ငွေကြေးဖောင်းပွမှုနှင့် ကုန်ကြမ်းပြတ်လပ်မှုက မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍကို နောက်ပြန်ဆွဲချနေကြောင်း ဖော်ပြ

ငွေကြေးဖောင်းပွမှုနှင့် ကုန်ကြမ်းပြတ်လပ်မှုက မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍကို နောက်ပြန်ဆွဲချနေကြောင်း ဖော်ပြ
Published 5 September 2022

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုမှာ ၁၁ လအတွင်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာကြောင်း၊ စက်ရုံများ ရရှိသည့်အော်ဒါများ လေးလဆက်တိုက် ကျဆင်းလာကြောင်း စက်တင်ဘာ ၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့်

S & P Global မြန်မာကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းများ စစ်တမ်းတွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍသည် သြဂုတ်လတွင် လေးလဆက်တိုက် ကျဆင်း လာခဲ့သည်။  ထုတ်လုပ်မှုနှင့် အော်ဒါ မှာယူမှု ပမာဏများ ပိုမိုမြန်ဆန်စွာ ကျဆင်းလာခဲ့မှု ကြောင့် ထုတ်လုပ်မှုအခြေအနေများ ဆုတ် ယုတ်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်တမ်းတွင် ပါဝင်ဖြေကြားသူတို့က ပစ္စည်းများနှင့် စွမ်း အင် ပြတ်လပ်မှုများက ထုတ်လုပ်မှုကို  နောက် သို့ ပြန်ဆွဲခဲ့ကြသည်ဟုဆိုကြောင်း ဖော်ပြ ထားသည်။

ထို့ပြင် စျေးနှုန်းဖိအားပေးမှုများ ပြင်း ထန်လာခဲ့သောကြောင့် ရောင်းစျေးများ တစ် ဟုန်ထိုးမြင့်တက်လာခဲ့ရာ စျေးဝယ်များထံတွင် ဘဏ္ဍာရေးအခက်အခဲရှိလာခြင်းဖြင့် ဝယ်လို အားအပေါ် လေးလံစွာ သက်ရောက်ခဲ့သည်။

“သြဂုတ်လဒေတာက မြန်မာနိုင်ငံထုတ် လုပ်ရေးကဏ္ဍတစ်ဝန်းမှာ အခြေအနေများ အခိုင်အမာ ဆုတ်ယုတ်လာနေခြင်းကို ပြသ နေပါတယ်။  စစ်တမ်းထဲ ပါဝင်ခဲ့ကြတဲ့လုပ်ငန်း များကို လေ့လာကြည့်ရင် ငွေကြေးဖောင်းပွ မှုနှင့် ကုန်ကြမ်း ပြတ်လပ်မှုက ထုတ်လုပ်မှုကို နောက်ပြန်ဆွဲနေခဲ့ကြတယ်။ နိုင်ငံရေးမရေ ရာမှုနဲ့ ကိုဗစ်-၁၉ က နိုင်ငံရဲ့ စီးပွားရေးလုပ် ငန်းတွေအပေါ် လေးလံစွာ ဖိစီးနေကြတယ် ဆိုတော့ လာမယ့်လများအတွင်းမှာ ဒီကဏ္ဍထဲက နောက်ဘက်သို့ ဆွဲနေကြတဲ့အားတွေ အားပျော့သွားကြမယ်မထင်ရပါဘူးဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြား ခဲ့သည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှုအညွှန်းကိန်း PMI - ထုတ်လုပ် ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသော အညွှန်း ကိန်းမှာ  ယခင်လအတိုင်း မပြောင်းမလဲရှိနေ ခဲ့ပြီး သြဂုတ်လတွင် ၄၆ ဒသမ ၅ တွင် မှတ် တမ်းတင်ခဲ့သည်။ နောက်ဆုံးအညွှန် းကိန်းက ကဏ္ဍ၏အခြေအနေမှာ ၂၀၂၁ ခုနှစ် အောက် တိုဘာလမှစပြီး ပူးတွဲ အမြန်ဆုံးဆုတ်ယုတ် လာမှုကို အချက်ပြနေသည်ဟု သိရသည်။

