နောက်ဆုံးဆိုဗီယက်ခေါင်းဆောင် မီခေးဂေါ်ဘာချော့ ထားရစ်ခဲ့သည့် သဘောထားကွဲလွဲမှုအမွေနှင့် ယနေ့ ပူတင်၏ရုရှား

နောက်ဆုံးဆိုဗီယက်ခေါင်းဆောင် မီခေးဂေါ်ဘာချော့ ထားရစ်ခဲ့သည့် သဘောထားကွဲလွဲမှုအမွေနှင့် ယနေ့ ပူတင်၏ရုရှား
မစ္စတာဂေါ်ဘာချော့နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကို ၂၀၀၄ ခုနှစ်က ဂျာမနီနိုင်ငံ ရှလက်စဝစ်မြို့ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (Phtot-AP)
မစ္စတာဂေါ်ဘာချော့နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကို ၂၀၀၄ ခုနှစ်က ဂျာမနီနိုင်ငံ ရှလက်စဝစ်မြို့ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (Phtot-AP)
Published 3 September 2022
နရီမင်း

၁၉၉၈ ခုနှစ်တွင် ရုရှားနိုင်ငံသည် ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ခက်ခဲမှုများနှင့် ပြည့်နှက်နေသည့် စျေးကွက်စီးပွားရေးစနစ်တစ်ရပ်သို့ အကူးအပြောင်းနှင့် အတူ ဖြစ်ပေါ်လာသော ဘဏ္ဍာရေးအကျပ်အတည်းများ ကြုံတွေ့နေရသောကြောင့် နောက်ဆုံးဆိုဗီယက်ခေါင်းဆောင် မီခေးဂေါ်ဘာချော့သည် Pizza Hut ကုန်သွယ်ရေး တွင် ပါဝင်သရုပ်ဆောင်ခဲ့ရသည်။

(Pizza Hut သည် ဒန်နှင့် ဖရန့်ကာနေးတို့က ကင်ဆတ်ပြည်နယ် ဝီချီတာမြို့တွင် ၁၉၅၈ ခုနှစ်က တည်ထောင်ခဲ့သော အမေရိကန်၏ နိုင်ငံစုံ စားသောက်ဆိုင်ကွန်ရက် တစ်ခုဖြစ်ပြီး နိုင်ငံတကာ လုပ်ပိုင်ခွင့်ရထားသော လုပ်ငန်းကြီးတစ်ခု ဖြစ်သည်။ ဆိုဗီ ယက်ယူနီယံ၏ ခေါင်းဆောင်ဟောင်း မီခေး ဂေါ်ဘာချော့သည် Pizza Hut ၏ ၁၉၉၈ ခုနှစ် ရုပ်မြင်သံကြားကြော်ငြာတွင် ပါဝင်ခဲ့သည်။ ၁၉၉၇ ခုနှစ် နိုဝင်ဘာလတွင် ရင်ပြင် နီနှင့် မော်စကိုမြို့ရှိ အခြား Pizza Hut စားသောက်ဆိုင်များတွင် ရိုက်ကူးခဲ့သည်။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာတွင် ထုတ်လွှင့်ပြသခဲ့သော်လည်း ရုရှားတွင် ပြသခဲ့ခြင်း မရှိပါ။ ကြော်ငြာထဲတွင် Pizza Hut စားသောက်ဆိုင်၌ မိသားစုတစ်စုသည် ဂေါ်ဘာချော့၏ နိုင်ငံရေးအမွေအကြောင်း ဆွေးနွေးခဲ့ကြသည်။ Pizza Hut ကုန်သွယ် ရေးကို ရုရှားနိုင်ငံအတွင်း အရင်းရှင်စနစ်၏အောင်ပွဲသရုပ်အဖြစ် ဖော်ပြကြသည်။)

