လုပ်ကြံခံခဲ့ရသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်စျာပနအခမ်းအနား ကျင်းပ

လုပ်ကြံခံခဲ့ရသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်စျာပနအခမ်းအနား ကျင်းပ
စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်စျာပန အခမ်းအနား မြင်ကွင်းတစ်ခုကို တွေ့ရစဉ် (Photo-AP)
စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်စျာပန အခမ်းအနား မြင်ကွင်းတစ်ခုကို တွေ့ရစဉ် (Photo-AP)
Published 27 September 2022
Ref:AFP

လုပ်ကြံခံခဲ့ရသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ အငြင်းပွားဖွယ် နိုင်ငံတော်စျာပနအခမ်းအနားကို စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များ တက်ရောက်ဂါရဝပြုခဲ့ကာ ပန်းစည်းချခြင်းနှင့် ဆုတောင်းမေတ္တာပို့သရန်အတွက် လူတန်းရှည်ကြီးများဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။

အာဘေး၏ အရိုးပြာကို ၎င်း၏ဇနီးဖြစ်သူ အာခိအဲက တိုကျိုမြို့ရှိ ဘူဒိုကန်ခန်းမဆီသို့ သယ်ဆောင်လာခဲ့ပြီး ၎င်းကိုအောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် အမြောက် ၁၉ ချက် ပစ်ဖောက်ခဲ့သည်။

လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ဖုမိအိုကီရှီဒါက အာဘေးကို သတ္တိပြောင်မြောက်သည့်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ညွှန်းဆိုခဲ့ပြီး ဂျပန်နိုင်ငံ၏ သံတမန်ဆက်ဆံရေး ခိုင်မာအားကောင်းစေရန် ကြိုးပမ်းဆောင်ရွက်မှုများအပါအဝင် အာဘေး၏စွမ်းဆောင်မှုများကို ထုတ်ဖော်ချီးကျူးဂုဏ်ပြုခဲ့သည်။

“ကျွန်တော် အလွန်ဝမ်းနည်းပူဆွေးမိပါတယ်” ဟုလည်း ကီရှီဒါက အာဘေး၏အရိုးပြာ၊ ၎င်းရရှိခဲ့သည့် ဆုတံဆိပ်များနှင့် ဂျပန်နိုင်ငံအလံတို့ကို ခင်းကျင်းပြသထားသည့် ခမ်းနားသော ပန်းပွင့်ပုံစံ ဒီဇိုင်းဖော်ထားသည့် စင်မြင့်ထက်တွင် ချိတ်ဆွဲထားသော အာဘေး၏ ဓာတ်ပုံကိုမျက်နှာမူလျက် ပြောကြားခဲ့သည်။

အာဘေးသည် ဝန်ကြီးချုပ်အဖြစ် သက်တမ်းနှစ်ဆက် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဂျပန်၏ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်ဖြစ်သည်။ ၎င်းသည် ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၀ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ရှင်ဇိုအာဘေးသည် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)တွင် သြဇာ ညောင်းသူအဖြစ် ရှိနေဆဲဖြစ်သည်။ နိုင်ငံတကာ မဟာမိတ်အဖွဲ့အစည်းများ ပေါ်ပေါက်ရေးအတွက် ဆော်သြစည်းရုံးမှုများနှင့် ၎င်း၏အာဘေးနောမစ် စီးပွားရေးမဟာဗျူဟာတို့ကြောင့်လည်း အာဘေးသည် ဂျပန်နိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေးခေါင်းဆောင်များထဲမှတစ်ဦး ဖြစ်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း အာဘေးသည် ဇူလိုင် ၈ ရက်က နိုင်ငံအနောက်ပိုင်း နာရာမြို့တွင် မဲဆွယ်စည်းရုံးနေစဉ် တစ်ကိုယ်တော် သေနတ်သမားတစ်ဦးက လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ၎င်းကို လုပ်ကြံသတ်ဖြတ်ခဲ့သူဟု ယူဆရသည့် ယာမာဂါမီအမည်ရအမျိုးသားကို အခင်းဖြစ်သည့်နေရာ၌ပင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ အာဘေးသည် သူအာဃာတရှိနေသည့် Unification Church ဟု အမည်ရသော ဘာသာရေးအသင်းအဖွဲ့တစ်ခုနှင့် ဆက်နွှယ်နေသည်ဟု ယူဆသည့်အတွက် ယင်းကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။

ဂျပန်တွင် စစ်ပြီးခေတ်နောက်ပိုင်း ဝန်ကြီးချုပ်ဟောင်းတစ်ဦးအတွက် နိုင်ငံတော်စျာပနအခမ်းအနား ပြုလုပ်ပေးခဲ့ခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကာ ယင်းဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့ပြီး ဂျပန်ပြည်သူ ၆၀ ရာခိုင်နှုန်းခန့်က ၎င်းဆုံးဖြတ်ချက်ကို မလိုလားကြောင်း လူထုသဘောထားစစ်တမ်းများအရ သိရသည်။

ဘူဒိုကန်ခန်းမတွင် ပြုလုပ်ခဲ့သည့် အာဘေး၏ စျာပနအခမ်းအနားသို့ အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်စ်အပြင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ၊ သြစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘနိစ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါခန်းမအပြင်ဘက်တွင်လည်း ပန်းစည်းချရန်နှင့် ဆုတောင်းမေတ္တာပို့သရန် လူထောင်နှင့်ချီကာ တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်ဟု သိရသည်။

“ကျွန်တော် သူ့ကိုကျေးဇူးတင်ပါတယ်။ သူဟာ တိုင်းပြည်အကျိုးအတွက် များစွာသယ်ပိုးခဲ့သူဖြစ်ပါတယ်” ဟု ဟော့ကိုင်းဒိုးမှ လာရောက်ခဲ့သည့် ကိုဂျိတာကာမိုရိဆိုသူက AFP သို့ ပြောကြားခဲ့သည်။       

 

Most Read

Most Recent