ဥပဒေကြောင်းအရ စိန်ခေါ်မှုများကို အကြိမ်ကြိမ်ကျော်လွှားနိုင်ခဲ့သူ (သို့မဟုတ်) ပရာယွတ်ချန်အိုချာ

ဥပဒေကြောင်းအရ စိန်ခေါ်မှုများကို အကြိမ်ကြိမ်ကျော်လွှားနိုင်ခဲ့သူ (သို့မဟုတ်) ပရာယွတ်ချန်အိုချာ
Published 3 October 2022
ဖြိုးဟိန်းကျော်

ဥပဒေကြောင်းအရ စိန်ခေါ်မှုများမှ မထိမရှဘဲ အကြိမ်ကြိမ်လွတ်မြောက်ခဲ့သည့် စစ်တပ်အကြီးအကဲဟောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအနေဖြင့် အတိုက်အခံများက ၎င်းကို ရာထူးမှဖြုတ်ချရန် ကြိုးပမ်းခဲ့သည့် အမှု၌ အနိုင်ရခဲ့ခြင်းသည် ၎င်းအတွက် လောလောလတ်လတ် အောင်ပွဲတစ်ခုဖြစ်သည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး၏ဆုံးဖြတ်ချက်ကြောင့် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအတွင်း အာဏာရလာခဲ့သည့် ၆၈ နှစ်အရွယ် ပရာယွတ်အနေဖြင့် ယခုနှစ်နိုဝင်ဘာလထဲတွင် ဘန်ကောက်မြို့၌ ကျင်းပသွားမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ထိပ်သီးအစည်းအဝေးကို ဦးဆောင်ကျင်းပနိုင်တော့မည်ဖြစ်သည်။  

ထိုင်းနိုင်ငံ၏ ရာထူးသက်တမ်းအကြာဆုံး ဝန်ကြီးချုပ်တစ်ဦးဖြစ်သည့် ပရာယွတ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး သူ၏မူဝါဒလုပ်ငန်းစဉ်များကို အခိုင်အမာ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ကတိပြုပြောဆိုခဲ့သည်။

သို့ရာတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် လအနည်းငယ်သာ လိုတော့ချိန်၌ ပရာယွတ်အပေါ် လူထုထောက်ခံမှုနှုန်းသည် ဆိုးဆိုးရွားရွား ကျဆင်းလျက်ရှိသည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပရာယွတ်အနေဖြင့် ရှစ်နှစ်သာ တာဝန်ထမ်းဆောင်ခွင့်ရှိသည့် ရာထူးသက်တမ်းကန့်သတ်ချက်ကို ကျော်လွန်နေခြင်းရှိမရှိ ဆုံးဖြတ်နေစဉ် အတောအတွင်း ပြီးခဲ့သည့် လထဲတွင် ၎င်းအား ရာထူးမှ ခေတ္တဆိုင်းငံ့ထားခဲ့သည်။

ထိုင်းတွင် ဝန်ကြီးချုပ်တစ်ဦး၏ ရာထူးသက်တမ်းကို ရှစ်နှစ်သာ ထမ်းဆောင်ရန် ကန့်သတ်ထားခြင်းမှာ အများကြိုက်ဝါဒီဘီ လျံနာသူဌေးကြီး သက်ဆင်ရှင်နာဝပ်အား ပစ်မှတ်ထားလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သက်ဆင်သည် ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှု၌ ဖြုတ်ချခံခဲ့ရသော်လည်း ထိုင်းနိုင်ငံ၌ ၎င်း၏နိုင်ငံရေး အရှိန်အဝါသည် ကြီးမားနေဆဲဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင်လည်း သက်ဆင်၏ညီမဖြစ်သူ ယင်လက်ရှင်နာဝပ် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရသည် ဖွဲ့စည်းပုံခုံရုံး၏ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ဖြင့် ထိုင်းစစ်တပ်က အာဏာလွှဲပြောင်းမယူမီ ဖြုတ်ချခြင်းခံခဲ့ရသည်။