အဆိုပါကြော်ငြာထဲတွင် အသက်ကြီးသည့် ရုရှားတစ်ဦးက မစ္စတာဂေါ်ဘာချော့၏ ပြုပြင်ပြောင်းလဲမှုများသည် ပရမ်းပတာများနှင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများကို တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း ပြောပြီး ပို၍ငယ်ရွယ်သည့် ရုရှားတစ်ဦးက ယင်းတို့ သည် ရုရှားအား လွတ်လပ်မှုနှင့် အခွင့်အလမ်းသစ်များ ပေးလိမ့်မည်ဟု တုံ့ပြန်ခဲ့သည်။ ပီဇာသည် လူများကို အတူတကွဖြစ်အောင် ပေါင်းစည်းပေးသည်ဟူသည့်အချက်ကို လူတိုင်းက အနည်းဆုံး သဘောတူနိုင်သည်ဟု ကြော်ငြာက ကောက်ချက်ချသည်။

သို့သော် မော်စကိုတွင် မစ္စတာဂေါ်ဘာချော့ အသက် ၉၁ နှစ်အရွယ်၌ ကွယ်လွန်ပြီး တစ်ရက်အကြာ သြဂုတ်လ ၃၁ ရက်တွင် နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ အတိုက် အခံနိုင်ငံရေးသမားများနှင့် ဆိုဗီယက် ခေါင်းဆောင်ဟောင်း၏ ရင်းနှီးသော မိတ် ဆွေများက ရုရှားတွင် ယင်းအငြင်းအခုံအတွက် အနိုင်ရရှိသည့်ဘက်မှာ ရှင်းလင်း ထင်ရှားခဲ့ပြီဖြစ်ပြီး သမ္မတဗလာဒီမာပူတင်၏ အစိုးရအဖွဲ့သည် အနိုင်ရသည့်ဘက်ကို သရုပ်ပေါ်စေခဲ့သည်ဟု ဆိုကြသည်။

“ဗလာဒီမာပူတင်ဟာ ခြားနားတဲ့ကမ္ဘာတစ်ခုကို တည်ဆောက်နေတာပါ”ဟု ရုရှား ရေဒီယိုဂျာနယ်လစ်တစ်ဦးနှင့် မစ္စတာ ဂေါ်ဘာချော့၏ ရင်းနှီးသော မိတ်ဆွေတစ်ဦး လည်းဖြစ်သူ အလက်ဆေး ဗန်နီဒစ်တော့က ဖုန်းအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ သည်။ သူက “ပူတင်ရဲ့ကမ္ဘာမှာ ယှဉ်ပြိုင်မှုအတွက် နေရာမရှိသလို လွတ်လပ်ခွင့်အတွက် နေရာလည်း မရှိပါဘူး”ဟု ဆိုသည်။

ဆိုဗီယက်ယူနီယံ၏ အဋ္ဌမမြောက် ခေါင်းဆောင်အဖြစ် ၁၉၈၅ ခုနှစ်တွင် အာ ဏာရလာသော မစ္စတာ ဂေါ်ဘာချော့သည် ဂျုံးဂျုံးကျနေသည့် စီးပွားရေးကို ခုန်တက် အောင်  အထောက်အကူပြုရေးအတွက် ၎င်း၏ အစိုးရအဖွဲ့ကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည်။ သို့သော် Perestroika (ပြန်လည်ဖွဲ့စည်းမှုနှင့် ပွင့်လင်းမှု) ဟု ခေါ်သော သူစတင်ခဲ့သည့် မူဝါဒများသည် နောက်ဆုံးတွင် သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားခဲ့သည်။ အင်ပါယာ၏ နိုင်ငံများက လွတ်လပ်ရေးတောင်းဆိုခဲ့ကြပြီး ရုရှားလူမျိုးများကလည်း နိုင်ငံရေး လွတ်လပ်ခွင့်ကို တောင်းဆိုခဲ့ကြသည်။ နောက်ခြောက်နှစ်အကြာတွင် ဆိုဗီယက်ယူနီယံသည် သီးခြားနိုင်ငံ ၁၅ နိုင်ငံအဖြစ် ကွဲထွက်သွားခဲ့သည်။

