ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ကျန်းမာရေးကြောင့် ပါတီတာဝန်များ ဆောင်ရွက်ရန် ပါတီခေတ္တဥက္ကဋ္ဌအဖြစ် ဒုတိယဥက္ကဋ္ဌ(၂)ဦးခင်ရီအား လွှဲပြောင်းပေးအပ်

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ကျန်းမာရေးကြောင့် ပါတီတာဝန်များ ဆောင်ရွက်ရန် ပါတီခေတ္တဥက္ကဋ္ဌအဖြစ် ဒုတိယဥက္ကဋ္ဌ(၂)ဦးခင်ရီအား လွှဲပြောင်းပေးအပ်
Published 22 September 2022

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းဌေး ကျန်းမာရေးအခြေအနေကြောင့် ပါတီလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပါတီ ဒုတိယဥက္ကဋ္ဌ(၂)ဖြစ်သူ ဦးခင်ရီအား ခေတ္တ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးလွှဲပြောင်း ပေးအပ်ထားကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။

 “ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီး ဦးသန်းဌေးက ပြီးခဲ့တဲ့လက သူ ခါးအရိုး ခွဲစိတ်မှု ခံယူလိုက်ရ တယ်။ ဆိုတဲ့အခါကျတော့ ကျန်းမာရေးအရကတော့ ကောင်းတယ်၊ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ခါးခွဲထား တာဖြစ်တဲ့အတွက်တော့ အကြာကြီး ထိုင်တာတို့၊ ရပ်တာတို့တော့ အခက်အခဲရှိတာပေါ့။ ဆိုတဲ့အခါကျ တော့ ကျွန်တော်တို့ ပါတီကလည်း ရှေ့လထဲမှာ ပါတီရဲ့ အဆင့်မြင့်ဆုံး ညီလာခံတစ်ရပ် ကျင်းပဖို့ ရှိတယ်။ ဒီကာလတွေမှာ အရေးကြီးတာဝန်တွေ ဆောင်ရွက်ဖို့၊ ဆုံးဖြတ်ဖို့တွေ ရှိတဲ့အခါကျတော့ ဥက္ကဋ္ဌကြီးက အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်ဖို့ အခက်အခဲရှိတဲ့အတွက် ပါတီရဲ့ စည်းမျဉ်းအရ ဒုဥက္ကဋ္ဌ ဦးခင်ရီ ကို ခေတ္တ ဥက္ကဋ္ဌ အဖြစ် တာဝန်လွှဲပြောင်းပေးထားတာ ဖြစ်တယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

အထက်ပါကဲ့သို့ ပါတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီအား ခေတ္တ ဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်း ပေးအပ်ထား ခြင်းသည် အောက်တိုဘာ လဆန်းပိုင်းတွင် ပါတီ၏ အဆင့်မြင့်ဆုံးသော ညီလာ ကျင်းပမည် ဖြစ်သောကြောင့် ပါတီလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာနန္ဒလှမြင့်က “ အဲတာကတော့ ပါတီတွင်းမှာ လုပ်ရိုးလုပ်စဉ်ပါပဲ။ ပါတီ ဥက္ကဋ္ဌကြီး ကျန်းမာရေး မကောင်းလို့ပဲ ဖြစ်ဖြစ်၊ ခရီးသွားရင်ပဲ ဖြစ်ဖြစ်၊ ဒုဥက္ကဋ္ဌ တစ်ယောက်ယောက်ကို ခေတ္တ ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်လို့ရတယ်။ ဒါ ပါတီရဲ့ စည်းမျဉ်းပေါ့။ အဲအတိုင်းပဲ ဆောင်ရွက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ညီလာခံ ကျင်းပခါနီး ဖြစ်တော့ အရေးကြီးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ပါတီဥက္ကဋ္ဌကြီးက ဦးခင်ရီ ကို ခေတ္တဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းပေးထားတာပါ” ဟု ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေးအနေဖြင့် ပါတီ တာဝန်များ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီအား ခေတ္တ ဥက္ကဋ္ဌအဖြစ် တာဝန် လွှဲအပ်ပေးခဲ့သော်လည်း အရေးကြီးကိစ္စများ ရှိလာပါ က ခေတ္တ ဥက္ကဋ္ဌဖြစ်သူနှင့် တိုင်ပင်ဆွေးနွေးရန်အတွက် ပါတီရုံးသို့ တက်ရောက်ခြင်းများလည်း ရှိကြောင်း သိရသည်။

ထို့ပြင် ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ နှုတ်ထွက်စာ တင်ထားသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ ကောလာဟလဖြစ်ပြီး ပါတီညီလာခံရောက်ရှိချိန်မှသာ ပုံမှန်အတိုင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ဖွဲ့စည်းရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တစ်ဖွဲ့လုံး နှုတ်ထွက်ရကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။ 

ဒေါက်တာနန္ဒာလှမြင့်က“အားလုံး နှုတ်ထွက်ရမယ်။ အဲဒီ နှုတ်ထွက်ပြီးတော့မှ ညီလာခံကနေပြီးတော့မှ နောက်သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အသစ်ကို ရွေးချယ်တာဝန်ပေးအပ်လိမ့်မယ်။ အဲဒီ အခါကျ ရင် အဟောင်းတွေထဲကလည်း ပြန်ပါလာတာတွေ ရှိမယ်၊ အသစ်တွေ ပါလာတာလည်း ရှိမယ်။ နားသွား တာတွေလည်း ရှိမယ်။ ဆိုတော့ အခုအချိန်မှာ ဘာမှပြောလို့မရဘူး။ အဲ့ဒီ ညီလာခံ ပြီးမှပဲ ဘယ်သူတွေ ဘယ်သူတွေ နားတယ်၊ ဘယ်သူတွေ ပါလာတယ်ဆိုတာ၊ ခေါင်းဆောင်တွေ ဘယ်သူတွေ ဖြစ်တယ်ဆိုတာ ပြောလို့ရမှာပါ” ဟု ပြောကြားသည်။

ငါးနှစ်တစ်ကြိမ် ကျင်းပသည့် ပါတီ ဗဟိုညီလာခံအား လာမည့် အောက်တိုဘာလ ပထမပတ်အတွင်း ကျင်းပရန်လျာထားပြီး အဆိုပါ ညီလာခံတွင် ပါတီ ဥက္ကဋ္ဌ တာဝန် အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအား ပြန်လည် ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူ အချို့၏ ပြောကြားမှု အရ သိရသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်င်းအစည်းအဝေး (၅/၂၀၂၂)ကို ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေး အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ သတင်းထုတ်ပြန်ထားမှုအရ သိရသည်။

ယင်းအစည်းအဝေးတွင် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် ပါတီအဆင့်ဆင့်ကော်မတီ ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများ ဆန်းစစ်သုံးသပ်ရေးကော်မတီက ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများက အကြံပြုဖြည့်စွက်ခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌဌ ဦးသန်းဌေး အပါအဝင် ဒုတိယဥက္ကဋ္ဌဌများ၊ ပါတီအထွေထွေအတွင်းရေးမှူး၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ပြည်ခိုင်ဖြိုးပါတီ ခေတ္တဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်မည့် ဦးခင်ရီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို စတင် တာဝန်ယူစဉ်မှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၁၉ ရက်တွင် ၎င်းအား နစကက တာဝန်မှအနားယူခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ပါတီသို့ ပြန်လည် ရောက်ရှိလာပြီး ယခုကဲ့သို့ ခေတ္တဥက္ကဋ္ဌဖြစ်လာခြင်းဖြစ်သည်။

Most Read

Most Recent