တရုတ်-ဂျပန်ဆက်ဆံရေးကို တင်းမာစေသည့် နောက်ကွယ်မှ အကြောင်းတရားများ

တရုတ်-ဂျပန်ဆက်ဆံရေးကို တင်းမာစေသည့် နောက်ကွယ်မှ အကြောင်းတရားများ
Photo: AP
Photo: AP
Published 30 September 2022
ရာဇ

စက်တင်ဘာ ၂၉ ရက်နေ့သည့် ဂျပန်နှင့်တရုတ် ဆက်ဆံရေးပုံမှန်ပြန်လည်ထူထောင်သည့် ၁၉၇၂ ခုနှစ်မှတွက်လျှင် အနှစ် ၅၀ ပြည့်သည့် နှစ်ပတ်လည်နေ့ဖြစ်သည်။

သို့သော်လည်း ယင်းနှစ်ပတ်လည်သည် နှစ်နိုင်ငံစလုံးအတွက် ထူးကဲသည့် အောင်ပွဲတစ်ခုဟု အတိအကျပြောနိုင်မည်မဟုတ်ပေ။

အာရှ၏ စီးပွားရေးအင်အားအကြီးဆုံး ယင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်မှုသည် ဒေသတွင်းတည်ငြိမ်ရေးနှင့် ချမ်းသာကြွယ်ဝရေးတို့အတွက် အဓိကကျနေသော်လည်း ဂျပန်နှင့် တရုတ်သည် အရှေ့တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုများပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး အငြင်းပွားနေဆဲဖြစ်ကာ ဒေသတွင်း တရုတ်၏ကြီးမားလာသည့် စစ်အင်အားနှင့် စီးပွားရေးအင်အားအပေါ် ဂျပန်က စိုးရိမ်နေသည်။

ထို့ကြောင့် အိမ်နီးချင်းများဖြစ်သည့် ဂျပန်နှင့်တရုတ်အကြား ဆက်ဆံရေးများတင်းမာစေရသည့် နောက်ကွယ်မှ အကြောင်းတရားများကို ဆင်ခြင်သုံးသပ်ကြည့်မည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။

 

နယ်နိမိတ် အငြင်းပွားမှု

ဆက်ဆံရေး တင်းမာမှုများဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းတစ်ခုမှာ ဂျပန်ကထိန်းချုပ်ထားပြီး တရုတ်က သူ့အပိုင်ဟု ကြေညာထားသည့် တောင်တရုတ်ပင်လယ် အတွင်းရှိ လူမနေသည့် ကျွန်းစုများကြောင့်ဖြစ်သည်။  ယင်းကျွန်းစုများကို ဂျပန်က ဆန်ကာကူဟုခေါ်ပြီး တရုတ်က ကျောက်ယွီဟု ခေါ်သည်။

တစ်ချိန်က ဂျပန်ပင်လယ်စာစက်ရုံတစ်ရုံဖွင့်လှစ်ခဲ့ဖူးသည့် ယင်းကျွန်းကို သမိုင်းကြောင်းအရရော နိုင်ငံတကာဥပဒေအရပါ ပိုင်ဆိုင်သည်ဟု ဂျပန်က ကြေညာခဲ့သည်။

တရုတ်ကလည်း ယင်းကျွန်းစုသည် ၁၉၈၅ ခုနှစ်က ဂျပန်၏ ခိုးယူမှုကို ခံခဲ့ရခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီးတွင် ပြန်လည်ပေးအပ်သင့်သည်ဟု ပြောကြားခဲ့သည်။

ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ယင်းကျွန်းစုအနီးပတ်ပတ်လည်တွင် ငါးများနှင့် ပင်လယ်ရေအောက် ရေနံသိုက်များ ပေါ ကြွယ်ဝစွာတည်ရှိနေပြီး ၁၉၆၉ ခုနှစ်က ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်မှုတစ်ခုတွင် ယင်းရေအောက်သယံဇာတများကို တွေ့ရှိကြောင်း ဖော်ပြခဲ့ပြီးနောက်ပိုင်း တရုတ်နယ်မြေ ပိုင်ဆိုင်မှုများကို ရုတ်တရက်ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဂျပန်က စွပ်စွဲခဲ့သည်။