မစ္စတာဂေါ်ဘာချော့သည် စစ်အေး တိုက်ပွဲအဆုံးသတ်ရေးကို ကူညီပေးသည့်အတွက် အနောက်နိုင်ငံများ၏ ကြိုဆိုခြင်းခံခဲ့ရသည်။ သို့သော် ပြည်တွင်း၌မူ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း ရာထူးကနုတ်ထွက်ခဲ့သည့် ခေါင်းဆောင်ဟောင်းကို မကြာမီမှာပင် လူပေါင်းများစွာတို့က စိတ်ကုန်သွားခဲ့ကြသည်။ ၎င်းတို့က ၁၉၉၀ ပြည့် လွန်နှစ်များအတွင်း စျေးကွက်စီးပွားရေးသို့ ကူးပြောင်းမှုအတွင်း များပြားလာခဲ့သည့် ဆင်းရဲမွဲတေမှုများနှင့် နိုင်ငံ၏ စူပါပါ၀ါ အနေအထားတစ်ရပ်ကို ဆုံးရှုံးခဲ့ရခြင်းတို့ အတွက် သူ့ကို အပြစ်တင်ကြသည်။

မစ္စတာဂေါ်ဘာချော့သည် ၁၉၉၆ ခုနှစ်တွင် နိုင်ငံရေးလောကသို့ ပြန်လည် ဝင် ရောက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ သမ္မတရွေးကောက်ပွဲတွင် မဲအရေ အတွက်၏ ၀.၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် နိုင်ငံက ပြုလုပ်သော စစ် တမ်းကောက်ယူမှုတစ်ခုအရ ရုရှားနိုင်ငံသား ရာခိုင်နှုန်း ၇၀ ကျော်က ၎င်း၏အုပ်ချုပ်မှု အတွင်း အနုတ်လက္ခဏာသဘောဆောင်သည့် လမ်းကြောင်းသို့ ရွေ့သွားခဲ့သည်ဟု ယူဆကြကြောင်း  သိရသည်။

မစ္စတာဂေါ်ဘာချော့၏ Pizza Hut ကြော်ငြာပေါ်လာပြီး နှစ်နှစ်အကြာ၌ အာ ဏာရလာသော မစ္စတာပူတင်က ဆိုဗီယက် ယူနီယံပြိုကွဲမှုကို “ရာစုနှစ်၏ အကြီးမားဆုံး ပထဝီဝင်နိုင်ငံရေး ကပ်ဘေးကြီး” ဟု ခေါ် ဆိုခဲ့မှုမှာ ကျော်ကြားသည်။ ရုရှားနိုင်ငံသား သန်းပေါင်းများစွာကို နိုင်ငံနယ်နိမိတ် အသစ်များဖြင့် ကွဲကွာသွားစေခဲ့သောကြောင့် ပြိုကွဲမှုသည် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုဖြစ် ကြောင်းလည်း မစ္စတာပူတင်က ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ခဲ့ရသည့် အကြောင်း ရင်းတွင် ပျော့ညံ့သော မစ္စတာဂေါ်ဘာချော့ကို မာယာများသော အနောက်နိုင်ငံများက အရူးလုပ်ခဲ့ခြင်းက တစ်စိတ်တစ်ပိုင်း ပါဝင်သည်ဟု ပူတင်က ဆိုသည်။

ယင်းမက်ဆေ့ခ်ျကို နိုင်ငံပိုင် ရုပ်မြင်သံကြားက သြဘာပေးခဲ့သည်။ သြဂုတ် ၃၁ရက် တွင် ရုရှားရုပ်မြင်သံကြား အစီအစဉ်တင် ဆက်သူ အော်ဂါစကာဘီယေဗာက သူ၏

