစ်တွေလည်း တချို့ဆိုင်တွေ စျေးချတယ်တဲ့။ ကျွန်မက တက်စျေးနဲ့ဝယ်ထားရတာတွေလေ။ လက်ကျန်ရှိနေသေးတော့ ကော်ဖီတွေလည်း လျှော့ရောင်းလို့မရသေးဘူး။ Nabati တွေလည်း စျေးလျှော့ရောင်းလို့မရသေးဘူးပဲ ဝယ်သူကို ပြောလိုက်တော့တယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောကြားခဲ့သည်။

“တချို့ဆိုင်တွေ ဆီစျေးနည်းနည်း ချရောင်းနေကြတယ်။ စက်တင်ဘာလဆန်းပိုင်းက စားဆီတစ်ပိဿာ ၉၁၀၀၊ ၉၂၅၀၊ အခု စားဆီ တစ်ပိဿာ ၇၅၀၀၊ ပဲဆီ (ရိုးရိုး) က တစ်ပိဿာ ၈၈၀၀၊ နိုင်ငံခြားကသွင်းတဲ့ ဆီအများစုတော့  စျေးမကျဘူး။ အခုက စားသောက်ကုန် တွေထဲကမှ တချို့ဟာတွေ စျေးကျသေးတယ်။ တချို့တော့ မကျဘူးပေါ့လေ။ လူသုံးကုန်တွေ ဖြစ်တဲ့ ရေချိုးဆပ်ပြာတို့၊ သွားတိုက်ဆေးတို့၊ တစ်သျှူးတို့ပေါ့။ အဲဒီကုန်တွေက စျေးမကျဘူး” ဟု တာမွေမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

ပြည်တွင်းစျေးကွက်၌ လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲ နှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်း များမှာ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ၁၃၂၀-၁၄၄၅ ကျပ်၊ ဧပြီတွင် ၁၃၉၅-၁၄၄၀ ကျပ်၊ မေလတွင် ၁၄၀၆ -၁၄၂၆ ကျပ်၊ ဇွန်တွင် ၁၄၁၂ -၁၃၈၅ ကျပ်၊ ဇူလိုင်တွင် ၁၃၆၇-၁၄၁၃ ကျပ်၊ သြဂုတ်တွင် ၁၃၄၂- ၁၃၉၂ ကျပ်၊ စက်တင်ဘာ တွင် ၁၃၂၄ -၁၃၆၂ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇-၁၃၄၀ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခု နှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ဖြစ်သည်။ ဧပြီတွင် ကျပ် ၁၆၀၀ ဝန်းကျင်၊ မေလတွင် ကျပ် ၁၆၉၀ ဝန်းကျင်၊ ဒီဇင်ဘာ ၂၅ ရက်တွင် ၁၇၈၆ ကျပ်ဝန်းကျင် ရောက်ရှိခဲ့သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ် ဝန်းကျင်၊ ဖေဖော်ဝါရီ ၅ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၉၀၀ ကျော်အထိ မြင့်တက်ခဲ့့သည်။ မတ်လ ၂ ရက်တွင် နိုင်ငံခြားငွေလဲ နှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ်ဝန်း ကျင်သို့ ပြန်လည်ကျဆင်းခဲ့ပြီးနောက်  ဧပြီ ၇ ရက်တွင် တစ်ဒေါ် လာ ၁၈၅၅ ကျပ်ဝန်းကျင်သို့ ပြန်လည် မြင့်တက်ခဲ့သည်။

မေ ၃  ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ် ဝန်း ကျင်၊ ဇွန် ၇ ရက်တွင် နိုင်ငံခြားငွေလဲ နှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ် ဝန်း ကျင်၊ ဇူလိုင် ၇ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ် ဝန်းကျင်ရှိခဲ့သည်။

