ထိုင်ဝမ် ၊ ယူကရိန်းအရေးအပြောင်းအလဲအလားအလာများနှင့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး

ထိုင်ဝမ် ၊ ယူကရိန်းအရေးအပြောင်းအလဲအလားအလာများနှင့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး
Photo-AP
Photo-AP
Published 4 September 2022
ခက်ဝေ

စီစဉ်ထားသည့်အတိုင်း မလွဲမချော်ဖြစ် လာမည်ဆိုပါက အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုသည် ယခုနှစ်၏ စိတ်ဝင်စားစရာ အကောင်းဆုံး ဘူမိနိုင်ငံရေးအစည်းအဝေး များထဲမှ အစည်းအဝေးတစ်ခုကို ဘာလီတွင် လက်ခံကျင်းပပေးတော့မည်ဖြစ်သည်။

ဂျီ-၂၀ အစည်းအဝေးများသည် စီးပွားရေးကိစ္စရပ်များကို ဆွေးနွေးပြောဆိုကြသည့် အစည်းအဝေးများဖြစ်သော်လည်း ယခုနှစ်တွင် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တရုတ် သမ္မတရှီကျင်းပင်တို့ တက်ရောက်ဆွေးနွေး ကြမည်ဆိုခြင်းမှာ ယူကရိန်းစစ်ပွဲအရေးနှင့် ထိုင်ဝမ်အရေးတို့က အဓိကအကြောင်းအရာ ဖြစ်လာမည့်အဓိပ္ပာယ်ဟု  သြစတြေးလျနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းဂျိမ်းစ် ကာရူဆိုက ပြောသည်။

ဂျီ-၂၀ အလှည့်ကျဥက္ကဋ္ဌနေရာကို ရထားသည့် အင်ဒိုနီးရှားတွင် နိုဝင်ဘာ၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို  ရုရှားနှင့် တရုတ်ခေါင်းဆောင်နှစ်ဦးစလုံး တက်ရောက်မည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ (သူ့ကို လူသိများသည့်နာမည်)က သြ ဂုတ် ၁၈ ရက်တွင် အတည်ပြုကြေညာထားသည်။

တရုတ်သမ္မတအတွက် ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကပ်ရောဂါပေါ်ပေါက်လာပြီး နောက်ပိုင်း  (မကြာမီက သွားရောက်ထားသည့် ဆော်ဒီအာရေဗျခရီးစဉ်မှလွဲ၍) ပထမဆုံး ပြည်ပခရီးစဉ် ထွက်ရှိမှုဖြစ်လာမည်ဖြစ်ပြီး ရုရှားသမ္မတအတွက်လည်း ယူကရိန်းသို့ကျူးကျော်မှုပြုလုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရုရှားမှ ထွက်ခွာမှုဖြစ်လာလိမ့်မည်။

ကမ္ဘာ့အလယ်တွင် အင်ဒိုနီးရှား၏ပုံရိပ်ကို မြှင့်တင်လိုသည့်အနေဖြင့်  ဂျိုကိုဝီသည်  ဇူလိုင်တွင် ယူကရိန်းနှင့် ရုရှားနှစ်နိုင်ငံစလုံးသို့ သွားရောက်ခဲ့ပြီး ဂျီ-၂၀ အစည်းအဝေး တက် ရောက်ရန် ပူတင်ကိုတိုက်တွန်းကာ ဂျီ-၂၀ ဧည့်သည်အဖြစ် ဖိတ်ကြားထားသည့် ယူက ရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးကိုလည်း (အကယ်၍ပူတင်တက်ရောက်ပါက) သပိတ်မှောက်လှုံ့ဆော်ခြင်းများမပြုရန် စည်းရုံးခဲ့သည်။

 

ပူတင်နှင့် ရှီတို့ ဘာကြောင့် တက်ရောက်

ကမ္ဘာ့ခေါင်းဆောင်အများစုကို မိမိနှင့် ထိပ်တိုက်တွေ့စေမည့် အခွင့်အလမ်းပေး လိုက်သကဲ့သို့ဖြစ်သော်လည်း ပူတင်က ၎င်းအစည်းအဝေးကို ရည်ရွယ်ချက်အချို့အတွက် အသုံးချချင်လိုပုံရသည်။

ပထမအချက်က ပူတင်သည် သူသည် ထက်မြက်သည့် ခေါင်းဆောင်ဖြစ်ကြောင်း၊ သူသည် ရုရှားနိုင်ငံ၏ရန်သူများကိုရင်ဆိုင်ရန် မကြောက်ရွံ့၊ အည့ံမခံကြောင်းကို ရုရှား ပြည်သူများအား ပြသနိုင်သည်။