“နုံအ,လွန်းမှုနှင့် မရင့်ကျက်မှု” တို့ကိုသာ မြင်သောကြောင့်  မစ္စတာဂေါ်ဘာချော့ အပေါ် ရုရှားလူ့အဖွဲ့အစည်း၏ အမြင်သည် အနောက်နိုင်ငံများနှင့် လွန်စွာကွဲပြား ကြောင်း ပြောကြားခဲ့သည်။ ရုရှားအစိုးရပိုင် RTရုပ်မြင်သံကြား ကွန်ရက်၏ အကြီးအကဲ မာဂါရီတာ ဆိုင်မွန်ယန်က ဆိုဗီယက်ယူနီယံကို ပြန်လည်ထူထောင်ခြင်းအားဖြင့် ဂေါ် ဘာချော့၏ အမွေအနှစ်ကို လုံးလုံးလျား လျား သုတ်သင်ရှင်းလင်းပစ်ရန် တောင်းဆို ခဲ့သည်။

“ဂေါ်ဘာချော့ ကွယ်လွန်သွားပါပြီ။ ပြန့်ကျဲနေတဲ့ အရာတွေကို ပြန်စုဆောင်းဖို့ အချိန်တန်ပြီ” ဟု ၎င်းက သူ၏လူမှုမီဒီယာ စာမျက်နှာများတွင် ရေးသားခဲ့သည်။”

မစ္စတာဂေါ်ဘာချော့၏ မိသားစုထံ သြဂုတ် ၃၁ ရက်က တရားဝင် ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် မစ္စတာ ပူတင်က ဆိုဗီယက်ခေါင်းဆောင်သည်

“ကျွန်ုပ်တို့၏ နိုင်ငံကို ခက်ခဲသော၊ သိသာသော အပြောင်းအလဲနှင့် စဉ်ဆက်မပြတ်စိန် ခေါ်မှုများကို ဖြတ်သန်းလျက် ဦးဆောင်ခဲ့ရသည်”ဟု ဆိုထားကြောင်း အစိုးရအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် မက်ဆေ့ခ်ျအရ  သိရသည်။ “ပြုပြင်ပြောင်းလဲရေးတွေက မရှိမဖြစ် လိုအပ်ကြောင်း သူလေးနက်စွာ နားလည်သဘောပေါက်ခဲ့ပြီး အရှေ့ကို ရောက်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

ပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့က ပို၍ ပြင်းထန်သည့် စကားများကို ပြောကြားခဲ့သည်။

“ဂေါ်ဘာချော့က စစ်အေးတိုက်ပွဲ ပြီးဆုံးမယ်၊ အဲဒါက ဆိုဗီယက်ယူနီယံအသစ်နဲ့ ကမ္ဘာ  (အနောက်ကမ္ဘာ) တို့အကြား ထာဝရချစ်ကြည်ရေးကာလကို ဦးတည်သွားလိမ့်မယ်လို့ ရိုးရိုးသားသား ယုံကြည်လိုတာပါ”ဟု မစ္စတာပက်စ်ကော့က ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ “ဒီအချစ်ရေးဟာ တရားမျှတမှု မရှိပါဘူး။ ရင်ခုန်စရာ ကာလမရှိ၊ ဟန်းနီးမွန်းက အလုပ်မဖြစ်ဘဲ ကျွန်တော်တို့ပြိုင်ဘက်တွေရဲ့ သွေးဆာမှုတွေက အလိုလို ပေါ်လာပါတယ်။ ဒါကို ကျွန်တော်တို့ အချိန်မီ နားလည်သဘော ပေါက်သွားတာ ကောင်းပါတယ်။”ဟု ၎င်းက ဆိုသည်။

မစ္စတာဂေါ်ဘာချော့သည် ဘဝနှောင်းပိုင်းတွင် မစ္စတာပူတင်ကို သတိထားကာ ဝေဖန်ခဲ့သူ ဖြစ်သည်။

