ရုရှားကို မည်သည့်နိုင်ငံများက ကူညီနေသနည်း

ရုရှားကို မည်သည့်နိုင်ငံများက ကူညီနေသနည်း
Published 5 September 2022
ဖြိုးဟိန်းကျော်

ယူကရိန်း၏ လွတ်လပ်ရေးနေ့ဖြစ်သည့် သြဂုတ် ၂၄ ရက်၌ အမေရိကန်ပြည်ထောင်စုက ယူကရိန်းအား ဒေါ်လာ သုံးဘီလျံတန်ကြေးရှိ စစ်ရေးအကူအညီများ ပေးအပ်ခဲ့ပြီး ယင်းသည် ဇန်နဝါရီ ၂၄ ရက်မှ သြဂုတ် ၃ ရက်အထိ ယူကရိန်းက လက်ခံရရှိခဲ့သော ဒေါ်လာဘီလျံ ၈၀ ကျော်တန်ကြေးရှိ အကူအညီများကို ထပ်ပေါင်းထည့်ခဲ့ခြင်းဖြစ်ကာ ထိုကဲ့သို့အကူအညီအများစုကို အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂ (အီးယူ)တို့က ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အနောက်နိုင်ငံများ၏ လက်နက်စနစ်များ၊ စစ်ရေးသတင်းအချက်အလက်များနှင့် စစ်ပညာလေ့ကျင့် သင်ကြားပေးမှုတို့ကို ရရှိထားသည့်အပြင် ပြည်ပကြေးစားတပ်ဖွဲ့တွင် ဆန္ဒအလျောက် ပါဝင်လာသည့် နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများကလည်း ယူကရိန်းစစ်တပ်ကို အားဖြည့်ပေးလျက်ရှိသည်။

တစ်ဖက်တွင်မူ ရုရှားကို ကူညီသည့် နိုင်ငံများအနေဖြင့် အမေရိကန်၏ စီးပွားရေးဒဏ်ခတ်မှုများနှင့် ကြုံရနိုင်သည့်အတွက် ရုရှားအား ပေါ်ပေါ်ထင်ထင်ထောက်ခံအားပေးသည့်နိုင်ငံများသည် အမေရိကန်၊ ဥရောပသမဂ္ဂတို့နှင့် တသီးတသန့်နေသည့် ၎င်းတို့၏ ရန်ဘက်နိုင်ငံများပင်ဖြစ်သည်။ ယူကရိန်းအား ရုရှား၏ ကျူးကျော်မှုနှင့်စပ်လျဉ်း၍ မတ် ၂ ရက်က ကုလသမဂ္ဂ၌ ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းမဲခွဲဆုံးဖြတ်မှုတွင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံက ရုရှားအား ရှုတ်ချမှုကို ထောက်ခံခဲ့ပြီး မဲမပေးဘဲကြားနေသည့်နိုင်ငံ ၃၅ နိုင်ငံရှိခဲ့ကာ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ ဆီးရီးယားနှင့် အီရစ်ထရီးယားနိုင်ငံတို့သာ ရုရှားကို ထောက်ခံခဲ့ခြင်းကလည်း ရုရှား၏ အထီးကျန်ဆန်မှုကို ဖော်ညွှန်းနေသည်။

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EA EU) နှင့် စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CS TO) တို့မှ ရုရှား၏ ဆိုဗီယက်ခေတ်လွန် မဟာမိတ်နိုင်ငံအများစုသည်ပင်လျှင် ရုရှားအားထောက်ခံခြင်းကို ရှောင်ကြဉ်ခဲ့ကြသည်။