ထုတ်လုပ်မှုပမာဏများ တစ်ဟုန်ထိုး ကျဆင်းလာမှုက PMI အပေါ် ဖိစီးခဲ့ကြောင်း၊ သြဂုတ်လ ဒေတာက ထုတ်လုပ်မှုမှာ ၁၁ လ အတွင်း အမြန်ဆုံးကျဆင်းမှုကို မှတ်တမ်း တင်ခဲ့ကြောင်း၊ နောက်ဆုံးကျဆင်းမှုမှာ ထုတ် လုပ်ရေးကုမ္ပဏီများ  ရရှိခဲ့သည့် အော်ဒါ ပမာဏများ ကျဆင်းလာမှုနှင့် ကျယ်ပြန့်စွာ ဆက်စပ်နေကြောင်း ပါဝင်ဖြေကြားသူတို့က ဆိုကြသည်။

ဝယ်လိုအား ထိုးကျသွားမှုအတွက် စျေး နှုန်းများ မြင့်တက်လာမှုကို အပြစ်ဖို့ကြသည်။ ထို့ကြောင့် စက်ရုံများရခဲ့ကြသည့် အော်ဒါများ သည်လည်း သြဂုတ်လတွင် ဒသမဂဏန်းမျှ အရှိန်ရကျဆင်းလာခဲ့ရာ လက်ရှိဆက်တိုက် ကျဆင်းမှုအစဉ်ကို လေးလသို့ တိုးမြှင့်ပေး လိုက်သည်။

အလုပ်နေရာများ ဒုတိယလမြောက် ကျဆင်းလာမှုကလည်း ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ လွှမ်းခြုံဆုတ်ယုတ်လာမှုကို ထင် ဟပ်နေသည်။ ကုမ္ပဏီများသည် လုပ်ငန်းဆိုင် ရာ လိုအပ်ချက်များ နိမ့်ကျလာသည်နှင့်အမျှ ဝန်ထမ်းပမာဏများကို လျှော့ချခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အခြားတစ်နေရာတွင် လစာတိုးရနိုင်မည့် မျှော်လင့်ချက်များကြောင့် ဝန်ထမ်းများ နုတ်ထွက်မှု မြင့်မားလာခဲ့သည်။

ကုမ္ပဏီများသည် မိမိတို့၏ လက်ကျန် စာရင်းများ အသုံးပြုမှုကို  ဦးစားပေးခဲ့ကြ ကြောင်း ဒေတာများ က ထောက်ပြနေသည်။ ထုတ်လုပ်ရေးကုမ္ပဏီများ သိုလှောင်ထားကြ သည့် ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်း နှစ်မျိုးစလုံး ဆက်လက်ကျ ဆင်းလာခဲ့သည်။

စက်ရုံများ ရရှိခဲ့ကြသည့် အော်ဒါများ လျော့နည်းလာလျက် ကုန်စည်များကို တင်ပို့ နေရမှုကြောင့် သိုလှောင်ကန်များ သိသာစွာ ကျဆင်းလာခဲ့ကြောင်း ကုမ္ပဏီများက ညွှန် ပြကြသည်။ တစ်ချိန်တည်းတွင် ထုတ်လုပ်မှု ပမာဏများ ကျဆင်းလာနေပြီး ရရှိသည့် အော် ဒါများ နည်းလာမှုကြောင့် ကုမ္ပဏီများသည် ဝယ်ယူမှုများကို ထပ်လျှော့ချခဲ့ကြရာ လက် ရှိကျဆင်းမှုအစဉ်ကို လ ၃၀ ဆီသို့ ဆွဲဆန့်ပေး လိုက်ကြသည်။ ထို့ပြင် ယင်းကျဆင်းမှုနှုန်းမှာ တစ်နှစ်အတွင်း အမြန်ဆုံးဖြစ်ခဲ့ရုံသာမက ခြုံ ကြည့်လျှင် ပြင်းထန်ခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ပစ္စည်းပေးသွင်းမှုပြီးဆုံးရန် ပျမ်းမျှကြာ မြင့်ချိန်များမှာ သြဂုတ်လတွင် စံချိန်တင် အမြန်ဆုံးနှုန်းဖြင့် ပိုကြာရှည်လာခဲ့သည်။ သို့ဖြစ်ရာ ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှု များနှင့် ကုန်ကြမ်းရှားပါးမှုများနှင့် အတူ ကျပ် ငွေနှုန်း ကျဆင်းလာနေခြင်းက သွင်းအားစု များ၏ စျေးနှုန်းများ မြင့်တက်စေရေး ဖိအား ပေးမှုကို အားဖြည့်ပေးခဲ့သည်။ သွင်းအားစု များ၏ စျေးနှုန်းများ ဖောင်းပွလာမှုမှာ စစ် တမ်းသမိုင်းထဲတွင် အမြန်ဆုံးတစ်ခု ဖြစ်လာ သည်ဟု သိရသည်။