၁၉၇၂ ခုနှစ် ဆက်ဆံရေးပုံမှန်ပြန်လည် ထူထောင်မှု ကြေညာချက်သည် ယင်းပြဿနာကို ဖြေရှင်းနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၁၂ ခုနှစ်က ဂျပန်အစိုးရသည် ဆန်ကာကူကျွန်းစုကို  နိုင်ငံပိုင်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် အငြင်းပွားမှုများပိုမိုပြင်းထန်လာခဲ့ကာ တရုတ်နိုင်ငံအနှံ့တွင် ဆူပူအုံကြွသည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ငါးဖမ်းလှေများကို ယင်းဒေသအနီးတွင် မကြာခဏ တွေ့မြင်ခဲ့ရပြီး ဂျပန်ရေပြင်များကို ချိုးဖောက်ဝင်ရောက်ခဲ့ကြသည်။

 

ထိုင်ဝမ်အရေး

ဂျပန်သည် ၎င်း၏လုံခြုံရေးမဟာမိတ် အမေရိကန်နှင့်အတူ တောင်တရုတ်ပင်လယ်တွင် မြင့်တက်နေသည့် တရုတ်၏လှုပ်ရှားမှု များကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည်။

ဂျပန်အစိုးရက ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့သည်။ တရုတ်ကမူ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို

၎င်းပိုင်ဆိုင်သည့် နယ်မြေတစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူသွားမည်ဟု ပြောကြားခဲ့သည်။

ယင်းဒေသတွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲနှင့် ရေတပ်တင်းမာမှုများ မြင့်တက်နေမှုနှင့်အတူ ထိုင်ဝမ်၏ အရေးပေါ် အခြေအနေများနှင့်ပတ်သက်ပြီး ဂျပန်၏ စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ တရုတ်သည် ဂျပန်ကမ်းရိုးတန်းများနှင့် နီးကပ်သည့်နေ ရာများတွင် ရုရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင့် မှုများ တိုးမြှင့်ပြုလုပ်ခဲ့ပြီး  ယင်းစစ်ရေးလေ့ကျင့်မှုများက ဂျပန်ကို ဒေါသထွက်စေခဲ့သည်။

ထို့ကြောင့် ဂျပန်သည် အိုကီနာဝါနှင့် ထိုင်ဝမ်အရှေ့ပိုင်းအနီးရှိ ဝေးလံခေါင်သီသည့် ကျွန်းများအပါအဝင် အနောက်တောင်ပိုင်းဒေသရှိ ၎င်း၏ စစ်ရေးအခင်းအကျင်းကို

ပြောင်းလဲလာခဲ့သည်။ သြဂုတ်လက ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ လာရောက်ခဲ့သည့်ခရီးစဉ်ကို ဒေါသထွက်ခဲ့သည့် တရုတ်သည် ထိုင်ဝမ်ကျွန်းပတ်ပတ်လည်တွင် အကြီးစားစစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။  ယင်းစစ်ရေးလေ့ကျင့်မှုများအတွင်း တရုတ်က ပစ်လွှတ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည်ငါးစင်းသည် ဂျပန်၏ အိုကီနာဝါကျွန်းအနီးရှိ ရေပြင်များအတွင်း ကျရောက်ခဲ့သည်။