ဒုတိယအချက်က ရုရှားဘက်က တွေ့ဆုံညှိနှိုင်းရန်လနှင့်ချီငြင်းဆန်ခဲ့သည့် ယူက ရိန်းသမ္မတဇယ်လန်းစကီးနှင့် ဘာလီအစည်း အဝေးတွင် တွေ့လိုက်ခြင်းအားဖြင့်  ငြိမ်းချမ်း ရေးလိုလားသည့်ကြိုးပမ်းမှုအဖြစ်  အထင်ခံရနိုင်သည်။

ရုရှားအတွက် ပိုအကျိုးရှိစေသည်က  ၎င်းအစည်းအဝေးကို အသုံးချကာ ယူကရိန်းကို ထောက်ခံသည့် အနောက်အုပ်စုများအကြား ခွာပြဲသွားအောင်လည်း ဖန်တီးနိုင်မည် ဖြစ်သည်။ ဥပမာ ရုရှားက ဥရောပသို့ ဓာတ်ငွေ့ပို့လွှတ်မှု တိုးမြှင့်လိုက်ခြင်းအားဖြင့် အား ပျော့သည့်ရုရှားဖြစ်လာရေး အမေရိကန်ကလိုလားနေမှုအပေါ်သဘောထားများ ကွဲသွား စေနိုင်သည်။

ပူတင်ကအပစ်ခတ်ရပ်စဲရေးကိုသဘော တူမတူ၊ ဇယ်လန်းစကီးဘက်ကလည်း အ လျှော့ပေးလိုက်လျောရန် ဆန္ဒရှိမရှိမှာ ခေါင်းဆောင်နှစ်ဦး တွေ့ကြမည့် နိုဝင်ဘာ အစည်းအဝေးပေါ် များစွာမူတည်နေသည်။

ဗလာဒီမာပူတင်သည် ရေရှည်ကစား ပွဲတစ်ခု မည်သို့ကစားရမည်ကို သိသူဖြစ်သည်။ သူသည် အာဂျင်တီးနား၊ ဘရာဇီး၊ တောင်အာဖရိက၊ တူရကီနှင့် အိန္ဒိယစသည့် နိုင်ငံများပါဝင်သည့် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများ၏ ငြိမ်းချမ်းရေးအတွက် အားပေးတိုက်တွန်းမှုများကို ဟန်လုပ်မျှော်လင့်နေပုံရသည်။

ထို့ပြင်နိုင်ငံတကာက ယူကရိန်းကို ထောက်ခံနေမှုမှ လက်ရှောင်သွားရန်နှင့် အမေရိကန်၏လွှမ်းမိုးမှုအောက် ရှိမနေစေ ရန်ရည်ရွယ်ကာ အမေရိကန်၏မည်သည့် ဝေဖန်တိုက်ခိုက်မှုမဆို  ငြိမ်းချမ်းရေးကို အားပေးသည်ထက် ရုရှားအားယုတ်ရေးကို ဦးစား ပေးမှားနေကြောင်းလည်း ပူတင်က ပုံဖော်နိုင်သည်။

 

တရုတ်ကို ဆန့်ကျင်လာလျှင်

အမေရိကန်-တရုတ် တင်းမာမှု မြင့်တက်နေချိန် ရှီကျင်းပင်က ဂျီ-၂၀ စီးပွားရေး ညီလာခံကိုအသုံးချကာ တရုတ်က နိုင်ငံအများစုရှောင်ဖယ်၍မရသည့်  အဓိက ကုန် သွယ်ဘက်နိုင်ငံ၊ တရုတ်ကိုအာခံပါကစီးပွား ရေးထိခိုက်မှုနှင့်ကြုံရမည်ကို သတိပေးခွင့်ရမည်ဖြစ်သည်။

၎င်းညီလာခံမှတစ်ဆင့် ရှီက တရုတ်တစ်ပြည်ထောင်ဝါဒ၊ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပယ်လိုစီ၏ လတ်တလော ထိုင်ဝမ်ခရီးစဉ်အပေါ် မကျေနပ်မှုတို့ကို စပ်လျဉ်းပြောဆိုနိုင်ဖွယ်ရှိပြီး တရုတ်က နိုင်ငံအများစုအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်  အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတို့အတွက် အဓိကနိုင်ငံဖြစ်ကြောင်းကိုလည်း ထပ်မံ အသားပေး ပြောဆိုဖွယ်ရှိသည်။

တောင်ကိုရီးယား၊ ဂျပန်၊ ဖိလစ်ပိုင်နှင့် သြစတြေးလျနိုင်ငံများသည် တရုတ်ကိုဆန့် ကျင်ရပ်တည်ခဲ့မှုကြောင့် တရုတ်၏ကုန်သွယ် ပိတ်ဆို့မှုများနှင့် ကြုံရပြီးဖြစ်သည်။