“ကျွန်တော် သူ့ကို နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ်နဲ့ လူတစ်ယောက် အနေနဲ့ လေးစားပါတယ်။ ဒါပေမဲ့ သူ့ရဲ့လက်ရှိမူဝါဒတွေကိုတော့ တိုးတက်ဖို့ အ တားအဆီးတစ်ခုလို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု မစ္စတာဂေါ်ဘာချော့ဗ်က ၂၀၁၆ ခုနှစ်က Time မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။

မစ္စတာပူတင်၏ နိုင်ငံရေးနှင့်ပတ်သက်၍ အများအပြားသည် မစ္စတာဂေါ်ဘာချော့က ပြုစုပျိုးထောင်ပေးခဲ့သော အရာများနှင့် လွဲချော်သွားခဲ့သည်။ ရုရှား၏ ပထဝီဝင်နိုင်ငံ ရေးဆိုင်ရာ ကြီးမြတ်မှုကို ပြန်လည်ရယူရန် ကြိုးပမ်းရင်း၊ ဗရုတ်ဗရက်ဖြစ်ခဲ့သော ဆိုဗီ ယက်ခေတ်လွန်ကာလတစ်ရပ်ကို ကျော်လွန်လျက် တည်ငြိမ်ရေးနှင့်ပတ်သက်၍ အပြုသဘောဆောင်သော အာမခံချက်တစ်ခုအဖြစ် သူ၏ ကြာရှည်လှသော အုပ် စိုးမှုကို အမွှမ်းတင်ရင်း မစ္စတာပူတင်သည် အမှီအခိုကင်းသော မီဒီယာများကို ကျိုးနွံ စေကာ နိုင်ငံရေးအတိုက်အခံများကို ပ,ထုတ်ခဲ့သည်ဟု ရုရှားနိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ကရင်မလင်ဝေဖန်ရေးသမား များက ပြောကြားခဲ့ကြသည်။

“(မစ္စတာဂေါ်ဘာချော့ဟာ) သူ့မဲဆန္ဒနယ်ရဲ့ ဆန္ဒကို လေးစားပြီး ငြိမ်းချမ်းစွာပဲ ဆန္ဒအလျောက် ရာထူးကနေ ဆင်း‌ပေးခဲ့တယ်။ ဒါတစ်ခုတည်းနဲ့တင် အရင်ယူ အက်စ်အက်စ်အာရဲ့ စံနှုန်းတွေအရ ကောင်းမွန်တဲ့ စွမ်းဆောင်မှုတစ်ခုပါပဲ” ဟု အကျဉ်းချခံခဲ့ရသော အတိုက်အခံခေါင်းဆောင် အလက်ဆေးနာဗာညီက ၎င်း၏ ရှေ့နေများမှတစ်ဆင့် ထုတ်ပြန်သည့် မက်ဆေ့ခ်ျတစ်ခုအတွင်း သြဂုတ်လ ၃၁ ရက်က တွစ်တာတွင် ရေးသားခဲ့သည်။

ယူကရိန်းကို ရုရှားက ကျူးကျော်ပြီး နောက်မကြာမီ မတ်လတွင် ရုရှားအာဏာ ပိုင်များက စစ်ပွဲကာလ ဆင်ဆာဥပဒေသစ်ကို ချိုးဖောက်သည်ဟု ဆိုကာ လစ်ဘရယ်ကျ သော Ekho Moskvy အသံလွှင့်ဌာနကို ပိတ်ပစ်ခဲ့သည်။ ယင်းအသံလွှင့်ဌာနကို မစ္စတာ ဂေါ်ဘာချော့ အာဏာရနေချိန်၌ မစ္စတာဗန်နီဒစ်တော့က စတင်ထူထောင်ခဲ့ခြင်း ဖြစ်သည်။ မစ္စတာ ဂေါ်ဘာချော့က ၎င်း၏ ၁၉၉၀ ငြိမ်းချမ်းရေးနိုဘယ်ဆုမှ ငွေကြေးများဖြင့် ထောက်ပံ့ကူညီခဲ့သည့် စုံစမ်းမေးမြန်းမှုဂျာနယ်လစ်ဇင် သတင်းစာ တစ်စောင်ဖြစ်သော Novaya Gazeta ကို လည်း ပိတ်ပစ်မည်ဟု ရုရှားအာဏာပိုင်များက ခြိမ်းခြောက်ခဲ့သည်။