ဗဟိုဘဏ်သတ်မှတ်သည့်  နိုင်ငံခြားငွေလဲနှုန်း မှာတစ်ဒေါ်လာ ကျပ်၂၁၀၀ ဖြစ် သော်လည်း သြဂုတ် ၉ရက်တွင်  ပြင်ပစျေးကွက်အတွင်း  နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၂၆၀၀ ဝန်းကျင်၊ ယင်းနောက် ဒေါ်လာငွေလဲနှုန်း တဖြည်းဖြည်းမြင့်တက်ခဲ့ရာ အချို့ ရက်များတွင် ကျပ် ၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ် မှတ်သော်လည်း ပြင်ပစျေးကွက်တွင်  သြဂုတ် ၂၅ ရက်က တစ်ဒေါ်လာလျှင် ကျပ် ၃၀၄၀ ဝန်းကျင်၊ သြဂုတ် ၂၆ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၁၁၀ ဝန်း ကျင်ရှိခဲ့ပြီး ဗဟိုဘဏ်သတ်မှတ်သည့်စျေးနှင့် ပြင်ပပေါက်စျေးကြား တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ခန့် ကွာဟခဲ့သည်။

ယင်းနောက် ဒေါ်လာစျေး တဖြည်းဖြည်း ပြန်လည်ကျဆင်းလာပြီးနောက် တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ ကျော်မှ ကျပ် ၂၆၀၀ ဝန်း ကျင်အထိ ကျဆင်းခဲ့သည်။  ပြင်ပ စျေးကွက်အတွင်း နိုင်ငံခြားငွေလဲ နှုန်း အတက်အကျ ကြမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေး သတ်မှတ်ထား သော်လည်း အောက်တိုဘာ ၇ ရက် က  ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၉၀၀ ဝန်းကျင်ရှိခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်း ဝယ်သူများ မှ သိရသည်။

နိုင်ငံခြားငွေလဲနှုန်းအတက်အကျသည် နိုင်ငံခြားငွေဝယ်လိုအားနှင့် ရောင်းလိုအားကို သက်ရောက်စေနိုင်သောအကြောင်းရင်းများအပေါ်တွင် အခြေခံပြီး အဓိကကျသည့်အချက်များမှာ နိုင်ငံခြားငွေကြေးစျေးကွက်အခြေအနေ၊ နိုင်ငံ့ပို့ကုန်သွင်း ကုန်ပမာဏ၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်း၊ ရသုံးမှန်းခြေငွေ စာရင်းအခြေအနေ၊ စီးပွားရေးစနစ်အတွင်းရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းအခြေအနေတို့ဖြစ်သည်။

ဒေါ်လာစျေး မြင့်တက်မှုကြောင့် သွင်းကုန်စျေးနှုန်းများ၊ အထူးသဖြင့် စျေးကွက်အတွင်း သုံးစွဲမှုများပြားသော စက်သုံးဆီ၊ ဆက်သွယ်ရေးပစ္စည်း၊ ဆေးဝါး၊ အစားအစာကဲ့သို့ ကုန်စည်များကို စျေးနှုန်း မြင့်တက်စေပြီး ကုန်စျေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေမည်ဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့သဖြင့် ပြည်တွင်း၌ ဆေးဝါး၊ ပြည်ပမှ တင်သွင်းရသည့် ကုန်စည်အချို့ စျေးနှုန်းမြင့်တက်ခဲ့သည်။