ယင်းအခြေအနေများကြောင့် ဂျပန်သည် ၎င်း၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာကို ပြန်လည်သုံးသပ်နေသည်။ ယင်းမဟာဗျူဟာအရ ဂျပန်သည် ကြိုတင်လက်ဦးမှုရယူပြီး တိုက်ခိုက်နိုင်စွမ်းများကို ပိုင်ဆိုင်ရေးအတွက် လုပ်ဆောင်ဖွယ်ရှိနေသည်။ ဂျပန်၏ ပြိုင်ဘက်များကမူ ယင်းသို့ လုပ်ဆောင်မှုသည် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်၏ စစ်ရေးလှုပ်ရှားမှုကို ကန့်သတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်နိုင်သည်ဟု ပြောကြားခဲ့ကြသည်။

ဂျပန်၏ အနောက်ဖျားကျွန်းသည် ထိုင်ဝမ်၏ အရှေ့ပိုင်းတွင် တည်ရှိနေမှုနှင့်အတူ ထိုင်ဝမ်၏ စစ်ဘက်ဆိုင်ရာ အရေးပေါ်အခြေအနေသည် ဂျပန်ပိုင်နယ်မြေများ၏အနီးဝန်းကျင်ရှိ လေပိုင်နက်များနှင့် ရေပိုင်နက်များအပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိနိုင်မည်ဆိုသည့်အချက်ကို ထင်ကြေးပေးရန် အလွန်ခက်ခဲနေသည်ဟု International Crisis Group မှ တရုတ်အရေးကျွမ်းကျင်သူ အာမန်ဒါရှောင်က ပြောကြားခဲ့သည်။

စစ်ပွဲကာလ သမိုင်းကြောင်း

ဂျပန်နှင့်တရုတ်သည် ၁၉၃၀ ပြည့်နှစ်မှစပြီး ဒုတိယကမ္ဘာစစ်အပြီး ဂျပန်တို့စစ်ရှုံးသည့် ၁၉၄၅ ခုနှစ်အထိ စစ်ပွဲများဖြစ်ပွားခဲ့ဖူးသည်။ ဂျပန်-တရုတ်စစ်ပွဲအတွင်း နန်ကင်း

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ဓာတုလက်နက်နှင့် ဇီဝလက်နက်များ အသုံးပြုမှု၊ ဂျပန် ဧကရာဇ်တပ်မတော်၏ လျှို့ဝှက်ဇီဝလက်နက်တပ်ဖွဲ့တည်ရှိခဲ့သည့် မန်ချူရီယာတွင် လူသားများကို ဆေးပညာစမ်းသပ်မှုများအပါအဝင် ဂျပန်တို့၏ ရက်စက်ကြမ်းကြုတ်မှုများ ရှိခဲ့သည်။

ဂျပန်သည် တရုတ်အလုပ်သမား ၄၀,၀၀၀ နီးပါးကို ဂျပန်၏ သတ္တုတွင်းများ စက်ရုံများတွင် အတင်းအဓမ္မအလုပ်စေခိုင်းခဲ့ပြီး ယင်းတရုတ်အလုပ်သမားအများစုမှာ အာဟာရပြတ်လပ်မှုနှင့် နှိပ်စက်ခံရမှုတို့ကြောင့် သေဆုံးခဲ့သည်။

၁၉၇၂ ကြေညာချက်အရ တရုတ်သည် ဂျပန်ထံမှ စစ်လျော်ကြေးကို လျှော့ပေါ့ တောင်းခံခွင့်ရှိပြီး အပြန်အလှန်အနေဖြင့် ဂျပန်၏တောင်းပန်မှုနှင့် တရုတ်ကို တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှုကို ရယူခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဆယ် စုနှစ်လေးစုအတွင်း ဂျပန်သည် တရုတ်ကို တရားဝင်ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအဖြစ် ဒေါ်လာ ၂၅ ဘီလျံ ထောက်ပံ့ပေးခဲ့ရသည်။

 