ဘီလာရုစ်၏ အကူအညီ

သို့တိုင်အောင် ဘီလာရုစ်သည် အဓိကခြွင်းချက်အဖြစ် တည်ရှိနေပြီး လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း သမ္မတအလက်ဇန်းဒါး လူကာရှန်ကိုသည် ဘီလာရုစ်ကို ရုရှား၏သြဇာလွှမ်းမိုးမှုအောက်သို့ ပိုမိုကျရောက်စေရန် တွန်းပို့ခဲ့သည်။ ဘီလာရုစ်အနေဖြင့် ရုရှားထံမှ ရေနံနှင့်ဓာတ်ငွေ့တို့ကို စျေးနှုန်းသက်သာစွာဖြင့် ရရှိနေခြင်းနှင့် ရုရှားရေနံနှင့် ဓာတ်ငွေ့အား ဥရောပသို့တင်ပို့ရာ၌ အကျိုးအမြတ်များပြားလှသည့် ဖြတ်သန်းတင်ပို့ခ ရရှိနေခြင်းတို့အပြင် သမ္မတလူကာရှန်ကိုသည် ၎င်း၏အုပ်ချုပ်ရေးအာဏာတည်မြဲရေးအတွက် ရုရှားအပေါ် ပိုမိုအမှီပြုလာခဲ့ပြီး အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် လူထုဆန္ဒပြပွဲများအတွင်း ယင်းအခြေအနေသည် သိသိသာသာ ပေါ်လွင်ထင်ရှားနေခဲ့သည်။ 

အဓိကအားဖြင့် ယင်းဆန္ဒပြပွဲများအပေါ် လူကာရှန်ကို၏ တုံ့ပြန်ပုံကြောင့် ဘီလာရုစ်နှင့် အနောက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းအားလုံး ပြတ်တောက်သွားခဲ့ပြီး ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားအပေါ် ဘီလာရုစ်၏ ထောက်ခံအားပေးမှု မြင့်တက်လာခြင်းကိုလည်း လွန်ခဲ့သည့်နှစ်များအတွင်း အတိုင်းသား မြင်တွေ့လာရသည်။

သို့ဖြစ်ရာ ၂၀၂၂ ဖေဖော်ဝါရီလထဲတွင် ရုရှားတပ်များ ဘီလာရုစ်ပိုင်နက်မှတစ်ဆင့် ယူကရိန်းအား ဝင်ရောက်တိုက်ခိုက်နိုင်စေရန် လူကာရှန်ကိုက ခွင့်ပြုခဲ့ခြင်းသည်လည်း အံ့အားသင့်စရာမဟုတ်ပေ။

ဘီလာရုစ်ပိုင်နက်ကို အသုံးပြု၍ ရုရှားက ယူကရိန်းကို ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်း၊ ဘီလာရုစ် ဝေဟင်ပိုင်နက်ကို ဖြတ်ကျော်၍ ရုရှားစစ်လေယာဉ်များ ယူကရိန်းနိုင်ငံထဲသို့ ဝင်ရောက်ခြင်း၊ ရုရှားစစ်လက်နက်များနှင့် စစ်ဘက်အသုံးအဆောင်ပစ္စည်းများကို ဘီလာရုစ်ပိုင်နက်ထဲတွင် သိုလှောင်ခြင်းတို့ကို ခွင့်ပြုကာ ရုရှားတပ်ဖွဲ့ဝင်များနှင့် အကြီးစားစစ်လက်နက်များ သယ်ယူပို့ဆောင်ခြင်းနှင့် လောင်စာဆီဖြည့်နိုင်ရန် စီစဉ်ပေးခြင်းအားဖြင့် ဘီလာရုစ်က ရုရှား၏ စစ်ဆင်ရေးကို အထောက်အကူ ပေးနေဆဲဖြစ်သည်။

ကြေးစားစစ်သားများ၏ အကူအညီ

ယူကရိန်းအား စတင်ကျူးကျော်ခဲ့ပြီးနောက် ရုရှားသည် ဆန္ဒအလျောက် ဝင်ရောက်အမှုထမ်းသည့် ကြေးစားစစ်သားများကို အသုံးပြုသော မဟာဗျူဟာကို ကျင့်သုံးလာခဲ့သည်။ ယခုနှစ်မတ်လထဲတွင် ဆီးရီးယား တိုက်ခိုက်ရေးသမား ၄၀၀၀၀ ခန့် ရုရှားအတွက် တိုက်ခိုက်ပေးရန် ထွက်ခွာလာသည်ဟူသော အနောက်နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်အဖွဲ့များ၏ ခန့်မှန်းချက်များနှင့် ကွဲလွဲနေသည့်တိုင် ဧပြီလထဲတွင် ဆီးရီးယားနှင့် လစ်ဗျားတို့မှ ကြေးစားစစ်သားရာနှင့်ချီကာ ယူကရိန်းစစ်မြေပြင်တွင် လှုပ်ရှားနေခဲ့သည်ဟု သိရသည်။