“ပြည်တွင်းကထုတ်တဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဖြူ/နီ၊ အာလူးတို့လည်း စျေးတက်ခဲ့တာပဲ။ တချို့ ဟာတွေ ဒီရက်ထဲ စျေးနည်းနည်း ကျတာတော့ ရှိပါတယ်။ အများစုကတော့ မကျသေးဘူးပေါ့။ အထူးသဖြင့် ပြည်ပကနေ သွင်းရတဲ့ ကုန်ပစ္စည်းတွေတော့ စျေးတက်တယ်။ ထိုင်းကလာတဲ့ မီးဖိုချောင်သုံးကုန် ပစ္စည်းတွေကတော့ စျေးတက်တယ်။ မြန်မာငွေတန်ဖိုးကျလို့လားတော့ မပြောတတ်ဘူးလေ။ ကျွန်တော်တို့ကတော့ ဒိုင်ကဝယ်တဲ့ စျေးထက်တော့ စျေးနည်းနည်းတင်ပြီး ရောင်းတယ်။ ဒါမှလည်းအမြတ် ငွေကျန်မှာကိုး” ဟု တာမွေမြို့နယ်၊ ကုန်စုံဆိုင်တစ်ခု၏ ဆိုင်ပိုင်ရှင်ဖြစ်သူက ပြောကြားသည်။

“တချို့ကုန်တွေတော့ စျေးချ ရောင်းတာတွေ့ရတယ်။ ဒါပေမဲ့ အများစုက စျေးမကျသေးဘူး။ ဥပမာ ကော်ဖီမစ်တွေဆိုရင် ဒေါ်လာစျေးတက်တုန်းက တစ်ထုပ်ကို ၃၀၀၊ တချို့ဆိုင်တွေ ၃၅၀ လောက် အထိတင်ရောင်းကြတယ်။ တချို့ ဆိုင်တွေတော့ ၂၅၀ နဲ့ရောင်းကြတယ်။ ဒါက လက်လီစျေးပေါ့နော်။ အခုတော့ တစ်ထုပ်ကို ၂၀၀။ ဆိုတော့ တချို့ဆိုင်တွေ စျေးချရောင်းတာလည်း ရှိလာကြပါတယ်”ဟု အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

တစ်နှစ်အတွင်း အစားအစာအုပ်စု ကုန်စျေးနှုန်း ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်

တစ်နှစ်အတွင်း သယ်ယူပို့ ဆောင်ရေးအုပ်စုကုန်ကျစရိတ် ၅၁ ရာခိုင်နှုန်းကျော်၊ အစားအစာအုပ်စု ကုန်စျေးနှုန်း ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၂၂ ခုနှစ် မေလအတွက် ထုတ်ပြန်သော တစ်နိုင်ငံလုံး၏စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှု စိစစ်ချက်အရ ၂၀၂၁ ခုနှစ် မေလထက် အစားအစာအုပ်စု ၁၆ ဒသမ ၀၆ ရာခိုင်နှုန်း၊ အစားအစာ မဟုတ်သော အုပ် စု ၂၁ ဒသမ ၆၆ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးအုပ်စု ၅၁ ဒသမ ၄၆  ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

