ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု၊ အသက်နဲ့ အ​လောင်းအစားထပ်ပြီး ရုန်းကန်နေကြသူများ

ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု၊ အသက်နဲ့ အ​လောင်းအစားထပ်ပြီး ရုန်းကန်နေကြသူများ
Published 9 October 2022

ထိုင်းတွင် စက်တင်ဘာ၂၇ ရက်ကဖမ်းဆီးခံရသော မြန်မာလုပ်သားများ (ဓာတ်ပုံ- ဆုန်ခလာခရိုင် နယ်ခြားစောင့်တပ်ဖွဲ့ သတင်းပြန်ကြားရေး)

ကိုဗစ်လှိုင်းဂယက်နဲ့ နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှု မြင့်တက်လာတာဟာ အလုပ်တစ်ခုအတွက် ပြည်ပကိုထွက်ခွာဖို့ တွန်းအားတစ်ခုဖြစ်လာပါတယ်။

ကိုဗစ်ကြောင့် ပိတ်လိုက်ရတဲ့ စက်ရုံ အလုပ်ရုံတွေကို နှုတ်ဆက်ထွက်ခွာလာကြသူတွေဟာ မိသားစု​​တွေရဲ့ ဝမ်းရေးအတွက် ကူကယ်ရာ ရလိုရငြား ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်ဖို့ စိုင်းပြင်းလာကြပါတယ်။

ထိုင်းနိုင်ငံ၊ ခရိုင် ဒေသအလိုက် တာဝန်ရှိ နယ်ခြားစောင့်တပ်ဖွဲ့တွေကလည်း နယ်စပ် ဖြတ်​​ကျော်ဝင်ရောက်မှုမရှိစေရေး အထူးစောင့်ကြပ်ဖမ်းဆီးနေကြပါတယ်။

ပြောကြွယ်သူ ပွဲစားတွေရဲ့စကား အယုံလွယ်မိတဲ့ လူငယ်လူရွယ်တွေဟာ နေ့စဉ် လိုလို ဖမ်းဆီးခံနေရပါတယ်။

မြန်မာနိုင်ငံသား လူငယ်လူရွယ်တွေ ဖမ်းဆီးခံရမှု လျော့ကျစေဖို့ နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိလာစေဖို့အတွက် နှစ်နိုင်ငံ တာဝန်ရှိသူတွေ ညှိနိုင်းကာ MOU လုပ်သားစေလွှတ်မှုကို ယခုနှစ် မေ ၁၀ ရက်မှာ စတင်ခဲ့တာလည်းဖြစ်ပါတယ်။

နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ MOU လမ်းကြောင်းရှိပါလျက် လူကယ်ရီပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာလို့  ဖမ်းဆီး ခံရသူတွေလည်း အများအပြားရှိနေဆဲ။ နောင်လည်း ရှိနေဦးမည်ဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော် တရားမဝင်လမ်းကြောင်းကနေ ထိုင်းနိုင်ငံဘက်သို့သွားရောက် ကြတာ၊ ဖမ်းဆီးခံရတာတွေဟာ  ယခင်သုံးလ အတွင်း လျော့ကျခဲ့​​ပေမဲ့ စက်တင်ဘာလအ တွင်းမှာ  ပြန်လည်များပြား လာတယ်လို့ဆိုပါ တယ်။ အများဆုံးက တာ့ခ်ပြည်နယ်မဲ​​ဆောက် နဲ့ ကန်ချနပူရီပြည်နယ်ဘက်က ပိုမိုဝင်ရောက် ကြကြောင်း၊ ငွေကြေးအများအပြားပေးပြီး အလုပ်ရလား-မရလား မသေချာတဲ့အပြင် အသက်နဲ့ အလောင်းအစားထပ်ပြီး သွားရတဲ့ ရွှေ့ပြောင်းသွားလာခြင်းမျိုး မလုပ်သင့်ကြောင်းလည်း အလုပ်သမားအရေးဆောင် ရွက်နေသူ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်မှာတော့ မြန်မာနိုင်ငံဘက်မှ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေတော်တော်နည်းသွားတယ်ဆို ပြီးတော့  စိတ်အေးလက်အေး ဖြစ်​​တော့မယ့် အနေအထားမှာ ခု စက်တင်ဘာလမှာ တစ် ကျော့ပြန်  ပြန်များလာတယ်။ ဘယ်ဘက်က များလဲဆိုတော့ မဲဆောက်အပါအဝင် တာ့ခ် ပြည်နယ်ဘက်မှာတစ်ချက်၊ နောက် ထိုင်းနဲ့ မွန်ပြည်နယ်၊ ဘုရားသုံးဆူ နယ်စပ် ကန်ချနပူရီ ဘက်မှာ ယခုတလော အသုတ်လိုက် အသုတ် လိုက်ဝင်လာကြပြန်ပြီ။ ဝင်လာတိုင်းလည်း ဖမ်းဆီးခံနေရတယ်”လို့ ဦးမိုးကြိုးကဆိုပါ တယ်။

ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်မှု အများဆုံး စာရင်းမှာပါတဲ့ ဘုရား သုံးဆူနဲ့ ကန်ချနပူရီနယ်စပ်က စက်တင်ဘာလ ၂၇ ရက်နေ့နဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ ဝင်ရောက်ခဲ့ကြတဲ့  မြန်မာနိုင်ငံသား အမျိုး သား ၆၃ ဦး နဲ့ အမျိုးသမီး ၁၃ ဦးတို့ကို ကန်ချန ပူရီပြည်နယ် ထောင်ဖာ့ဖူ (မ်) မြို့နယ်၊ အုပ်စု (၁)၊ ထာ့ခနူကျေးရွာ နေရာနှစ်ခုမှာ လမ်းပြ နှစ်ဦးနဲ့အတူ  ပထမနေ့ ဖမ်းဆီးခံရသလို မောင်မြို့နယ်၊ အုပ်စု (၁၂)၊ ဘန့်ကောင်ကျေး ရွာမှာ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၃ ဦးတို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံဘက်ကလာ တဲ့ သတင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံ ဘက်ကို ဝင်ရောက်သူတွေ နေ့စဉ်ဖမ်းဆီးခံနေရသလို ထိုင်းနိုင်ငံတောင်ပိုင်းက တစ်ဆင့် မလေးရှားနိုင်ငံဘက်ကို သွားရောက်သူတွေ လည်း ထိုင်း-မလေးနယ်စပ်မှာ  ဖမ်းဆီးခံရမှုတွေ ရှိနေပြန်ပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ကျော်သွားရောက်သူတွေဟာ အလုပ်အကိုင်တစ်ခုရဖို့၊ နောက်ချန်မိသားစုတွေ ဝမ်းရေးကိုဖြေရှင်းဖို့ အတွက် အိမ်ခြံတွေ ပေါင်နှံလာရသူရှိသလို အတိုးကြီးကြီးနဲ့ ချေးငှားပြီး ပွဲစားတွေကို ငွေကြေး အမြောက်အမြား ပေးကြရပါတယ်။

“သူတို့တွေက ထိုင်းနိုင်ငံအထိဆိုရင် တစ်​​​ယောက်ကို ဘတ် ၁၅၀၀၀ ကနေ ဘတ် ၃၀၀၀၀ အထိ ပေးရတယ်။ မလေးရှားနိုင်ငံ အထိ ဆိုရင် ဘတ် ၅၀၀၀၀ ကနေ ၆၀၀၀၀ အထိပေးရတယ်။ အဲဒါက ထိုင်းနိုင်ငံမှာ အလုပ် တကယ် ရ-မရမှန်းလည်းမသိ။ မလေးရှားနိုင်ငံထဲအထိ ရောက်အောင်လည်း သွားနိုင်ခြင်း ရှိ-မရှိ၊ လမ်းပိုင်းအနေအထား တကယ် အလုပ် ရ-မရလည်း မသေချာ။ အနေအထားပေါင်းစုံကို ထောက်ရှုပြီးတော့  အဲသည်လို အသက်နဲ့အလောင်းအစားလုပ် ရတဲ့ အလုပ်မျိုးမလုပ်ကြပါနဲ့လို့ ပြောပေမယ် လို့ အခြားတစ်ဖက်မှာ MOU လမ်းကြောင်း ကလည်း အရင်ထက် မြန်တော့မြန်လာတယ်။ အဲဒါတော့ လက်ခံရမယ်။ တနင်္လာနေ့က သောကြာနေ့အထိ နေစဉ် ရာနဲ့ချီ ထွက်ခွာနေတယ် ။ သို့သော်လည်း ထိုင်းမှာသွားအလုပ် လုပ်ချင်တဲ့သူ သောင်းနဲ့ချီ ရှိနေတယ်။ ရာ ဂဏန်းလောက်က ဆင့်ပါးစပ်နှမ်းပက်သလို ဖြစ်နေတာပေါ့ဗျာ” လို့ မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုပါတယ်။

MOU လုပ်သား စေလွှတ်နိုင်ဖို့အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေရဲ့ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေး လက်တောရွာအထိ ဆင့်ပွားကိုယ်စားလှယ်  အဆင့်ဆင့် ဝန်ဆောင်မှုတွေကြောင့် တစ်ဦး ကို ကျပ် ၁၃ သိန်းကနေ ၁၈ သိန်းအထိကုန်ကျနေကြတယ်လို့ဆိုပါတယ်။