“သူက ကျွန်တော်တို့ကို နှစ် ၃၀ ငြိမ်းချမ်းရေးကို လက်ဆောင်ပေးခဲ့ပါတယ်”ဟု ယင်းသတင်းစာ၏ အယ်ဒီတာ ဒီမီထရီ မူရက်က Novaya Gazeta ၏ ဝက်ဘ်ဆိုက်၌ သြဂုတ်လ ၃၁ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။ “လက် ဆောင်က ကုန်သွားပြီ။ လက်ဆောင်က နောက်ထပ် မရှိတော့ဘူး။ ပြီးတော့ လက် ဆောင်တွေလည်း ရှိလာတော့မှာ မဟုတ်ဘူး။”ဟု ၎င်းက ဆိုသည်။

မစ္စတာဂေါ်ဘာချော့သည် မစ္စတာပူတင်ကို အမြဲတမ်း သဘောမတူခဲ့ဘဲ ၂၀၁၄ ခုနှစ်တွင် ယူကရိန်းထံမှ ခရိုင်းမီးယားကို သိမ်းယူခြင်းကိုမူ ကြိုဆိုခဲ့သည်။ ယင်း သိမ်းယူမှုက ယခုနှစ် ကျူးကျော်မှုမတိုင်မီ ရှစ်နှစ်ကြာ အုံကြွခဲ့သော ပဋိပက္ခကို ဖြစ် ပေါ်စေခဲ့သည်။ မစ္စတာဂေါ်ဘာချော့သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင်လည်း  မြောက် အတ္တလန္တိတ်စာချုပ်အဖွဲ့ကို တိုးချဲ့ခြင်း မပြုရန် သတိပေးခဲ့သည်။ ယင်းအချက်ကို ပင် မစ္စတာပူတင်က ယူကရိန်းကို ကျူးကျော် ရခြင်းအကြောင်းရင်းအဖြစ် ရည်ညွှန်းဖော် ပြခဲ့ခြင်းဖြစ်သည်။

မစ္စတာဂေါ်ဘာချော့သည် မကွယ်လွန် မီစစ်ပွဲနှင့်ပတ်သက်၍ လူသိရှင်ကြား ထုတ် ဖော်ပြောဆိုခြင်းမပြုခဲ့သော်လည်း မစ္စတာ ဗန်နီဒစ်တော့၏ အဆိုအရ ဂေါ်ဘာချော့ သည် စစ်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း သိရသည်။ မစ္စတာဂေါ်ဘာချော့ သည် အများအားဖြင့် ယင်းအကြောင်းအရာကို ရှောင်ရှားရန် ဇွန်လတွင် ကြိုးစားခဲ့သော် လည်း  မစ္စတာ မစ္စတာဗန်နီဒစ်တော့က သြဂုတ်လ ၃၁ ရက်တွင် ပြန်လည်သတိရလာ ကာ ယခုကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ မစ္စ တာဗန်နီဒစ်တော့က သူ၏သူငယ်ချင်းသည် “ဒါကြီးကြောင့် ဘယ်သူ့ဘဝများ ပိုကောင်းလာမှာတဲ့လဲ။”ဟု ပြောခဲ့သည်ဟု ဆိုသည်။

Ref: The Wall Street Journal

Most Read

Most Recent