ယာဆူကူနီ ဂူဗိမ္မာန်

စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများ အပါအဝင် စစ်ပွဲအတွင်း သေဆုံးသွားသူများကို ဂုဏ်ပြုတည်ဆောက်ထားသည့် ဂျပန်၏ ယာဆုကူနီ ဂူဗိမ္မာန်သည် စစ်ပွဲကာလအတွင်း ဂျပန်တို့၏ စစ်အာဏာသုံးဝါဒ၏ လက္ခဏာတစ်ရပ်အဖြစ် တရုတ်က ရှုမြင်ထားသည်။ ယင်းဂူဗိမ္မာန်သို့ ဂျပန်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော်အမတ်များ သွားရောက် ဂါရဝပြုမှုသည် စစ်ပွဲကာလအတွင်းက ဂျပန်တို့၏ ရက်စက်မှုများအတွက် နောင်တမရသည့် လုပ်ရပ်ဟု တရုတ်က ရှုမြင်ထားသည်။

ယင်းဂူဗိမ္မာန်ကို ဂျပန်ထိပ်သီးအစိုးရအဖွဲ့ဝင်များသွားရောက်မှုနှင့်ပတ်သက်ပြီး ၁၉၁၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်၏ကိုလိုနီပြုခံခဲ့ရသည့် တောင်ကိုရီးယားနှင့်အတူ တရုတ်သည် ပုံမှန်ဆန့်ကျင်ကန့်ကွက်လေ့ရှိသည်။

 

စီးပွားရေးလုံခြုံမှု

အမေရိကန်၏ ထိပ်သီးမဟာမိတ်ဖြစ်ပြီး တရုတ်နှင့် အဓိကကုန်သွယ်ဖက်ဖြစ်သည့် ဂျပန်သည် စူပါပါ၀ါနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်အကြား ၎င်း၏ ရပ်တည်ချက်ကို ဟန်ချက်ညီစွာ ထိန်းနိုင်ရန် အရေးကြီးနေသည်။

တရုတ်အစိုးရသည် ဒေသတွင်း ပြည့်စုံကျယ်ပြန့်သည့် စီးပွားရေး မိတ်ဖက်ဆက်ဆံမှုအဖွဲ့အပါအဝင် ၎င်းတို့ ဦးဆောင်သည့် အဖွဲ့အစည်းများနှင့်စီမံကိန်းများကို ပါဝင်ရန် အခြားအစိုးရများကို ဖိအားပေးမှုမှာ ပိုမိုမြင့်တက်ခဲ့သည်။

ဂျပန်ကမူ အမေရိကန်နှင့်အတူ ဒေသတွင်း တရုတ်၏ မြင့်တက်နေသည့် စီးပွားရေးလွှမ်းမိုးမှုကို ရင်ဆိုင်နိုင်ရန် နည်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည်။ ထို့ပြင် ဂျပန်သည် တရုတ်ကို တန်ပြန်ရန် ထောက်ပံ့ရေးကွင်းဆက်များနှင့် ထိလွယ်ရှလွယ်သည့် နည်းပညာများကို အကာအကွယ်ပေးရေးကဲ့သို့ နယ်ပယ်များတွင် အခြားဒီမိုကရေစီနိုင်ငံများနှင့်အတူ စီးပွားရေးလုံခြုံမှုကို တောင့်တင်းခိုင်မာအောင် လုပ်ဆောင်ရန် ဆန္ဒရှိနေသည်။

တရုတ်နှင့် ဆက်ဆံရေးကောင်းမွန်မှုကို ထောက်ခံအားပေးသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ယာဆူအို ဖူကူဒါကမူ ဂျပန်-တရုတ် ဆက်ဆံရေးတင်းမာမှုသည် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲမှ အရင်းခံခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“တရုတ်ကို ဖယ်ထုတ်လိုက်လို့ရော ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေက ပိုကောင်းသွားမှာလားဆိုတာ မေးစရာပါပဲ”ဟု ဖူကူဒါ က ပြောကြားခဲ့သည်။

Ref: AP

Most Read

Most Recent