MOU လုပ်သားအဖြစ် တရားဝင်သွားရောက်အလုပ်လုပ်မယ်လို့ မြဝတီသို့ ရောက်ရှိ လာသူ လုပ်သားတစ်ဦးက “ကျွန်တော် ထိုင်း ကို တရားဝင်သွားချင်တယ်။ ဒါပေမဲ့ ကုန်ကျ မယ့် ငွေပမာဏကလည်းများမယ်။ အချိန် လည်း သုံး-လေးလ ထပ်စောင့်ရမယ်ဆိုတော့ ပွဲစားနဲ့ ခိုးလမ်းကတက်ဖို့ စိတ်ကူးထားပါ တယ်”လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်သို့ တရားမဝင် လုပ်သား ပို့ဆောင်တဲ့ လူကယ်ရီ ပွဲစားတွေဟာ အကျင့် ပျက် ထိုင်းလုံခြုံရေးတာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ပို့ဆောင်ကြလို့ လုပ်ငန်းခွင်ရှိရာသို့ရောက်ရှိ သွားသူတွေလည်းရှိပါတယ်။

“ကျွန်တော်က နယ်စပ်မှာ တာဝန်ရှိတဲ့ သူတွေနဲ့ ပူးပေါင်းပြီး လုပ်သားတင်ပို့တာပါ” လို့ လူကယ်ရီလုပ်သူတစ်ဦးရဲ့ပြောစကားကို ကြားယောင်မိပါတယ်။

အလားတူ မြန်မာ-ထိုင်းနယ်စပ်၊ မွန် ပြည်နယ် ဘုရားသုံးဆူ မြို့မှတစ်ဆင့် ထိုင်း နိုင်ငံ ကန်ချနပူရီခရိုင်အတွင်းသို့ စက်တင်ဘာ လ ၂၀ ရက်နဲ့ ၂၁ ရက်နေ့က  တရားမဝင်  ဝင်ရောက်ခဲ့တဲ့  မြန်မာနိုင်ငံသား ၃၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့  ထိုင်းတော်ဝင် နယ်ခြား စောင့်တပ် သတင်းပြန်ကြားရေးက ထုတ်ပြန်ခဲ့ တယ်။ တရားမဝင် ဝင်ရောက်ပြီး ဖမ်းဆီးခံရသူ  မြန်မာနိုင်ငံသား ၃၄ ဦးမှာ အမျိုးသား ၁၉ ဦး နဲ့ အမျိုးသမီး ၁၅ ဦး ပါဝင်ကြောင်း ထုတ်ပြန် ချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မွန်ပြည်နယ် မော်လမြိုင်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူး တိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်တို့မှ လာရောက်ကြသူတွေလို့လည်း သိရပါတယ်။

လူကယ်ရီပွဲစားတွေနဲ့ ချိတ်ဆက်ပြီး တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း ရနောင်းလမ်းက တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ၂၀ ဦးနဲ့ ကလေးငယ်သုံးဦး ဟာ  ရနောင်းခရိုင်အတွင်းမှာ ကားမောင်းပို့ သူတစ်ဦးနဲ့ အတူ စက်တင်ဘာ ၂၀ ရက်က ဖမ်းဆီးခံခဲ့ရပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လူကယ်ရီပွဲစားကို တစ်ဦးလျှင်ပွဲစားခ ဘတ် ၂၂၀၀၀ ပေးဆောင် ရပါတယ်။

တရားမဝင်လမ်း​​ကြောင်းက ထိုင်းနိုင်ငံ ကို ဝင်ရောက်တာ တစ်ဦးလျှင်ဘတ်၂၀၀၀၀ ကျော်ပေးရတာများလွန်းပြီး အန္တရာယ်ကင်းတဲ့ ရွှေ့ပြောင်းသွားလာခြင်းမဟုတ်လို့ ရှောင် ရှားသင့်ကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုပါတယ်။

“လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းလည်း မဟုတ်ဘူး။ လုံခြုံစိတ်ချရတဲ့ MOU စနစ်ဆို တာရှိပါတယ်။ အဲဒီ MOU စနစ်နဲ့သွားရင် လည်း တရားဝင်အေဂျင်စီအချို့ဟာ ကိုယ် ကျင့်တရားပိုင်းဆိုင်ရာတွေ၊ စာရိတ္တပိုင်းဆိုင် ရာတွေ၊ အေဂျင်စီရဲ့ကျင့်ဝတ်တွေဖောက်ဖျက် မှုကြောင့် မြန်မာငွေသိန်း ၂၀  ဝန်းကျင်အထိ တောင်းခံနေတာကိုလည်းကြားနေသိနေရ တယ်။ ဘာပဲပြောပြော ကမ္ဘာမီးလောင်သားကောင်ချနင်း တော်တော်ဖြစ်ချင်ကြတယ်။ MOU လမ်းကြောင်းနှောင့်နှေးကြန့်ကြာပြီးတော့  ကုန်ကျစရိတ်ကလည်း ဆတူလောက်ရှိ တဲ့အခါကျတော့ တရားဝင်လမ်းကြောင်းကိုရွေးချယ်သွားသူလည်းရှိတယ်။ နောက်တစ်ခု က မြန်မာ လုပ်သားတွေက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင်သွားတာ ကျင့်သားရနေတဲ့သဘောမှာရှိတယ်။ ပွဲစားတွေရဲ့လိမ် လည်မှုတွေနဲ့ မိမိအသက်နဲ့ အလောင်းအစား ထပ်ပြီးရွှေ့ပြောင်းသွားလာမှု၊ ယာဉ်မတော်တ ဆမှုကြောင့် သေဆုံးတာ၊ ဒဏ်ရာအနာတရ ဖြစ်တာ အဲဒီလိုသွားလာမှုကိုလုံးဝ မရွေးချယ် ဖို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