၂၀၂၁ ခုနှစ် မေတွင် အစားအစာအုပ်စု ၁၈၀ ဒသမ ၈၇၊ အစားအစာမဟုတ်သောအုပ်စု ၁၅၁ ဒသမ ၅၄၊ သယ်ယူပို့ဆောင်ရေး အုပ်စု ၁၂၄ ဒသမ ၁၄ ရှိခဲ့သည်။ ၂၀၂၂ ခုနှစ် မေလတွင် အစားအစာအုပ်စု ၂၀၉ ဒသမ ၉၂၊ အစားအစာ မဟုတ်သော အုပ်စု ၁၈၄ ဒသမ ၃၇၊ သယ်ယူပို့ဆောင်ရေးအုပ်စု ၁၈၈ ဒသမ ၀၃ ရှိခဲ့သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော တစ်နိုင်ငံလုံး ၏ စားသုံးသူစျေးဆနှုန်းကို လေ့လာ ပါက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၆၁ ဒသမ ၃၃ရှိခဲ့သည်။ ဇွန်လတွင် ၁၆၀ ဒသမ ၉၈  ရှိခဲ့ပြီး ဒီဇင်ဘာတွင် ၁၆၂ ဒသမ ၉၄   ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၆၂ ဒသမ ၅၃ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လတွင် ၁၇၀ ဒသမ ၁၃၊ ဇူလိုင်တွင် ၁၇၁ ဒသမ ၆၃၊ သြဂုတ်တွင်  ၁၇၂ ဒသမ ၉၂၊ စက်တင်ဘာတွင် ၁၇၄ ဒသမ ၉၇၊ အောက်တိုဘာတွင် ၁၇၉ ဒသမ ၂၀၊ နိုဝင်ဘာတွင် ၁၈၁ ဒသမ ၇၂၊ ဒီဇင်ဘာတွင် ၁၈၃ ဒသမ ၅၁အထိ မြင့်တက်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင်  ၁၈၄ ဒသမ ၈၉၊ ဖေဖော်ဝါရီတွင် တစ်နိုင်ငံလုံးအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၈၆ ဒသမ ၈၂ ၊ မတ်လတွင် ၁၉၂ ဒသမ ၇၁ ၊ ဧပြီ တွင် ၁၉၆ ဒသမ ၀၁ အထိ ရှိလာခဲ့သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် မတ်လတွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၆၁ ဒသမ ၇၂ ဖြစ် ပေါ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစ၍ အစားအစာအုပ်စုစျေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ မေလတွင် ၁၆၀ ဒသမ ၁၂ ဖြစ် ပေါ်ခဲ့သည်။ ဇွန်လတွင် ၁၆၀ ဒသမ ၉၈ ဖြစ်ပေါ်ခဲ့သဖြင့် ယခင်လနှင့် နှိုင်းယှဉ်ပါက အနည်းငယ်ပြန်လည် မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။

စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့ တိုးချဲ့ ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

ကမ္ဘာ့နိုင်ငံအသီးသီးသည် COVID – 19 ကပ်ရောဂါမှ ရုန်းထွက်ပြီး စီးပွားရေးကို နာလန်ထူရန် ကြိုးပမ်းနေချိန်တွင် စွမ်းအင်နှင့် ကုန်စည်စေ ျးနှုန်းများမြင့်တက်လာခြင်းသည် ကမ္ဘာကြီးအတွက် ယခင်ကတည်းက ကြုံတွေ့နေရသည့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုအပေါ် ဖိအားများ ပိုမို သက်ရောက်စေခဲ့သည်။

“ကုန်စျေးနှုန်းမြင့်တက်မှု ဂယက်တွေဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်မှာဖြစ်ပြီး အထူးသဖြင့် အစားအစာနဲ့ လောင်စာအတွက် ငွေအများဆုံးသုံးနေရတဲ့ ဆင်းရဲတဲ့ မိသားစုတွေကို ထိခိုက်စေပါလိမ့်မယ်”ဟု IMF ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေလဲနှုန်းမတည်မငြိမ်ဖြစ်နေခြင်းက ပြည်သူအများစုအပေါ် သက်ရောက်နေသည်။ မြန်မာနိုင်ငံသည် အများအားဖြင့် သွင်းကုန်များအပေါ်တွင်သာ အားထားသုံးစွဲနေရသဖြင့်  ဒေါ်လာစျေးမြင့်တက်မှုနှင့် စက်သုံးဆီစျေး မြင့်တက်မှုများက ပြည်သူလူထုအပေါ် အကြီးအကျယ် ရိုက်ခတ်လာနိုင်မည်ဖြစ်သည်။

မြန်မာ့စီးပွားရေးကျဆင်းနေသဖြင့် ပြည်သူများ၏ ဝယ်ယူစားသုံးနိုင်စွမ်း ကျဆင်းနေချိန်တွင် မြွေပူရာ ကင်းမှောင့်သကဲ့သို့ ဒေါ်လာ စျေး၊ စက်သုံးဆီစျေးနှင့် ကုန်စျေးနှုန်း မြင့်တက်မှုများက အကျပ်အတည်းကြားမှ ပြည်သူများအပေါ် ထပ်ဆင့် ထိုးနှက်လျက်ရှိနေကြောင်း လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြသည်။

Most Read

Most Recent