ထိုင်းနိုင်ငံ၌ စစ်တပ်အပါအဝင် အစဉ်အလာရှေးရိုးစွဲ အာဏာရအသိုင်းအဝိုင်းက သက်ဆင်၏ လူကြိုက်များမှုသည် ထိုင်းနိုင်ငံ၏ ဘုရင်စနစ်ကိုသာမက ၎င်းတို့၏သြဇာလွှမ်းမိုးမှုကိုပါ ခြိမ်းခြောက်မှု ဖြစ်စေသည်ဟု ရှုမြင်ခဲ့ကြသည်။ ထို့အပြင်ထိုင်းခုံရုံးများသည် အခြေခိုင်နေသည့်အစဉ်အလာကို အခိုင်အမာ ရပ်တည်ကာကွယ်ပေးခဲ့ပြီး သက်ဆင်နှင့် အခြားသောစိန်ခေါ်သူများအပေါ် ဆန့်ကျင်သည့် ဆုံးဖြတ်ချက်များကိုသာ အစဉ်တစိုက် ချမှတ်ခဲ့သည်။

စက်တင်ဘာ ၃၀ ရက်တွင်မူ တရားသူကြီးကိုးဦးပါဝင်သည့် ခုံအဖွဲ့က ပရာယွတ်ကို ထောက်ခံသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည့်တိုင် အဆိုပါဖြစ်ရပ်သည် ၎င်း၏ပုံရိပ်ကို ထိခိုက်ကျဆင်းစေသည်ဟု Naresuan တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် နာပီဆာဝိုင်တူကီယက်က ဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပရာယွတ်ကို ဝန်ကြီးချုပ်ရာထူးကနေ အလုံးစုံဆိုင်းငံ့ခဲ့တာဟာ သူ့အတွက် အရှက်ရစရာဖြစ်စေခဲ့ပါတယ်” ဟု ၎င်းက ခုံရုံးက ဆုံးဖြတ်ချက်မချမီတွင် AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် ပရာယွတ်အနေဖြင့် သူ၏ရာထူးသက်တမ်းအတွင်း ရင်ဆိုင်ခဲ့ရသည့် ဥပဒေကြောင်းအရ စိန်ခေါ်မှုများစွာထဲမှ လတ်တလော အမှုအခင်းတစ်ခုလည်း ဖြစ်သည်။

ပရာယွတ်သည် စစ်တပ်အကြီးအကဲအဖြစ်မှ နုတ်ထွက်ခဲ့သည့်တိုင် စစ်တပ်မှ ပေးသည့် နေအိမ်အား အသုံးပြုနေခြင်းနှင့်ပတ်သက်၍ ၂၀၂၀ ခုနှစ်နှောင်းပိုင်းတွင် အမှုရင်ဆိုင်ခဲ့ရစဉ်ကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ပရာယွတ်ကို အနိုင်ပေးခဲ့သည်။

၂၀၁၉ ခုနှစ်ကလည်း ပရာယွတ်အနေဖြင့် ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်စဉ် စာသားအချို့ကို ချန်လှပ်ခဲ့ခြင်းနှင့်ပတ်သက်သည့် ဥပဒေကြောင်းအရ စိန်ခေါ်မှုတစ်ခုကိုလည်း အဆိုပါခုံရုံးက အဆုံးအဖြတ်ပေးရန် ငြင်းဆန်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ပရာယွတ်သည် ဥပဒေကြောင်းအရ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်က ၎င်းကိုရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြသည့် လူငယ်ထုဦးဆောင်သော ဒီမိုကရေစီလိုလားသည့် လှုပ်ရှားမှုများ မြို့တော်ဘန်ကောက်၌ ဖြစ်ပွားခဲ့သော်လည်း ၎င်း၏ရာထူးကို မယိမ်းမယိုင် ဆက်လက်ထိန်းထားနိုင်ခဲ့သည်။ အဆိုပါဆန္ဒပြပွဲများသည် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဘန်ကောက်တွင် ဖြစ်ပွားခဲ့သည့် အကြီးမားဆုံးဆန္ဒပြပွဲများဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အမျိုးသားသိပ္ပံက ထိုင်းပြည်သူ ၂၅၀၀ ခန့်ကို မကြာသေးမီက ကောက်ယူခဲ့သည့် သဘောထားစစ်တမ်းရလဒ်သည် ပရာယွတ်အတွက် အားရဖွယ်မကောင်းခဲ့ဘဲ လူထုကြိုက်နှစ်သက်သည့် ဝန်ကြီးချုပ်လောင်းစာရင်း၌ သူသည် စတုတ္ထနေရာ၌သာရှိခဲ့ပြီး ထောက်ခံသူ ၁၀.၅ ရာခိုင်နှုန်းသာရှိခဲ့သည်။ ထို့အပြင် သူ၏ ပါလန်ပရာချရတ်ပါတီသည်လည်း ထောက်ခံမဲ ၅.၅ ရာခိုင်နှုန်းခန့် ရရှိနိုင်ရန်အတွက်ပင် ရုန်းကန်နေရသည်။