ထို့ပြင် ဆီးရီးယားအစိုးရသည် ရုရှားကျောထောက်နောက်ခံပြု ယူကရိန်းခွဲထွက်နယ်မြေများဖြစ်သည့် လူဟန့်နှင့် ဒိုးနက်တို့ကလွတ်လပ်သော သမ္မတနိုင်ငံများအဖြစ် ကြေညာခြင်းကိုလည်း အသိအမှတ်ပြုခဲ့သည်။

အီရန်အစိုးရသည်လည်း ယူကရိန်းအား ရုရှား၏စစ်ပွဲဆင်နွှဲမှုကို ထောက်ခံကြောင်း အတိအလင်းကြေညာခဲ့သည်။ အနောက်နိုင်ငံများ၏ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများအောက်တွင် ကျရောက်နေသည့် ရုရှားနှင့် အီရန်တို့သည် စွမ်းအင်နှင့် စစ်လက်နက်ရောင်းဝယ်ရေး နယ်ပယ်တိုု့တွင် အပြန်အလှန်ဆက်ဆံမှုများ တိုးမြှင့်ကာ အဆိုပါနယ်ပယ်တို့၌ နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် ဆက်ဆံရေးကို အားဖြည့်တည်ဆောက်ခဲ့ သည်။

တရုတ်၏ အထောက်အပံ့

ယခုနှစ် မတ်လထဲတွင် ရုရှားက တရုတ်ထံမှ ငွေကြေးနှင့် စစ်လက်နက်အကူအညီတောင်းခံခဲ့သည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက စွပ်စွဲထားပြီး ရုရှားနှင့် တရုတ်အစိုးရကမူ ၎င်းစွပ်စွဲချက်များကို ငြင်းဆန်ခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် တရုတ်နိုင်ငံလုပ် ဒရုန်းများကို အသုံးပြုလျက် အပြန်အလှန် တိုက်ခိုက်လျက်ရှိရာ တရုတ်၏ ကမ္ဘာ့ထိပ်တန်းအရပ်ဘက်သုံး ဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီကြီး Da-Jiang Innovations (DJI) သည် ဧပြီလထဲတွင် ၎င်းနှစ်နိုင်ငံစလုံးအား ဒရုန်းရောင်းချမှုကို ရပ်ဆိုင်းခဲ့သည်။

သို့သော်ငြားလည်း ရုရှားတို့သည် ယူကရိန်းက အသုံးပြုနေသည့် JDI ဒရုန်းများနှင့် အဆိုပါဒရုန်းများအား ထိန်းချုပ်ပျံသန်းသူ၏ တည်နေရာကို ပစ်မှတ်ထားရန်အတွက် DJI ဒရုန်းများတွင် ပါဝင်သည့် စောင့်ကြည့်ရေးစနစ် ဆော့ဝဲကို သုံးစွဲခွင့်ရနေဆဲဖြစ်သည်ဟု သိရသည်။

ထို့အပြင်ရုရှားအနေဖြင့် ယူကရိန်း၌ စစ်ဆင်ရေးဆက်လက်လုပ်ဆောင်နိုင်ရန် အရေးတကြီးလိုအပ်သော ကုန်ကြမ်းပစ္စည်းများ၊ အီလက်ထရွန်နစ် အစိတ်အပိုင်းများနှင့်တကွ အခြားသောအရေးပါသည့် အကူအညီများကိုလည်း တရုတ်က ပေးအပ်နေသည်။ သို့ဖြစ်ရာ ရုရှားစစ်တပ်ကို အထောက်အကူ ပေးနေသည်ဟု စွပ်စွဲလျက် အမေရိကန်အစိုးရက တရုတ်ကုမ္ပဏီငါးခုကို ဇွန်လထဲတွင် အမည်ပျက်စာရင်းသွင်းခဲ့သည်။

သြဂုတ် ၂ ရက်က ထိုင်ဝမ်ကျွန်းသို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ လာရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်-တရုတ် ဆက်ဆံရေး သိသိသာသာပိုမိုဆိုးရွားလာပြီးနောက်တွင် တရုတ်၏ စစ်ရေးအကူအညီပေးမှုသည် ပိုမိုအရှိန်မြင့်တက်လာဖွယ်ရှိသည်။