ထို့ကြောင့် ၎င်းအစည်းအဝေးသည် ထိုင်ဝမ်ကို အသိအမှတ်မပြုခြင်းကဲ့သို့  တရုတ်နိုင်ငံ၏အဓိကနိုင်ငံရေးမူဝါဒများကို လိုက်နာကျင့်သုံးမှသာ ကြီးမားသည့် တရုတ် စျေးကွက်နှင့် ချိတ်ဆက်နိုင်မည်ဆိုသည့် သတိပေးချက်ကိုလည်းရရှိစေမည်။

 

ရှီနှင့် ဂျိုးဘိုင်ဒင် တွေ့ကြမှာလား

တရုတ်ကွန်မြူနစ်ပါတီက ငါးနှစ် တစ်ကြိမ် ကျင်းပလေ့ရှိသည့် အမျိုးသားလွှတ် တော်အစည်းအဝေးကို  လာမည့် အောက်တိုဘာတွင် ပြုလုပ်မည်ဖြစ်ပြီး စိတ်ဝင်စား စရာက ရှီသည် ကြုံခေါင့်ကြုံခဲ သက်တမ်း သုံးကြိမ်ပါတီခေါင်းဆောင်ဆိုသည့် သူ၏ အရှိန်အဝါသစ်ကို မည်သို့ အသုံးချလာမည်် နည်းဆိုခြင်းပင်။

ရှီသည် အမေရိကန်နှင့် တင်းမာမှုလျော့ပါးအောင် ပြန်လည်ကြိုးပမ်းပြီးစီးပွားရေး ဘက်ကိုသာ အာရုံစိုက်လာနိုင်ကာ ထိုသို့မဟုတ်ဘဲ ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်၊ ကုန်သွယ်မှုကိစ္စများနှင့်ပတ်သက်၍ ပိုမိုတင်းမာအောင်လည်း လုပ်လာနိုင်သည်။

ဂျီ-၂၀ အစည်းအဝေး ပြုလုပ်မည့် အချိန်သည် အမေရိကန်သက်တမ်းဝက် ရွေး ကောက်ပွဲအပြီး သီတင်းပတ်တွင် ဖြစ်သည်။ထို့ကြောင့် ဂျိုးဘိုင်ဒင်အနေဖြင့် အခွန်အ ကောက်များ လျှော့ပေးရေးကို သဘောတူရန်  ကြီးမားသော  ဖိအားအောက်တွင် ရှိတော့မည် မဟုတ်ဘဲ အပြန်အလှန်အနေဖြင့် တရုတ်ကလည်း ထိုင်ဝမ်နှင့် ငြိမ်းချမ်းသည့် ပေါင်းစည်းရေးကို လုပ်ဆောင်ပါမည်။ ထိုင်ဝမ်ကျွန်းအနီးစစ်ရေးလေ့ကျင့်မှုများ လျှော့ပါမည်။ ရာ သီဥတုဖောက်ပြန်မှုအရေးဆွေးနွေးမှုများကို အမေရိကန်နှင့် ပြန်လည် လုပ်ဆောင်ပါ မည်ဆိုသည့် ကတိကဝတ်များကို ရှီထံမှ လဲယူဖွယ်ရှိသည်။

နှစ်လသာလိုတော့သည့် ၎င်းအစည်း အဝေးတွင် ယူကရိန်း သို့မဟုတ် ထိုင်ဝမ်အ  ရေးတို့နှင့်ပတ်သက်ပြီး အပြောင်းအလဲအ နည်းငယ်ပင် ရှိလာစေကာမူ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီသည် ပူတင်-ဇယ်လန်းစကီး တွေ့ဆုံမှု သို့မဟုတ် ရှီ-ဘိုင်ဒင်တွေ့ဆုံမှုကို  ဂျီ-၂၀ ထိပ်သီးစည်းဝေးပွဲအောင်မြင်မှုလက္ခဏာအဖြစ် ချီးကျူးဂုဏ်ဖော်နိုင်မည်ဖြစ် သည်။

(ဂျိမ်းစ်ကာရူဆိုသည် ၀ါရှင်တန်ဒီစီ အခြေစိုက် နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးဆိုင် ရာအကြံပေးအဖွဲ့CSIS မှ သြစတြေးလျ အကြံပေးဘုတ်အဖွဲ့ဥက္ကဌ ၊ သြစတြေးလျဆိုင်ရာ ယာယီအမေရိကန်သံအမတ်ဟောင်း ဖြစ်သည်။)

Most Read

Most Recent