ပရာယွတ်သည် ၎င်း၏အာဏာရပါတီအတွင်း၌ပင် သဘောထားကွဲလွဲမှုများ၊ ဘက်ပြောင်းမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ယမန်နှစ်ကလည်း ၎င်းအား အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက ရာထူးမှဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှုမှ လွတ်မြောက်ခဲ့သည်။

ပရာယွတ်ကို ၁၉၅၄ ခုနှစ် မတ်လ ၂၁ ရက်က ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်ရတ်ချာဆီမာခရိုင်တွင် စစ်တပ်မိသားစုတစ်စုမှ မွေးဖွားခဲ့သည်။ သူသည် စစ်တက္ကသိုလ်တက်ရောက်ပြီးနောက် ၁၉၈၀ ခုနှစ်၌ ထိုင်းနိုင်ငံ၏ ဂုဏ်သတင်းကြီးသော Queen’s Guards အထူးတပ်ဖွဲ့၏ တပ်မှူးဖြစ်လာခဲ့သည်။

သူသည် ၁၉၈၄ ခုနှစ်တွင် တက္ကသိုလ်မှ ဆရာမတစ်ဦးဖြစ်သူ နရာပွန်နှင့် လက်ထပ်ခဲ့ပြီး အမြွှာသမီးလေး နှစ်ဦးဖြစ်သည့် နိထာနှင့် တန်ယာတို့ကို မွေးဖွားခဲ့သည်။

၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအတွင်း ဖြုတ်ချခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အပေါ် ထောက်ခံသူအများစု ပါဝင်သည့် ၂၀၁၀ ခုနှစ် ရှပ်နီဆန္ဒပြမှုများကို နှိမ်နှင်းရန် ထိုင်းစစ်တပ်က ဆုံးဖြတ်ခဲ့မှုတွင် ပရာယွတ်လည်း ပါဝင်ပတ်သက်ခဲ့ပြီး ထိုဆန္ဒပြမှုများအတွင်း လူ ၉၀ ဦး သေဆုံးခဲ့သည်။ 

ထို့နောက် လေးနှစ်အကြာတွင် သက်ဆင်၏ညီမဖြစ်သူ ယင်လက်ရှင်နာဝပ်၏ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံထားရသော အစိုးရကို ဖြုတ်ချခဲ့သည့် စစ်တပ်အာဏာသိမ်းမှုကိုလည်း ပရာယွတ်က ဦးဆောင်ခဲ့သည်။ ယင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၉၀ အတွင်း ထိုင်းနိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ကိုင်လှုပ်ခဲ့သည့် အာဏာသိမ်းမှုဖြစ်စဉ် တစ်ဒါဇင်ကျော်ထဲမှ နောက်ဆုံးဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုလည်း ဖြစ်သည်။