သြဂုတ်လ ၁၇ ရက်က တရားမဝင် ဝင်ရောက်တဲ့  မြန်မာနိုင်ငံသား ၃၃ ဦး စီးနင်း လာတဲ့မော်တော်ယာဉ်တစ်စီးဟာ ယာဉ်မတော်တဆဖြစ်ပြီးတော့  မြန်မာနိုင်ငံသား သုံးဦးသေဆုံးကာ ဒဏ်ရာရရှိသူ ငါးဦးအထိရှိခဲ့ပါတယ်။ ယခင်ကလည်း ယာဉ်မတော်တဆ မှုကြောင့်သေဆုံးသူတွေ၊ဒဏ်ရာရသူတွေ အများအပြားရှိခဲ့ပါတယ်။

“မေ ၁၀ ရက်က စလို့  MOU လုပ်သား  စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ခုဆိုရင် တနင်္လာ ကနေ သောကြာနေ့အထိ နေ့စဉ် ၇၀၀ နဲ့ ၈၀၀ အကြား ပို့ဆောင်နေတယ်လို့လည်းကြား သိရ ပါတယ်။ ထိုင်းနိုင်ငံကအလိုရှိနေတဲ့ လုပ်သား တစ်သိန်းခွဲခန့်ကိုအမြန်ဆုံးပြည့်မီအောင်မူဝါဒ ကောင်းရမယ်။ လုပ်ထုံးလုပ်နည်းက လည်း မြန်ဆန်သွက်လက်ရမယ်။ ဒါဆိုရင် အခွန်ထမ်းပြည်သူတွေဖြစ်တဲ့ MOU လုပ်ငန်းတွေအတွက် သက်သာရာရမယ်။ နောက်မမှန် မကန်လုပ်ဆောင်နေတဲ့၊ အလုပ်သမား ဝန်ကြီး ဌာနက သတ်မှတ်ထားတဲ့ ငွေကြေးထက်ပိုမိုကောက်ခံနေတဲ့ အေဂျင်စီတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့လိုတယ်။ ဘာလို့လဲ ဆိုတော့ အခွန်ထမ်းပြည်သူတွေ ဝန်ထုပ်ဝန် ပိုးဖြစ်စေတဲ့ မည်သို့သော လုပ်ရပ်မျိုးမဆို သက်ညှာထောက်ထားစရာမလိုဘူး။ ထိထိရောက်ရောက်အရေးယူဖို့လ်ိုအပ်ပါတယ်။ ကုန်ကျစရိတ်များပြားတာနဲ့ အချိန်ကြံကြာတာတွေက တရားမဝင် အလုပ်ရှာဖို့အတွက် တွန်း အားတစ်ခုဖြစ်နေပါတယ်”လို့လည်း အလုပ် သမားအရေးကူညီဆောင်ရွက်နေသူတစ်ဦး ကဆိုတယ်။

တရားမဝင်နယ်စပ်ဖြတ်ကျော်သွားလာ ခြင်းဆိုတဲ့ မပြီးဆုံးသေးသော လမ်းခရီးရှိနေ သမျှ အလုပ်တစ်ခုရဖို့၊ မိသားစုဝမ်းရေးအ တွက်လုံးပန်းနေသူတွေဟာ အပြောချိုတဲ့ ပွဲစားတွေရဲ့စကား အယုံလွယ်လို့ အရှိုက်ခက်နေကြရဦးမှာ ဖြစ်သလို မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုတွေကြောင့် အသက်ဆုံးရှုံးရသူတွေအများ အပြားရှိနေခြင်းမှာ အလုပ်အကိုင်တစ်ခုရဖို့အ တွက်၊ မိသားစုဝမ်းရေးအတွက် ​​ငွေကုန်ကြေး ကျခံကာ ဘဝကို အသက်နဲ့ အလောင်းအစား ထပ်ပြီး ရုန်းကန်နေကြခြင်းရယ်ပါ။

 

 

 

 

Most Read

Most Recent