ထို့ပြင် ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံ ခြားငွေလဲနှုန်းကြီးမြင့်မှု၊ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေမှုတို့ကြောင့် မြန်မာ့စီး ပွားရေး ထိုးကျသွားသည့်အခြေအနေဖြစ်နေ ကြောင်း၊ စက်သုံးဆီစျေးနှုန်း ကြီးမြင့်မှုကြောင့် သယ်ယူပို့ဆောင်မှုစရိတ်စကများ လိုက်ပါမြင့် တက်လာကာ ကုန်စည်စျေးနှုန်းများလည်း အဆမတန်မြင့်တက်ခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက  ပြောကြားခဲ့သည်။

ကျပ်ငွေတန်ဖိုးလျော့ကျသွားခြင်း၊ ကုန် ကြမ်းကွင်းဆက်ပြတ်တောက်ခြင်းနှင့် သယ် ယူပို့ဆောင်ရေးစရိတ်မြင့်တက်လာမှုအကျိုး ဆက်များကြောင့် သွင်းကုန်အမျိုးအစားများစွာ စျေးနှုန်းကြီးမြင့်လာခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံး ဆီစျေးကြီးမြင့်မှုကြောင့် အခြေခံကုန်စည်များ စျေးကြီးမြင့်မှုကို သက်သာရန် နိုင်ငံခြားငွေကြီး ကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြား ငွေကြေးစျေးကွက်မှ တစ်ဆင့် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည့် သတင်းများထွက်ပေါ်ပြီး နောက်   စက်တင်ဘာ ၁ ရက်တွင် တစ်ဒေါ်လာ ၃၅၀၀ ဝန်းကျင်နှင့် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၃၃၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ် လာ ၂၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း ငွေလဲကောင် တာအများစုတွင် ဒေါ်လာအရောင်း အဝယ် ပြုလုပ်ခြင်းမရှိဘဲ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ် ပြုလုပ်မှုရှိကြောင်း သိရ သည်။

“ဒေါ်လာစျေးကတော့ မနေ့ ကအရှိန်နဲ့ ဒီနေ့လည်း ထပ်ကျလာပါတယ်။ တကယ် တော့ ၄၀၀၀ ကျော် ပေါက်စျေးဖြစ်နေတည်းက အရောင်းမဝယ်မဖြစ်ဘဲ စျေးကွက်ထဲမှာသာ စျေးတွေခေါ်နေတာပါ။ အမှန်တကယ် အရောင်းအဝယ်က ၃၇၀၀ ဝန်းကျင်မှာပဲ ရှိပါ တယ်။ ကျွန်တော်တို့ ငွေလဲကောင်တာက သြဂုတ် ၃၁ မှာ တစ်ဒေါ်လာ ၄၁၀၀ ဝန်းကျင်ရှိ နေ ကတည်းက ၃၇၀၀ နဲ့ ပဲ ပြန်ဝယ်ပေးတာပါ။ တကယ့် အရောင်းအဝယ် ပေါက်စျေးက ၄၀၀၀ ကျော်ဆို အရောင်းအဝယ်မဖြစ်ပါ ဘူး”ဟု ဟုပန်းဘဲတန်းမြို့နယ်ရှိ ငွေလဲကောင် တာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည့် အမိန့်အ ရ ဒေါ်လာသန်း ၂၀၀ ကို ထုတ်ရောင်းပေးခြင်း မဟုတ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များနှင့် ဗဟို ဘဏ်က ကြားခံပေးထားခြင်း ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြော ကြားသည်။