ပရာယွတ်သည် စစ်အုပ်ချုပ်ရေးအမိန့်ပြဋ္ဌာန်းကာ စစ်တပ်အစိုးရကို ငါးနှစ်ကြာဦးဆောင်ခဲ့ပြီးနောက် အငြင်းပွားဖွယ် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲအပြီးတွင်လည်း အာဏာကို ဆက်လက်ဆုပ်ကိုင်ထားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း သူသည် ကဗျာနှင့် သီချင်းရေးသားခြင်းတို့ဖြင့် ပိုမိုပျော့ပျောင်းသည့် သဘောထားကို အခါအားလျော်စွာ ထုတ်ဖော်ပြသခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ပရာယွတ်က “Diamond Heart” ဟုအမည်ရသော ချစ်သူများနေ့အထိမ်းအမှတ် အချစ်သီချင်းတစ်ပုဒ်ကို ဖြန့်ချိခဲ့ပြီး သီချင်းစာသားများထဲတွင် “မင်းရဲ့အပြုံးက င့ါရဲ့ပျော်ရွှင်မှုဆိုတာကို သိရဲ့လား” “ဘယ်လောက်ပဲ ခက်ခဲပင်ပန်းနေပါစေ တွဲလက်တွေကို မဖြုတ်ကြေး” ဟူသော စာသားများ ပါဝင်သည်ဟု သိရသည်။

သို့ရာတွင် ပရာယွတ်သည် ရံဖန်ရံခါတွင် သတင်းထောက်များအပေါ် ရိုင်းပျသည့် အပြုအမူများကို လုပ်ဆောင်တတ်သည်။

ယမန်နှစ်က ပရာယွတ်သည် သတင်းထောက်များကို လက်သန့်စင်ဆေးရည်ဖြင့်ဖျန်းခဲ့ပြီး ၂၀၁၈ ခုနှစ်ကလည်း ဖြေရခက်သော မေးခွန်းများကို ရှောင်လွှဲသည့်အနေဖြင့် ၎င်းကိုယ်စား ၎င်း၏ပုံတူကတ်ထူစက္ကူရုပ်ကို ထားခဲ့သည့် အပြုအမူများကိုလည်း ပြုလုပ်ခဲ့ဖူးသည်။

လက်ရှိတွင် ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ထမ်းဆောင်ခွင့်ရခဲ့ပြီဖြစ်သည့် ပရာယွတ်သည် နိုဝင်ဘာလထဲတွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အေပက်ထိပ်သီးအစည်းအဝေး၌ ကမ္ဘာ့ခေါင်းဆောင်များကို တရင်းတနှီးဧည့်ခံကြိုဆိုနိုင်မည်ဖြစ်သည်။

“သူက အဲဒီအခိုက်အတန့်ကို မျှော်လင့်စောင့်စားနေတာလို့ ထင်ပါတယ်။ ထိုင်းနိုင်ငံက ဘယ်လောက်ကြီးကျယ် ခမ်းနားတယ်၊ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ရတာက ဘယ်လောက်ကြီးကျယ်တယ်၊ သူ့ရဲ့အစိုးရက ဘယ်လောက်အထိ ပြောင်မြောက်စွာ စွမ်းဆောင်နေတယ်ဆိုတာကို ပြသချင်နေတာဖြစ်တယ်” ဟု နာပီဆာက ဆိုသည်။

သို့ရာတွင် တိုင်းပြည်စီးပွားရေး ယိမ်းယိုင်နေကာ မဲဆန္ဒရှင်ပြည်သူများအကြား မကျေနပ်ချက်များ မြင့်တက်လျက်ရှိစဉ် ထိုင်းတွင် ကျင်းပသွားမည့် အေပက်ထိပ်သီးအစည်းအဝေးသည် ဥပဒေကြောင်းဆိုင်ရာ စိန်ခေါ်မှုများမှ အကြိမ်ကြိမ်လွတ်မြောက်ခဲ့သည့် ပရာယွတ်အတွက် နောက်ဆုံးထိပ်သီးအစည်းအဝေး ဖြစ်လာမည်လားဆိုသည်ကို စောင့်ကြည့်မှုများ ရှိနေဆဲဖြစ်သည်။

Ref:AFP,AP

Most Read

Most Recent