ထို့အပြင် တရုတ်၏ချေးငွေနှင့် အထူးသဖြင့် စွမ်းအင်ကဏ္ဍ၏ စားသုံးသူစျေးကွက် သို့ တရုတ် ဝင်ရောက်လာခြင်းကြောင့် ရုရှားအနေဖြင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ပို့ကုန်ကျဆင်းလာသည့် အခြေအနေတို့မှ ခုသာခံသာရှိစေခဲ့သည်။

မြောက်ကိုရီးယား၏ ထောက်ခံအားပေးမှု

မြောက်ကိုရီးယားသည်လည်း ရုရှားဘက်မှ အခိုင်အမာရပ်တည်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှားကျောထောက် နောက်ခံပြုခွဲထွက်နယ်မြေ နှစ်ခုကိုလည်း အသိအမှတ်ပြုထားသည်။

သြဂုတ် ၁၅ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံ စာတစ်စောင်ပေးပို့ကာ နှစ်နိုင်ငံအကြား ပိုမိုရင်းနှီးသည့်ဆက်ဆံရေး ထူထောင်ရန် ကမ်းလှမ်းခဲ့သည်။ ယင်းကဲ့သို့ကမ်းလှမ်းမှုတွင် သိမ်းပိုက်ခံယူကရိန်းနယ်မြေများ၌ ပြန်လည်ထူထောင်ရေးနှင့် အခြားကဏ္ဍများတွင် အကူအညီပေးရန် မြောက်ကိုရီးယားလုပ်သားများ စေလွှတ်ရန်လည်း ပါဝင်ဖွယ်ရှိသည်။

မကြာသေးမီက အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား စစ်လက်နက်အင်အားဖြင့် အပြန်အလှန် ခြိမ်းခြောက်မှုများရှိခဲ့ခြင်းကြောင့် ရုရှားအတွက် တိုက်ပွဲဝင်ပေးရန် မြောက်ကိုရီးယားသို့ ရုရှားစစ်သားများ စေလွှတ်ပေးနိုင်သည့် အလားအလာလည်း မြင့်တက်လာခဲ့သည်။ ဆီးရီးယားနှင့် လစ်ဗျားတို့မှ ကြေးစားစစ်သားများကဲ့သို့ပင် ၎င်းတို့သည်လည်း ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများမှတစ်ဆင့် ရောက်ရှိလာခဲ့ဖွယ်ရှိသည်။

တောင်ကမ္ဘာခြမ်းမှ ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများ၏ ထောက်ခံမှု

ဗင်နီဇွဲလား၊ ဆူဒန်၊ ကျူးဘား၊ နီကာရာဂွာနှင့် အမေရိကန်ဆန့်ကျင်ရေး သဘောထားရှိသည့် အခြားနိုင်ငံများသည်လည်း ရုရှားအပေါ် ထောက်ခံကြောင်း ၎င်းတို့၏ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့သည်။

အနောက်နိုင်ငံများအပေါ် မယုံကြည်မှုနှင့် ကမ္ဘာ့စွမ်းအင်ကဏ္ဍနှင့် စားနပ်ရိက္ခာ ထုတ်လုပ်ဖြည့်ဆည်းမှုတွင် ရုရှား၏ ဦးဆောင်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုလက်ခံထားသည့် ကမ္ဘာ့နိုင်ငံများသည် ရုရှားနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ဥပမာအားဖြင့်ဆိုရသော် အိန္ဒိယသည် ရုရှားထံမှ စစ်လက်နက်များ ဝယ်ယူနေဆဲဖြစ်သကဲ့သို့ ရုရှားထံမှ စွမ်းအင်တင်သွင်းမှုများကိုလည်း အလျင်အမြန် တိုးမြှင့်ခဲ့သည်။ တူရကီအပါအဝင် အနောက်နိုင်ငံများ၏ မဟာမိတ်နှင့် မိတ်ဖက်အချို့ကလည်း တောင်ကမ္ဘာခြမ်းမှ ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများနည်းတူ ရုရှားအား ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ပါဝင်ခဲ့ခြင်းမရှိပေ။                Ref:Asia Times

Most Read

Most Recent