“ ဒေါ်လာ သန်း ၂၀၀ က အစိုးရက စျေး ကွက်ထဲကို ချထားပေးတာပါ။ ထုတ်ရောင်း တာမဟုတ်ဘူး။ အဓိကကတော့ အပြင်မှာ ဒေါ်လာ ထွက်မဝယ်အောင် ဗဟိုဘဏ်က ကြားထဲက ခံပေးထားတာပေါ့။ ဒီအချိန်  ကျွန် တော်တို့  ဆီသမားထွက်ဝယ်ရင် ဒေါ်လာက တက်တယ်လေ။ မတက်အောင်လို့ပေါ့။ အခု သန်း ၂၀၀ က အများဆုံးနှစ်လအတွက် လောက်တော့ အဆင်ပြေမှာပေါ့။ အခုလုပ် ထားတာကတော့ လောလောဆယ်ချေးတဲ့ ပုံစံလို့ပဲ ပြောမလားပေါ့။ ပုဂ္ဂလိကဘဏ်တွေ မှာလည်း ဒေါ်လာတွေရှိတယ်။ သူတို့ဆီကို ဝင်ထားတဲ့ ဒေါ်လာတွေလည်း ရှိတယ်လေ”ဟုစက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။

“ဆက်ပြောချင်သေးတာက  ကျပ်ငွေရဲ့ ငွေလဲနှုန်း ဆက်လက်ကျ ဆင်းလာနေပြီး ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ ပြတ် တောက်မှု ရှိနေတဲ့အတွက် စျေးနှုန်းတွေ ရှေ့ဆက် ပြီး မြင့်တက်လာဖို့ များပါတယ်။ အဲ ဒါကြောင့် စျေးဝယ်များဘက်မှ ဝယ်လိုအား ဆက်ကျဆင်းလာမယ်လို့ မျှော်မှန်းနိုင်ပြီး ၂၀၂၂ ခုနှစ်ရဲ့ ကျန် နေသေးတဲ့ လများအတွင်း မှာ စားသုံးမှုနှုန်းဟာ နိမ့်ကျလာမှာပါ”ဟု   S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။

ပါဝင်ဖြေကြားသူအများစု ထောက်ပြခဲ့ ကြသည့်အတိုင်း သြဂုတ်လတွင် ထုတ်ကုန်များ အတွက် တောင်းခံခဲ့သည့် စျေးနှုန်းများကို  တိုးမြှင့်ပေးလျက် မြင့်တက်လာသည့် ကုန်ကျ စရိတ် ဝန်ထုပ်ဝန်ပိုးများကို စျေးဝယ်များ အပေါ်သို့ အတတ်နိုင်ဆုံး လွှဲချခဲ့ကြသည်။စက်ရုံများ၏ ရောင်းစျေးများမှာ ၂၁ လ မြောက် ဆက်တိုက်မြင့်တက်လာခဲ့သည်။

နောက်ဆုံးအနေဖြင့် လုပ်ငန်းအခြေအ နေများ ဆက်လက်ဆုတ်ယုတ်လာနေမှု၏ ရလဒ်အဖြစ် သြဂုတ်လတွင် လုပ်ငန်းများ၏ လာမည့် ၁၂ လအတွက် မျှော်မှန်းချက်မှာ အားပျော့သွားသည်။ ထုတ်လုပ်ရေးကုမ္ပဏီ အများစုက ထုတ်လုပ်မှုပမာဏများ ပြောင်းလဲ လာမည်မဟုတ်ဟု မျှော်လင့်နေကြသော ကြောင့် အနာဂတ်မျှော်မှန်းချက်များမှာ မှေး မှိန်လျက် ရှိနေဆဲဖြစ်သည်။   စိတ်ချယုံကြည်မှု အဆင့်မှာ အများအားဖြင့် အားနည်းလျက်ရှိ နေပြီး ပါဝင်ဖြေကြားခဲ့သူအနည်းငယ်တို့၏  မျှော်လင့်ချက်သာ ဦးမော့လာခဲ့သည်ဟု  S&P Global မြန်မာကုန်ထုတ်လုပ်မှု PMI အ ညွှန်းကိန်းများ စစ်တမ်းတွင် ဖော်ပြထားသည်။

Most Read

Most Recent